စစ်တွေ၊ မတ် ၁၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မတ်လ ၁ဝ ရက်နေ့ ည ၁၁ နာရီ ခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က နိရဉ္စရာသို့ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အတည်ပြုပြောသည်။
“ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ အိမ်သားတွေက ခရီးသွားနေကြလို့ အိမ်မှာ တစ်ယောက်မှ မရှိကြဘူး။ ဗုံးတော့ ဗုံးပါပဲ။ ဒါပေမယ့် မိုင်းကျွမ်းကျင်သူတွေရဲ့အဆိုအရ အသံမြည်တဲ့ဗုံးအမျိုးအစားဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။
![]() |
(ဓာတ်ပုံများ - အခင်းဖြစ်ပွားရာနေအိမ်နှင့် အခင်းဖြစ်ပွားရာသို့ စုံစမ်းစစ်ဆေးရန်ရောက်ရှိနေသည့် တာဝန်ရှိသူများကိုတွေ့ရစဉ်။ Photo by - San Myat Shwe) |
ယခုဖြစ်စဉ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့်ကာလတွင် ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးအနီးဖြစ်ပွားခဲ့ခြင်းဖြစ်သည့် အတွက်လည်း မြို့လူထုဆူပူမှုဖြစ်ပွားစေရန် တမင်ကြံရွယ် ဖန်တီးခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်နေကြသည်။
“အိပ်မယ်လုပ်တော့ အုန်း ဆိုပြီး ပေါက်သံကြားတော့ တော်တော် လန့်သွားတာပဲ။ တစ်ခါမှ ဒီလို အသံအကျယ်ကြီးမျိုး မကြားဖူးဘူး”ဟု အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ မြို့ခံ ကိုနေလင်းက နိရဉ္စရာကို ပြောသည်။
ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး ဖော်ထုတ် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြစေ လိုကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။
မာန်ယုကျော် (ရွှေဝမြေ)
Arakan State
