မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပြိုင်ပွဲမှာတော့ မြန်မာက သြစတြေးလျ၊ မလေးရှားအပါအ၀င် ဖိတ်ခေါ်အသင်းတသင်းနဲ့ အုပ်စု (ခ)မှာ ကျရောက်နေပါတယ်။
မတ် ၁၂ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယားအသင်းတွေထဲက တသင်းကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အုပ်စု(က)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့ပါဝင်ကစားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ဇူလိုင် ၂၆ ကနေ သြဂုတ် ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ပွဲစဉ် အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
အလားတူ ၂၀၁၆ ခုနှစ် အာဆီယံ ယူ ၁၆ လူငယ်ပြိုင်ပွဲ အုပ်စုပွဲမှာတော့ မြန်မာ ယူ ၁၆ အသင်းဟာ အုပ်စု (က)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်နေပါတယ်။
အုပ်စု (ခ)မှာတော့ ကမ္ဘောဒီးယား ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်းနဲ့ ယှဉ်ပြိုင်ဖို့ အတည်မပြုသေးတဲ့ အင်ဒိုနီးရှားတို့ အုပ်စုတခုတည်း ကျရောက်နေပါတယ်။
ယူ ၁၆ ပြိုင်ပွဲတွေကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၁၀ ကနေ ၂၃ ရက် အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။