ဦးထင်ကျော်ကို ၁၉၄၆ ဇူလိုင် ၂၀ ရက်က ကွန်းခြံကုန်းမြို့မှာ မွေးဖွားပြီး ဖခင်ကဗျာဆရာ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၁ နှစ်၊ ၁ လ၊ ၁ ရက်ငယ်ရွယ်သူဖြစ်ပြီး ငယ်စဉ်က ရန်ကုန်မြို့ မက်ဒရစ်ကျောင်း (ဒဂုံ ၁)မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပညာဆည်းပူးခဲ့သူဖြစ်ပါတယ်။
၁၉၆၂ ခုမှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ကာ စီးပွားရေးမဟာဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန် ကွန်ပျူတာဌာနရဲ့ ပထမဦးဆုံး နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
၁၉၉၂ မှာ အစိုးရဝန်ထမ်းအဖြစ်က နုတ်ထွက်ခဲ့ပြီး အန်အယ်လ်ဒီပါတီကို ဝင်ရောက်ခဲ့ပါတယ်။
ဦးထင်ကျော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလွင် (ကွယ်လွန်) ရဲ့ သမီးဖြစ်သူ အန်အယ်လ်ဒီ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းဖြစ်ပြီး သားသမီးမထွန်းကားပါဘူး။
ဦးထင်ကျော်ရဲ့ဖခင်ဖြစ်သူ မင်းသုဝဏ်ဟာလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ကမာရွတ်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီ အမတ်တဦး ဖြစ်ပါတယ်။
၂၀၀၉ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ဂျွန်ယက်တော ရေကူးဝင်တဲ့အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရစဉ် ယိုယွင်းပျက်စီးနေတဲ့ နေအိမ်ကို တာဝန်ယူစောင့်ရှောက် ပြင်ဆင်ပေးခဲ့သူဖြစ်ပါတယ်။
ဦးထင်ကျော်ဟာ ဖခင်ဆရာမင်းသုဝဏ်ရဲ့ ကလောင်အမည်ဖြစ်တဲ့ ဒလဘန်းအမည်နဲ့ စာပေတွေ ရေးသားပြီး ‘‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’’စာအုပ်မှာ ထင်ရှား သည့် လက်ရာဖြစ်ပါတယ်။
လက်ရှိ အသက် ၇၀ ခန့်ရှိ ဦးထင်ကျော်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပရဟိတ လူမူကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူ တဦးဖြစ်ပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတဦးဖြစ်သူ ဦးခွန်သာမြင့်က “အင်မတန်ရိုးသားတဲ့သူပေါ့၊ ဘယ်သူ့ အပေါ်မှာမှ ဘာမှ မကောင်းကြံစိတ် မရှိတဲ့သူပေါ့။ သူ့လို အရည်ချင်းမျိုးရှိတဲ့သူ ရှာရခက်မယ့် လူမျိုးပါပဲ။ အရမ်းထက်မြက်တဲ့ လူတော့မဟုတ်ဘူး ဒါပေမယ့် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကတော့ သာမန်လူထက် သိပ်ညံ့တဲ့လူတော့ မဟုတ်ပါဘူး။ အရေးအခင်းတုန်း ကတော့ ရှေ့တန်းထွက်ပြီး တက်ကြွသူတွေထဲမှာတော့ မပါခဲ့ပါဘူး”လို့ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်းတို့ကို အဆိုပြုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ အဆိုပြု တင်သွင်းခဲ့ပါတယ်။
DVB