Headlines News :
Home » » ထားဝယ်စီမံကိန်းမှ Max Myanmar နုတ်ထွက်လိုက်ပြီ

ထားဝယ်စီမံကိန်းမှ Max Myanmar နုတ်ထွက်လိုက်ပြီ

Written By လွင့်မောင်မောင် on Wednesday, June 13, 2012 | 7:09 PM



မဇ္ဈိမသတင်းဌာန ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် Max Myanmar ကုမ္ပဏီအနေဖြင့် ဆက်လက် ပါဝင်တော့မည် မဟုတ်ကြောင်း ရန်ကုန်ရှိ စီးပွါးရေး သတင်းရပ်ကွက် တခုက မဇ္ဈိမကို တနလာင်္နေ့တွင် ပြောကြားခဲ့ သည်။ ထားဝယ်စီမံကိန်းတွင် စက်မှုလုပ်ငန်းများလည်း ပါဝင်သည်။

Max Myanmar ကုမ္ပဏီအနေဖြင့် ၎င်း၏ အစုကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီနှင့် ရင်းနှီးသူတဦးက ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ လကမူ Max Myanmar က ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ DDC ၏ လေးပုံတပုံကို ရယူရန် သဘောတူထားပြီး
ဖြစ်ကြောင်း ဆိုခဲ့သည်။ Max Myanmar အား အစိုးရနှင့် ရင်းနှီးသော ဆက်ဆံမှုရှိသူ ဦးဇော်ဇော် က ပိုင်ဆိုင်သည်။
zawzaw
အစောပိုင်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD က DDC ၏ ၅၁ ရာခိုင်နှုန်းကို အနည်းဆုံး ရယူမည် ဖြစ်ပြီး အခြား ပူးပေါင်း ပါဝင်လိုသူများအားလည်း ကြိုဆိုကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖေဖော်ဝါရီက ရေးသားခဲ့သည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အလွန်အရေးကြီးသည့် အလှည့်အပြောင်း အခြေအနေသို့ ရောက်ရှိနေပြီဟု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းက Bangkok Post သတင်းစာသို့ မကြာသေးခင် က ပြောကြားခဲ့သေးသည်။

“တကယ်လို့ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Italian-Thai ကုမ္ပဏီ အနေနဲ့ အဲဒါကို လုပ်နိုင်စွမ်းရှိရင် သူတို့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဇန်နဝါရီလ အစောပိုင်းတွင် ဒေသတွင်းရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ အစီအစဉ် ပျက်ပြယ် သွားကတည်းက ထားဝယ်စီမံကိန်း လုပ်ငန်းစဉ်များ တုံ့ဆိုင်းနှေးကွေး ခဲ့ရသည်။

ဒေါ်လာသန်းပေါင်း ၈,၅ဝဝ တန်ဖိုးရှိသည့် ထားဝယ်စီမံကိန်းအား ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်း
ဖြစ်သည့် ITD ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ဧရိယာ ၂၅ဝ စတုရန်း ကီလိုမီတာ (၉၇ စတုရန်းမိုင်) အား အရှေ့တောင်အာရှ၏ အကြီးဆုံး စက်မှုရပ်ဝန်းအဖြစ် ထူထောင်ရန် ဖြစ်ကာ ရေနက်ဆိပ်ကမ်း တခုလည်း ပါဝင်မည် ဖြစ်ပြီး အရှေ့တောင်အာရှ၏ အဓိက ဆိပ်ကမ်းတခု ဖြစ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ယခုအခါတွင်စီမံကိန်း လုပ်ငန်းစဉ်များ နှေးကွေးနေပြီး လုပ်ဆောင်မှု အနည်းငယ်မျှသာ ရှိသည်ဟု အစီရင်ခံစာ များက ဆိုသည်။

ဒေသတွင်းတွင် အဆောက်အဦး အနည်းငယ်သာ ဆက်လက် ဆောက်လုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ထားဝယ်စီမံကိန်းတွင် စူပါ အဝေးပြေးလမ်းမများ၊ သံမဏိစက်ရုံများ၊ ဓာတ်အားပေး စက်ရုံများ၊ သဘောင်္ကျင်းများ၊
ရေနံသန့်စင် စက်ရုံများ၊ ပျော့ဖတ်နှင့် စက္ကူစက်ရုံများ၊ ရေနံဓာတုပစ္စည်း စက်ရုံများ ပါဝင်သည်။

ထားဝယ် အထူး စီးပွါးရေးဇုန်အား ယခင် မြန်မာ စစ်အစိုးရနှင့် စာချုပ်ချုပ်ဆို ခဲ့ခြင်းဖြစ်ပြီး အီတာလျံ-ထိုင်း အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ၁ဝဝ ကီလိုမီတာ (၆၂ မိုင်) ရှည်လျားသည့် မြေလမ်းတခု တည်ဆောက်ပြီးနောက် စီမံကိန်း ၏ ပထမ အဆင့်ဖြစ်သော လမ်းများ၊ တယ်လီကွန်း ကွန်ယက်များနှင့် ဆိပ်ကမ်းတည်ဆောက်ရန် အတွက် ဒေါ်လာ ၈.၅ ဘီလီယံ သုံးစွဲရမည်ဖြစ်သည်။ ITD မှ အရာရှိများက နှစ်အကုန်တွင် အကျိုးတူပူးပေါင်း လုပ်ဆောင်မည့်သူ ရှာဖွေနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့ကြသည်။

ဖေဖော်ဝါရီလက မြန်မာ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး က ရိုက်တာ သတင်းဌာနသို့ ပြောကြားရာတွင် ထားဝယ်စီမံကိန်း မပြီးခင်တွင် အခြား အထူးစီးပွါးရေးဇုန် အနည်းဆုံး နှစ်ခုကို ပိုမိုလျင်မြန်စွာ ဆောက်လုပ်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ရန်ကုန်မြို့ အနီးတွင် ဆောင်ရွက်မည့် သီလဝါ စီမံကိန်းနှင့် ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ စီမံကိန်း တို့ကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ နေရာဖြစ် သည့် ကျောက်ဖြူစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတခု ပါဝင်ကာ ပြီးစီးလု ဖြစ်နေကြောင်း သိရသည်။

“ထားဝယ်ဇုန်ထက် ပိုမြန်မှာပါ။ အခု ကျနော်တို့ ကျောက်ဖြူ ဧရိယာကို လျှပ်စစ်ဓာတ် ပေးဖို့ စဉ်းစားနေပါတယ်” ဟု ဦးသန်းဌေးက ဆိုခဲ့သည်။

ITD ကုမ္ပဏီမှ ချုပ်ကိုင်ထားသည့် ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ DDC၏ မန်းနေဂျင်း ဒါရိုက်တာ Somchet Thinaphong က ရိုက်တာ သတင်းဌာနသို့ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့ရာတွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းတွင် အကျိုးတူဖြစ်သည့် Ratchaburi Electricity Generating Holding Pcl RATC.BK အနေဖြင့် သုံးလအတွင်း လောင်စာ စွမ်းအင် တမျိုးကို အသုံးပြုရန် ဆုံးဖြတ်မည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ ထွက်ရှိရာ နေရာများမှ ၅ဝ ကီလိုမီတာ (၃၁  မိုင်) ပိုက်လိုင်းဖြင့် သွယ်တန်းယူဆောင်ကာ အသုံးပြုနိုင်ခြေ ရှိသည်ဟုလည်း သိရသည်။

ဦးသန်းဌေးက ထားဝယ်စီမံကိန်း၏ အနာဂတ်ကို သူ၏ ဝန်ကြီးဌာနက ဆုံးဖြတ်လိမ့်မည် မဟုတ်ဘဲ အခြားဝန်ကြီးဌာန များက ဆုံးဖြတ်လိမ့်မည်ဟု ဆိုထားသည်။ သို့သော် အစိုးရအနေဖြင့် မည်ကဲသို့ ပြုလုပ်နိုင်ဖွယ် ရှိကြောင်းကိုလည်း ကိုယ်ပိုင် ထင်မြင်ချက် ပေးခဲ့သည်။ “အရင် အစိုးရ လက်ထက်က စာချုပ်အတိုင်းဆိုရင် ထုတ်ရောင်းလိမ့်မယ် ထင်ပါ တယ်” ဟု ဆိုခဲ့သည်။

ITD ကုမ္ပဏီကမူ စီမံကိန်းအား ရှေ့ဆက်လုပ်ကိုင်မည်ဟု အခိုင်အမာ ဆိုထားသည်။

စင်္ကာပူ စတော့ ကုမ္ပဏီ DBS Vickers Securities သည် မကြာသေးခင်က ထားဝယ် စီမံကိန်းနှင့် ပတ်သတ်၍ ဖြစ်လာ
နိုင် သည့် အခက်အခဲ တချို့ကို မီးမောင်းထိုးပြခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဆိုခဲ့သည်။

“မြန်မာနိုင်ငံကို စီးပွါးရေး အခွင့်အလမ်းတွေ အများကြီး ယူဆောင်လာနိုင်တယ် ဆိုပေမယ့် စီမံကိန်းဟာ ကနဦး အဆင့်မှာတင် ရှိနေသေးပြီး အခက်အခဲပေါင်းစုံကိုလည်း တွေ့နိုင်ပါတယ်” ဟု DBS Vickers Securities က ဆိုသည်။

“၄,ဝဝဝ မီဂါဝပ် ထုတ်ပေးနိုင်မယ့် ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ရပ်ဆိုင်းဖို့ ရုတ်တရက် တောင်းဆိုခံရတာဟာ အီတာလျံ-ထိုင်း အဖို့ စီမံကိန်းအတွက် ဘဏ္ဍာရေး လိုအပ်မှုတွေကို ဖြည့်ဆည်း
ပေးနိုင်မယ့် ဗျူဟာမြောက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုသူတွေ ရှာဖွေရေးအတွက် ခက်ခဲသွားစေခဲ့ပါတယ်” ဟု ဆိုထားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template