စက်တင်ဘာ ၂၁ ၂၀၁၂ သောကြာနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့
အစိုးရဘက်ကတောင်ဘာမှမပြောရသေးခင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တချို့က
သူတို့ရဲ့စိုးရိမ်ပူပန်မှုကိုထုတ်ဖော်ပြောဆိုလာတာတွေတွေ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးအနည်းငယ်ရှင်းလင်းတင်ပြလိုပါတယ်။ဝေဖန်မှုတွေထဲကတချက်ဖြစ်တဲ့
အုပ်ချုပ်သူတွေသွေးလန့်မှာ စိုးရိမ်တယ်ဆိုတာနဲ့
တချို့ပြောကြတဲ့နောက်ကြောင်းပြန်လှည့်သွားမှာကိုစိုးရိမ်တယ်
ဆိုတာကိုအရင်ဆုံးရှင်းပါမယ်။
နောက်ကြောင်းပြန်လှည့်မှာကို ဘယ်သူမှမလိုလားပါဘူး။
ကျနော်တို့လည်းမလိုလားပါဘူး။ ဒါပေမယ့် ခုလှုပ်ရှားမှုမျိုးဟာ
ဒီမိုကရေစီနိုင်ငံတခုမှာဘာမှပြောပလောက်တဲ့ကိစ္စမဟုတ်ပါ။ ပြည်သူတွေနဲ့
ပြည်သူ့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးနေ့အတွက်
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ
တိုင်းပြည်မှာလည်း ကချင်စစ်ပွဲက အရှိန်ပိုမြင့်လာပြီး၊ ဒုက္ခသည်အရေအတွက်ဟာ
သိန်းဂဏန်းကျော်လာပါတယ်။ နှစ်ဖက်တပ်တွေက အကျအဆုံးတွေများလာတဲ့အပြင်
အပြစ်မဲ့ပြည်သူတွေပါ စတေးခံရတဲ့အထိဖြစ်လာပါတယ်။ ဒါကိုပြည်သူတွေက
မလိုလားလို့ခုလိုလှုပ်ရှားကြတာဖြစ်ပါတယ်။
ဘာများအမှားအယွင်းရှိခဲ့ပါသလဲနားမလည်နိုင်ဖြစ်မိပါတယ်။
ဘယ်သူရာထူးကဆင်းပေးဖို့၊
အစိုးရကိုဖြုတ်ချဖို့၊စတဲ့စကားမျိုးပြောမိခဲ့လားလို့လည်းစဉ်းစားမိပါတယ်။
ငြိမ်းချမ်းရေးသီချင်းတွေဆိုပြီး၊ တပြည်လုံးငြိမ်းချမ်းဖို့ ဆုတောင်းကြတာ
တစုံတယောက်ကိုများခြိမ်းခြောက်စော်ကားမိတာမျိုးဖြစ်သွားခဲ့ရင်တောင်းပန်ပါတယ်။
ဒီမိုကရေစီကူးပြောင်းမယ့်နိုင်ငံတခုမှာ
ပြည်သူရဲ့ပါဝင်မှုထက်အရေးကြီးတာမရှိပါဘူး
လို့ယုံကြည်ပါတယ်။ ပြည်သူက
နိုင်ငံ့အရေးကို စိတ်မ၀င်စားရင်တောင် တက်ကြွလာအောင် တာဝန်ယူမှုရှိလာအောင်
ပြည်သူကိုနှိုးဆော်မြှင့်တင်ပေးရမှာ ကျနော်တို့ တက်ကြွလှုပ်ရှားသူတွေရဲ့
တာဝန်မဟုတ်ဘူးလားခင်ဗျာ။
ခုဖြစ်စဉ်ဟာလည်းတဖက်ကငြိမ်းချမ်းရေးကိုတောင်းဆိုတာဖြစ်သလို၊အခြားတဖက်ကလည်း
ပြည်သူတွေဒီမိုကရေစီအကူးပြောင်းမှာ တက်တက်ကြွကြွပါဝင်တတ်လာဖို့၊
အဲ့လိုပါဝင်မှုမှာ ငြိမ်းငြိမ်းချမ်းချမ်းစည်းကမ်းရှိရှိပါဝင်တတ်ကြဖို့
လေ့ကျင့်မှုတခုလည်းဖြစ်တယ်လို့
ရိုးသားစွာယုံကြည်ပါတယ်။
နောက်တချက်က လက်ရှိဒီမိုကရေစီကူးပြောင်းမှုဟာစစ်မှန်တယ်ဆိုရင်
ပြည်သူတွေငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တာကို တားဆီးဖို့လိုမလို
စဉ်းစားစေချင်ပါတယ်။ နောက်ကြောင်းပြန်လှည့်မှာကို
စိုးရိမ်ကြသူတွေကိုမေးချင်တာက ကျနော်တို့ပြည်သူတွေရဲ့ဘ၀တွေက
ဒီအကူးအပြောင်းဖြစ်စဉ်ထဲမှာ
ဘာတွေများရှေ့ကိုတိုးတက်လာခဲ့တာမြင်မိသလဲဆိုတာပါပဲ။ အလုပ်သမား၊
လယ်သမားတွေရဲ့ လူမှုဘ၀အခြေအနေတွေ၊ အခြေခံလူတန်းစားတွေရဲ့ဘ၀တွေ၊
ထမင်းနပ်မမှန်သူတွေရဲ့ဘ၀တွေ ဒီနှစ်ပိုင်းတွေမှာ ဘာများထူးခြားလာခဲ့ပါလဲ။
ဘတ်စ်ကားတွေလည်း စုတ်ပြတ်ကျပ်သိပ်ဆဲ၊လုပ်အားခ၀င်ငွေကလည်း ကုန်ဈေးနှုန်းကို
မ၀ံ့မရဲမျှော်ကြည့်ရဆဲ၊ လှိုင်သာယာက ၉ပေ
၇ပေအဆောင်ခန်းလေးတွေထဲကမိသားစု၆ယောက်နေရတဲ့ဘ၀တွေလည်း အမောဖောက်နေဆဲ၊
ကိုယ့်ခြေထောက်အောက်က
မြေကြီးကိုတောင်ကိုယ်ရဲရဲမနင်းရဲတဲ့လယ်သမားကြီးတွေဘ၀ကလည်း
မြေယာဥပဒေသစ်ဆိုတာကြီးကို အပေါင်ဆိုင်ပို့ရင်း ကြွေးသစ်တွေ အထပ်ထပ်တင်နေဆဲ၊
အလုပ်လက်မဲ့ လူငယ်တွေနဲ့ကျောင်းသားတွေမှာလည်း ဘာမှန်းမသိတဲ့ အနာဂတ်ကို
အဟုတ်မှတ်ပြီး အိပ်မက်မက်နေရဆဲ။ ဆိုတော့ နောက်ကြောင်းပြန်မှာစိုးတယ်ဆိုတာ
ဘယ်သူတွေအတွက်လဲလို့ မေးရမလိုဖြစ်လာပါတယ်။
ကျနော်မြင်မိတာတော့
ရှေ့ကိုရောက်လာတယ်ပြောဖို့က နိုင်ငံရေးသမားတွေရဲ့ (tone) အသံနေအသံထား
မာနေတာတွေ ပျော့ပျောင်းသွားစေဖို့
ဆက်သွယ်ရေးလမ်းကြောင်းတချို့ဖွင့်ပေးလိုက်တာပဲတွေ့ရပါတယ်။ စိုးရိမ်တယ်ဆိုတာ
အဲ့ဒီ လမ်းကြောင်းလေးတွေပိတ်သွားမှာကို
စိုးရိမ်တာများလားလို့တွေးမိပါတယ်။ပြည်သူတွေအတွက်ကတော့ ဘယ်တုန်းကမှ
ရှေ့ကိုမရောက်သေးတဲ့အတွက် နောက်ကြောင်း
ပြန်လှည့်စရာလည်းမမြင်မိသလို
ခံစားရပါတယ်။
နောက်တချက်ကတော့ ပြည်သူတွေနဲ့ ပြည်သူ့ခေါင်းဆောင်များကြားက
ယုံကြည်မှုနဲ့လေးစားမှုအကြောင်းပါ။ကျနော်နားလည်တာတော့
ပြည်သူ့ခေါင်းဆောင်တွေဆိုတာ
ပြည်သူတွေရဲ့ တကယ့်ရင်ထဲကလာတဲ့အသံကို
စုစည်းပြီး မတရားမှုတွေကို တရားအတိုင်းဖြစ်လာဖို့
ကိုယ်စားပြုလှုပ်ရှားကြတဲ့သူတွေပါ။ ကိုယ်လိုချင်တာရှိတဲ့အခါ (ကိုယ်က
အစိုးရ/ုအုပ်ချုပ်သူတွေနဲ့ အဆင်မပြေတဲ့အခါ) ပြည်သူကိုဆွဲထုတ်ပြပြီး၊
ကိုယ်မလိုတဲ့အခါ (ကိုယ်နဲ့ အစိုးရ/ုအုပ်ချုပ်သူတွေနဲ့
ဆက်ဆံရေးပြေလည်နေတဲ့အခါ) ပြည်သူကို မဆူပူပါနဲ့၊ အသံမထွက်ပါနဲ့ဆိုပြီး
ခေါက်ထားတတ်တဲ့သဘောမျိုးတွေဖြစ်လာမှာတော့ တန်ပြန်စိုးရိမ်မိပါတယ်။
ပြည်သူဆိုတာ သိပ်ရှိးရှင်းပါတယ်။ နိုင်ငံရေးပရိယာယ်တွေလည်း မသိ/မရှိသလို
သိဖို့လည်းမလိုပါဘူး။ ကိုယ်ခံစားရတဲ့အတိုင်း ထုတ်ဖော်ပြောတတ်ဖို့ပဲလိုတာပါ။
ဒါကို လေးလေးစားစားနားထောင်ပြီး ဖြည့်ဆည်း ပေးရမှာက အစိုးရနဲ့
ပြည်သူ့ခေါင်းဆောင်တွေရဲ့ ပုခုံးပေါ်က ပြည်သူပေးထားတဲ့ပြည်သူ့တာဝန်ပါ။
ဒါလေးကိုတော့ ပြည်သူ့ခေါင်းဆောင်တွေ သတိတရရှိနေမယ်လို့မျှော်လင့်ပါတယ်။
ပြည်သူ့ဒီမိုကရေစီခေါင်းဆောင်တွေဆိုတာဟာ ပြည်သူ့အာဏာရှင်တွေမဟုတ်ပါဘူး။
ဒါကြောင့်မို့ ပြည်သူကိုဘာလုပ်ပါ၊ဘာပြောပါ၊
ဘာမပြောပါနဲ့ဘာမလုပ်ပါနဲ့လို့အမိန့်ပေးရမှာမဟုတ်ပဲပြည်သူကဖြစ်စေချင်တာကိုတာဝန်ယူ
ပုံဖော်ပေးဖို့သာတာဝန်ရှိမယ်လို့ထင်မိပါတယ်။
နောက်ဆုံး ကိုယ်က တာဝန်မယူချင်ရင်(သို့)မယူနိုင်ရင်တောင်မှ ပြည်သူကသူ့ဟာသူ
ပုံဖော်တာကို ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ပေးမလဲဆိုတာ သုံးသပ်ရမယ်လို့ပဲ
ထင်မိပါတယ်။
နောက်ပြီးခွင်ပြုချက်မရပဲ ဆန္ဒပြခဲ့တဲ့ကိစ္စကိုလည်းနည်းနည်းပြောချင်ပါတယ်။
ဥပဒေချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ်တချို့ကအစ နိုင်ငံရေးသမားများကပါ
ထောက်ပြဝေဖန်ကြပါတယ်။ မှန်ပါတယ် ကျနော်တို့က လက်ရှိစီတန်းခွင့်ဥပဒေကို
ချိုးဖောက်မိပါတယ်။ ကျနော်တို့ ခွင့်ပြုချက်တောင်းခဲ့တယ်။ မခိုင်လုံတဲ့
အကြောင်းပြချက်နဲ့ပယ်ချခံရတယ်။ နောက်ဆုံးခွင့်ပြုချက်မရပဲလုပ်ခဲ့မိတယ်။
ဒီအတွက်အရေးယူမယ်ဆိုလည်း ခံဖို့အဆင်သင့်ရှိပါတယ်။ ဒါပေမယ့်
တခုစဉ်းစားဖို့လိုတာက အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၄ (ခ)မှာ
လက်နက်မပါပဲစုဝေးခွင့် စီတန်း လှည့်လည်ခွင့်
ကိုလွတ်လပ်စွာကျင့်သုံးနိုင်ကြောင်းပြဌာန်းထားပါလျက်နဲ့
ဒီစီတန်းလှည့်လည်ခွင့်ဥပဒေကဘာလို့ ထပ်ပြီးထုတ်ပြန်ရတာပါလဲ။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပေးပြီးတဲ့နောက်မှာ စာပေစိစစ်ရေးတင်နေရတာ
နည်းမကျလို့ စိစစ်ရေးကိုဖျက်သိမ်းခဲ့ရပြီမဟုတ်ဘူးလားခင်ဗျာ။ မီဒီယာလောကမှာ
ထုတ်တင်ကနေ တင်ထုတ်ဖြစ်ခဲ့တာအားလုံးသိပါတယ်။
စီတန်းလှည့်လည်ခွင့်မှာလည်း ဒီအတိုင်းပဲဖြစ်သင့်တယ်လို့ ပြောလိုပါတယ်။
စီတန်းလှည့်လည်သူတွေဟာ အကြမ်းဖက်ခဲ့ရင် ရာဇ၀တ်မှုနဲ့ အရေးယူလို့ရပါတယ်။
လူမျိုးရေးဘာသာရေးထိခိုက်စေရင်လည်း ဆူပူလှုံ့ဆော်မှုနဲ့ အရေးယူနိုင်ပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ရင်လည်း ဆိုင်ရာဥပဒေတွေရှိပါတယ်။
ဒါနဲ့များဘာလို့ စီတန်းခွင့်အတွက်ဥပဒေသပ်သပ် ထုတ်ပြန်ထားရသလဲ
ပြည်သူတွေစဉ်းစားစေချင်ပါတယ်။ စီတန်းလှည့်လည်မှုမလုပ်ခင်မှာ သက်ဆိုင်ရာ
အာဏာပိုင်တွေကို လေးလေးစားစား အသိပေးအကြောင်းကြားရင်
လုံလောက်ပြီလို့ထင်ပါတယ်။
အာဏာပိုင်တွေဘက်ကလည်း ဆန္ဒထုတ်ဖော်သူတွေနဲ့ ဒေသခံပြည်သူတွေကို
စောင့်ရှောက်ဖို့ ကြိုတင်သတင်းရရှိထားဖို့ပဲလိုအပ်ပါတယ်။တားဆီးပိတ်ပင်ဖို့
သူတို့မှာ အခွင့်ရေးမရှိပါဘူး။အဲ့လိုမလိုအပ်တဲ့ဥပဒေမျိုး၊
ခွင့်ပြုသင့်လျက်နဲ့ခွင့်မပြုလို့ရအောင်လုပ်ထားတဲ့ဥပဒေမျိုးနဲ့အဲ့ဒီဥပဒေကိုကျင့်သုံးနေသူတွေကသာ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ဆန့်ကျင်နေတာဖြစ်ပါတယ်။
အဲ့ဒီအတွက် ဘယ်သူ့ကိုအရေးယူရမလဲသိချင်မိပါတယ်။ဆိုတော့ ကျနော်တို့က
တည်ဆဲဥပဒေကို ချိုးဖောက်တာလား၊တည်ဆဲဥပဒေက
ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်နေသလားဆိုတာ
ဝိုင်းဝန်းသုံးသပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။
နောက်ဆုံးအနေနဲ့တင်ပြချင်တာကတော့
ပြီးခဲ့တဲ့လှုပ်ရှားမှုဟာတဦးတယောက်ရဲ့ဆန္ဒ၊
သို့မဟုတ်လှုံ့ဆော်မှုနဲ့
ဖြစ်ပေါ်လာခဲ့တာမဟုတ်ဘဲ အရှိန်ပြန်မြင့်လာတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့
ဝမ်းနည်းစိုးရိမ်ပူပန်လာတဲ့ပြည်သူတွေက ပြည်သူ့လူ့အဖွဲ့အစည်း
၂၀ကျော်နဲ့အတူသူတို့ရဲ့ရင်ဘတ်ကိုစွန့်စွန့်စားစားဖွင့်လှစ်ပြတာပဲဖြစ်ပါတယ်။
ပြည်သူတွေရဲ့နှလုံးခုန်သံကိုနားထောင်ကြည့်စေချင်ပါတယ်။
ပြည်သူတွေရဲ့ရင်ဘတ်ကို
ဆောင့်မတွန်းစေချင်ပါဘူး။ဒီလိုဆန္ဒဖော်ထုတ်မှုမျိုးဟာလက်ရှိအစိုးရအပါအ၀င်
နိုင်ငံရေးခေါင်းဆောင်များရဲ့တိုင်းပြည်အရေးကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းမှုတွေအပေါ်
ပြည်သူတွေကဘယ်လိုနားလည်ခံစားရတယ်ဆိုတာ ရောင်ပြန်ဟပ်ပြခြင်းသာဖြစ်ပါတယ်။
ပြည်သူကိုကျေးဇူးတောင်တင်သင့်တယ်လို့မြင်မိပါတယ်။
အခုလိုရှင်းလင်းတင်ပြခြင်းဟာလည်း
မည်သူတဦးတယောက်တစုတဖွဲ့ကိုမှအပြစ်ဆိုတုန့်ပြန်တာမဟုတ်ဘဲ၊
ပြည်သူတွေနဲ့ပြည်သူ
့ခေါင်းဆောင်တွေရဲ့ကြားစည်းလုံးညီညွတ်မှုကိုထိခိုက်စေမယ့်
အထင်မှားမှုတွေ၊ စိုးရွံ့မှုတွေ၊သံသယတွေကို လျှော့ချလိုရင်းသာဖြစ်ပါတယ်။
ပြောမှားဆိုမှားရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးစေချင်သလို ဝေဖန်ထောက်ပြမှု
အားလုံးကိုလည်း ဆက်လက်ကြိုဆိုနေမှာဖြစ်ပါတယ်။
မိုဃ်းသွေး