
ကင်းဘရစ်ခ်ျ(မက်ဆာချူးဆက်)၊ စက်တင်ဘာ - ၂၇
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သို့ ရောက်ရှိနေစဉ်အတွင်း ဟားဗတ်တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံရာ၌ ၄င်းသည် "ပြယုဂ်"(Icon)တစ်ခုမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
ကင်းဘရစ်ခ်ျရှိ ဟားဗတ် Kennedy School of Government ကျောင်း၌ စိတ်ပါဝင်စားစွာ လာရောက်နားထောင်နေကြသော ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မဟာ Icon တစ်ခုအဖြစ် ညွှန်းဆိုခံရတာကို မနှစ်သက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်မအမြင်အရ ကြည့်ရရင် Icon `ပြယုဂ်´တွေဆိုတာ ထိုင်နေရုံပဲဖြစ်နေလို့ပါ။ ကျွန်မကတော့ ကျွန်မကို လုပ်သားတစ်ဦး (worker) လို့ပဲထင်စေချင်ပါတယ်။ ကျွန်မက အလုပ်ကြိုးစားလုပ်ရတာကို အများကြီးယုံကြည်မှုရှိပါတယ်။ နေအိမ်အကျယ်ချုပ်ကျတုန်းကတောင်မှ ကျွန်မဟာ စည်းကမ်းရှိတဲ့ဘ၀နဲ့ နေထိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားအလုပ်လုပ်ခဲ့ပါတယ်။ ဒါဟာ အလုပ်ကြိုးစားတာပါ။ ကျေးဇူးပြုပြီး ကျွန်မကို အလုပ်ကြိုးစားသူအဖြစ်သာ မြင်ပေးကြပါ"ဟုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ၁၇ ရက်တာ အမေရိကန်ခရီးစဉ်အတွင်း ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံယူခြင်း၊ သမ္မတအိုဘားမားနှင့် တွေ့ဆုံခြင်းအပါအ၀င် ကောလိပ်ကျောင်းများစွာသို့လည်း လာရောက်ဟောပြောပို့ချရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားများအား "ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမြဲပဲ နိုင်ငံရေးသမားအဖြစ်မြင်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နှစ်လုံး ကျွန်မ ဘာလုပ်နေတယ်လို့ ရှင်တို့ထင်ကြပါသလဲ"ဟု မြန်မာ့လွှတ်တော်အတွင်း ကိုယ်စားလှယ်တစ်ဦးဖြစ်နေသော သူမကို ယခုအခါ နိုင်ငံရေးပညာ လေ့လာသင့်သည်ဟု ပြောဆိုနေမှုများအား
ပြန်လည်တုံ့ပြန်သည့်အနေဖြင့်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုတွင် မြန်မာနိုင်ငံသည် လွတ်လပ်သောလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် ခရီးရှည်လျှောက်လှမ်းရဦးမည်ဟု ထည့်သွင်းပြောကြားသည်။ သူမက "လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ စစ်မှန်တဲ့ တာဝန်သိနိုင်ငံသားတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာနေတဲ့ လွတ်လပ်တဲ့ နိုင်ငံသားတစ်ဦး ဖြစ်နေသလိုမျိုး ပြုမူနေထိုင်ကြဖို့ပါပဲ"ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
- Reuters
7Day News Journal