
Thursday, 27 September 2012 18:09
စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ဧရာဝတီမြစ်ရေ အချိန်အခါမဲ့ ပြန်လည်မြင့်တက်လာခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းမှ မြစ်ရိုးတစ်လျှောက်ရှိ ရေ၀င်ရောက်လေ့ရှိရာ ကျေးရွာများ၌ ရေ၀င်နစ်မြုပ်ကာ စိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးခြင်း၊ မြစ်ကမ်းဘေး၌ အခြေချလုပ်ကိုင်လေ့ရှိသော အုတ်ဖိုအုတ်စက်များ ပြောင်းရွေ့ ရပ်နားရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာချိန်တွင် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်း၊ သပြေသာ၊ ကြံခင်း၊ ဆင်ကျွန်းစသည့် ကျေးရွာများ အပါအ၀င် နှစ်စဉ်ရေ၀င်လေ့ရှိရာ မင်းကွန်းဘက်ကမ်း ကျေးရွာအချို့ နှင့် ပုသိမ်ကြီးမြို့နယ်မှ မတ္တရာမြို့နယ် အဆုံးမှ ကျေးရွာများအထိ ရေ၀င်နစ်မြုပ်ကာ မြစ်ရေကျချိန်တွင် စိုက်ပျိုးလေ့ရှိသည့် ပဲစင်းငုံ၊ မြေပဲနှင့် ပဲမျိုးစုံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
"မြစ်ရေကပုံမှန်ဆိုရင် ၀ါဆိုလနဲ့ဝါခေါင်လမှာ တစ်လလုံးတိုးပြီး ၀ါခေါင်လကနေ တော်သလင်းလမှာ ပြန်ကျသွားလေ့ရှိတတ်တယ်။ မြစ်ရေ ပြန်မတက်နိုင်တော့ဘူး အထင်နဲ့ ကျွန်းရွာတွေ အတော်များများက စိုက်ခင်းတွေ စိုက်ထားပြီးကြပြီ။ အခုလို ရာသီတိုးရေမဟုတ်ပဲ အခါမဲ့ ရေပြန်တက်လာတော့ စိုက်ခင်းတွေ အကုန်ရေမြုပ်ပြီး ပျက်စီးကုန်တယ်။ ရာသီချိန်မဟုတ်ဘဲ ရေပြန်တက်လာလို့ စိုက်ခင်းတွေ ပျက်စီးတာ ဒီနှစ်နဲ့ဆိုရင် နှစ်နှစ်ရှိပြီ။ တစ်နှစ်ကဆိုရင် မြေပဲပင်တွေ စိုက်ထားတာ အသီးကျကာနီးမှ အခုလို ရေပြန်တက်လာလို့ ပျက်စီးဆုံးရှုံး သွားတာမျိုးလည်း ရှိတယ်"ဟု ဆင်ကျွန်းကျေးရွာမှ ကိုဌေးဝင်းအောင်က ပြောကြားပါသည်။
"ရေပြန်တက်လာတာ ငါးရက်လောက်ပဲ ရှိသေးတယ်။ ဒီတစ်ကြိမ် တက်ရေအောင်ရင်တော့ နောက်တစ်ကြိမ် ပြန်တက်ဖို့ မရှိလောက်တော့ပါဘူး။ အခုလို ရေပြန်တက်ချိန်ဆိုရင် မြစ်ကြောင်းနဲ့ နီးတဲ့ရွာတွေမှာက ကမ်းပါးတွေပြိုတဲ့အတွက် နေရေးထိုင်ရေး တော်တော်အခက်အခဲ ဖြစ်ကြလို့ လူရောနွားရော ရွှေ့ပြောင်းနေကြရတယ်" ဟု နန်းတော်ကျွန်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ မုတ်သုံဆုတ်ခွာချိန် ရာသီ၌ အခါမဲ့မိုးကြောင့် မြစ်ရေတက်လာရခြင်းနှင့် ပတ်သက်၍ မိုး/ဇလဌာနမှ အရာထမ်းတစ်ဦးကလည်း "ပုံမှန်ဆိုရင် မုတ်သုံက အောက်တိုဘာ ပထမအပတ်ထဲမှာ ဆုတ်ခွာလေ့ရှိပေမယ့် ဒီနှစ်မှာ စက်တင်ဘာ နောက်ဆုံးအပတ်ထဲက ထွက်ခွာတာကြောင့် မုတ်သုံဆုတ်ချိန် စောတယ်လို့ပြောရမယ်။ မန္တလေးတိုင်းမှာ ပုံမှန်ရာသီဥတု အတိုင်းပဲရှိပေမယ့် အထက်ဘက် ကသာမှာ စိုးရိမ်ရေ အမှတ်နီးတဲ့အထိ ရေကောင်းခဲ့တာကြောင့် အထက်ရေလိုက်လာပြီး အောက်ပိုင်းမြစ်ရိုးတစ်လျှောက် ရေတိုးကုန်တာပေါ့။ မုတ်သုံရာသီ ကုန်သွားပြီး နောက်မိုး ဆက်မရွာနိုင်တော့ဘူးဆိုရင် ရက်ပိုင်းအတွင်း ရေပြန်ကျသွားနိုင်ပါတယ်"ဟု သုံးသပ်ပါသည်။ စက်တင်ဘာလ ၂၆ရက်နေ့ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့၌ ၁၀၂၂စင်တီမီတာရှိခဲ့ရာ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာသို့ နီးကပ်ခဲ့သော်လည်း ၂၇ရက်နေ့တွင် ၁၀၁၀ စင်တီမီတာသို့ ပြန်လည်ကျဆင်းသွားကြောင်း၊ စက်တင်ဘာလ ၂၆ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ၁၀၉၆ စင်တီမီတာရှိခဲ့ရာမှ ၂၇ ရက်နေ့တွင် ၁၁၄၃ စင်တီမီတာသို့ တက်လာသော်လည်း အထက်ရေ နည်းပါးသွားခြင်း၊ အောက်ရေ လိုက်လာခြင်းတို့ကြောင့် မန္တလေးမြို့၏ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ မရောက်ရှိနိုင်ပဲ မြစ်ရေပြန်လည် ကျဆင်းသွားနိုင်ကြောင်း သိရှိရသည်။
News from : Eleven Media Group