Headlines News :
Home » » ၅% ပဲ သုံးလိုက်ပါ

၅% ပဲ သုံးလိုက်ပါ

Written By လွင့်မောင်မောင် on Sunday, September 23, 2012 | 8:08 PM

ဆောင်းပါးရှင်- ဘုန်းကျော်

ဒီနှစ်မှာ ၀မ်းသာစရာသတင်းတွေကိုလည်း တွေ့ရသလို့ ၀မ်းနည်းရာကောင်းတဲ့သတင်းတွေကို တွေ့ရပါတယ်။ ဦးသိန်း စိန် နဲ့ ဒေါ်စုတို့ပြေလည်းပြီး သင့်မြတ်နေတာက ၀မ်းသာစရာပါ။ ဒိထက်ပိုပြီး ၀မ်းသာစရာကောင်းတာက မြန်မာနိုင်ငံဟာ ချမ်းသာလာဖို့လမ်းကို စတင်နေလို့ပါပဲ။

လောကမှာ အကောင်းနဲ့အဆိုး၊ အပြုနဲ့အဖျက်က တွန့် တွဲနေတာ သဘာဝဆိုပေမဲ့....ဆိုးနေတဲ့ကိစ္စတွေကို အကောင်း ဖြစ်အောင်ပြုပြင်လို့လွယ်ပါတယ်။ အဖျက်သမားကို အပြုသမားဖြစ်အောင် တည်ဆောက်ဖို့မခဲယဉ်ပါဘူး။

အစိုးရနဲ့အတိုက်အခံ အသံညီနေပေမဲ့ အောက်ခြေက ၀န်ထမ်းတွေဟာ အဖျက်သလားလို့တောင်မေးရမလိုပဲ။ ဒါ့ကြောင့် ဦးအောင်မင်းပြောတဲ့ သူတို့အစိုးရအဖွဲ့ထဲ နောက်ကြောင်းပြန်သွားမဲ့ လူတွေရှိနေတယ်လို့ပြောတာဖြစ်မယ်။ ကျနော် ပြောချင်တဲ့ အဖျက်သမားနဲ့အဆိုးဆုံးဖြစ်နေတဲ့ မြင်ကွင်းတွေကို ခင်ဗျားတို့လည်း သတိထားမိမှာပါ။ ဒါကတော့ မုံရွာ ကြေးနီစီမံကိန်းက ငိုရှိုက်သံတွေနဲ့မြေတွေ၊ အိမ်တွေကို ဘူဒိုဇာနဲ့ထိုးပြီး ဖယ်ရှားနေတဲ့အရာတွေပါ။

ဒီမြင်ကွင်းတွေက မီဒီယာပွင့်လင်းလာလို့မြင်နေရပေမဲ့ မီဒီယာသမားတွေလက်လှမ်းမမီတဲ့ နေရာတွေလည်း အများကြီး ကျန်ပါသေးတယ်။

တကယ်တမ်းဆိုရင် မုံရွာကြေးနီစီမံကိန်းကို သတ္တုတွင်းဝန်ကြီးကိုယ်တိုင်ကွင်းဆင်းပြီး ဒေသခံတွေရဲ့အသံတွေကို နားထောင်သင့်တယ်။ အခုတော့ မိုင်းမန်နေဂျာကပဲ ပြောတာတော့ သဘာဝလုံးဝ မကြပါဘူး။ သူကပဲ ဒေသခံတွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းမယ်။ စီမံကိန်းကိုတောင် မရပ်နိုင်ဘူး။ ဘာ့ကြောင့်လိုတော့ မိုင်းက နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြုလို့ဆိုပြီး ဆင်ခြေပေးပါတယ်။ သူပြောတာကလည်း မှန်တယ်။ မိုင်းကနေ ၀င်ငွေရပါတယ်။

ဒါပေမဲ့ မုံရွာဒေသခံတွေပိုင်တဲ့ မြေနေရာမှာတူးတာအပြင် သူတို့ရဲ့ဘိုးဘွာပိုင်မြေတွေကနေ အဝေးကိုတောင် ဖယ်ပေးရ တာကို စာနာမှုမရှိ ပြောတဲ့စကားကတော့ သဘာဝလုံးဝမကြပါဘူး။ အကယ်၍သာ မိုင်းမန်နေဂျာလုပ်တဲ့သူက မုံရွာဒေ သခံတွေရဲ့နေရာမှာသာ ရှိနေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ မသိဘူး။

လူဘ၀မှာ အရေးကြီးဆုံးက အစားအစာ၊ နေစရာအိမ်နဲ့အ၀တ်အစားပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကြေးနီစီမံကိန်းကြောင့် မုံရွာဒေသခံတွေ နေစရာမဲ့တော့မယ်။ ပြီးရင် လုပ်ကိုင်စားသောက်စရာ မြေနေရာလည်း မဲ့တော့မယ်။ ဒါတွေမဲ့ပြီးဆိုရင် ဘယ်လိုမျိုးအ၀တ်အစားဝယ်ဖို့ပိုက်ဆံရတော့မှာလဲ။ ကြေးနီစီမံကိန်းကနေ ပေးတဲ့ငွေနဲ့ဒေသခံတွေ ဘယ်လိုမျိုးတသက် လုံးစားမလဲ။

အစိုးရကပေးတဲ့ သူတို့အတွက်ရွေးချယ်စရာဆိုတာက အင်မတန်ကို နည်းပါးလှတယ်။
ရွာသားတွေတောင်းနေတာက စီမံကိန်းကို ဖျက်ပေးပါ။ သူတို့ရွာတွေကို မရွှေ့ချင်ဘူး။ ဒါပဲ။

ဒီကိစ္စကို ၈၈-မျိုးဆက်လို့ခေါ်တဲ့ ကိုဂျင်မီတို့အဖွဲ့က ဆန္ဒပြပြီးမတောင်းနဲ့ဆိုတော့ ဘယ်လိုတောင်းရမှာလဲလို့တောင် မေးရတော့မယ်။ ကိုဂျင်မီတို့အဖွဲ့ဟာ ဒေသခံတွေရဲ့ခံစားချက်ကို နားမလည်လို့လုပ်တာပဲ။ နောက်ပြီး နိုင်ငံတကာက မိုင်းတွေ ဘယ်လိုစီမံခန့် ခွဲလဲဆိုတဲ့ ဗဟုသုတကိုလည်းမသိဘူး။ ရွာသားတွေရဲ့မျက်ရည်တွေဟာ စိတ်မကောင်းဖြစ်လို့ ကျတဲ့ မျည်ရယ်တွေ မဟုတ်ဘူး။ သူတို့ရဲ့ဘ၀ဖြစ်တဲ့မြေတွေကို သိမ်းမှတော့ အားနည်းတဲ့လူတွေက မျက်ရည်ကလွဲလို့ ဘာနဲ့အစားထိုး တင်ပြရမှာလဲ။

သူတို့လိုပဲ.... ကျူးကျော်ရပ်ကွက်ကနေ ဖယ်ပေးရတဲ့လူတွေ... လယ်မြေတွေအသိမ်းခံရတဲ့ လူတွေရဲ့ မျက်ရည်တွေဟာ လည်း ဘ၀နဲ့ရင်းပြီး ကျတဲ့မျက်ရည်တွေပါ။ ဒါတွေကို အစိုးရကော အတိုက်အခံကော ၈၈-လို့ခေါ်တဲ့လူတွေပါ အားလုံး ရင်နဲ့ခံစာပြီးမှ ဆုံးဖြတ်ချက်ကို ချစေချင်တယ်။

ကြေးနီးစီမံကိန်းအတွက် တရုတ် Company က မြေတစ်ဧကအတွက် ဒေါ်လာ သုံးထောင့်ငါးရာပေးပါတယ်။ လျှော်ကြေး အဖြစ်ပါ။ အပိုင်သိမ်းတာ မဟုတ်ပါဘူး။ ငှားရမ်းခလို့ပြောပါတယ်။ ဒါကို ဦးပိုင်က ခေါင်းပုံဖြတ်ပြီး မြေပိုင်ရှင်တွေကို တစ်ဧကအတွက် သုံးသိန်းပေးတယ်။ သုံးသိန်းဆိုတာက ဒေါ်လာသုံးရာကျော်လေးပါ။ ဆိုတော့ ကျန်တဲ့ ဒေါ်လာသုံး ထောင်ကျော်ကို ဘယ်သူတွေယူသွားလဲ။ မြန်မာငွေနဲ့ဆိုရင် သိန်းသုံးဆယ်နီးပါပဲ။ တချို့လယ်သမားတွေဆိုရင် လယ် ဧကပေါင်းများစွာပိုင်တယ်။ သူတို့ရသင့်မြေဧကအတွက် သိန်းလေးငါးခြောက်လောက်တော့ ငှားရမ်းခအဖြစ်ရသင့်တယ်။ ဒီငွေရရင် သူတို့အနေနဲ့အခြားနေရာမှာ သွားပြီး ၊ လယ်တွေဝယ်ပြီး ၊ ဘ၀သစ်ကိုထူထောင်လို့တောင်ရတယ်။ အခုတော့ သူတို့ရတဲ့ငွေက တပြားနှစ်ပဲနဲ့ဆိုတော့ သူတို့ပြောနေတဲ့ စီမံကိန်းရပ်ပါဆိုတဲ့စကားက အရမ်းကိုမှန်ပါတယ်။

ကြေးနီစီမံကိန်းကို ဒေါ်လာ သန်းထောင်ကျော်တန်တဲ့ စီမံကိန်းအဖြစ် တိုးချဲ့ဖို့ ဖြစ်တော့ မြေတွေလိုပါတယ်။ ဒီမြေတွေ ကနေ သန်းထောင်ကျော်ချီပြီ အမြတ်ငွေကို ဦးပိုင်နဲ့အစိုးရကပဲ ရပါတော့မယ်။

နောက်ပြီး စီမံကိန်းမှာ ဒေသခံလယ်သမားတွေကို အလုပ်အကိုင်ပေးမှုက အင်မတန်မရှိသလောက်ပဲ။ ပေးတဲ့လစာက လည်း အရမ်းကိုနဲတယ်။ ဆိုတော့ ဆင်းရဲလှတဲ့ရွာသားတွေပဲ အရှုံးနဲ့ရင်ဆိုင်ရတယ်။ သူတို့ဘ၀တွေကို ကယ်တင်ဖို့ မစဉ်းစားဘဲ၊ ဖျက်ဆီးပြစ်ဖို့လောက်စဉ်းစားသလိုဖြစ်နေပြီ။ ပြီးတော့ ငါတို့ကို လူထုက ကြည်ညိုနေတာကို အခွင့်အ ကောင်းယူပြီး လယ်သမားတွေဘက်ကမရပ်ဘဲ အစိုးရဘက်ကရပ်တဲ့ ကိုဂျင်မီတို့အဖွဲ့ကို မေးခွန်းထုတ်ရပါတော့မယ်။ ဒါကတော့ ခင်ဗျားတို့ နိုင်ငံရေးလုပ်နေတဲ့လူလား၊ ခင်ဗျားတို့ ဆရာကြီးလုပ်ချင်နေတဲ့လူတွေလားလို့ မေးရတော့မယ်။

သြစတျေးလျနိုင်ငံမှာ Multinational companies ကြီးတွေ သတ္တုတူးဖော်ရေးလုပ်ငန်းကိုလုပ်ကြတယ်။ သူတို့က ဒေသ ခံလယ်သမားတွေပိုင်တဲ့ မြေနေရာတွေကို ငှားပြီးတူးရတယ်။ ဒီတော့ Company အနေနဲ့ခွင့်ပြုချက်နှစ်ခုတောင်းရတယ်။ ပထမဦးဆုံး ဒေသခံတွေဆီကနေ ယူရတယ်။ နောက်ပြီးအစိုးဆီမှာ ရှာဖွေတူးဖော်ခွင့် လိုင်စင်လျှောက်ရတယ်။

ဒါတင်မဟုတ်သေးဘူး သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနနဲ့ ရှေးဟောင်းအမွှေအနှစ်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီက လည်း ခွင့်ပြုချက်ယူရတယ်။

နောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးကို ကာကွယ်တဲ့အဖွဲ့အစည်းတွေရဲ့သဘောတူညီချက်၊ လူ့ အခွင့်အ ရေးအဖွဲ့တွေရဲ့ သဘောတူညီချက်တွေကိုလည်း ယူရသေးတယ်။ ဆိုတော့ မိုင်းတူးဖို့အတွက်ကို မတူးခင်ကတည်းက အားလုံးရဲ့သဘောတူညီချက်နဲ့ ကျေနပ်မှ ရှာဖွေရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။

ဒါကို အင်္ဂလိပ်လို့ခေါ်ရင် Stakeholders Engagement and Sustainable Mining လို့ ခေါ်တယ်။ ဒါကိုသေသေချာချာ လုပ်ရင် နှစ်ဦးနှစ်လုံးအကျိုးရှိတော့ နိုင်ငံတကာမှာ ၂၀၁၂ ခုနှစ်အတွက် အဓိကထားပြီး အကောင်အထည်ဖော်ကြတယ်။

ရှာဖွေနေတဲ့အချိန်မှာ အစိုးရရဲ့ဆိုင်ရာ စည်းမျဉ်တွေကို လိုက်နာမှုရှိမရှိ အစိုးရက ပုံမှန်စစ်ဆေးတယ်။ အခုတော့ မြန် မာနိုင်ငံမှာ အင်စပတ်ရှင်လို့ခေါ်တဲ့ အဖွဲ့ရှိတာတောင် အဲဒိအဖွဲ့က မုံရွာစီမံကိန်းအရေးမှာ ဘယ်ရောက်နေလဲမသိဘူး။ အတော်လေးကို တာဝန်မဲ့တဲ့ သတ္တုတွင်းဝန်ကြီးဌာနပဲ။ ဒီဌာနရဲ့အထက်မှာ ဗိုလ်ချုပ်ကြီးတွေစိုးမိုးနေတာဆိုတာ အရမ်း ကိုထင်ရှားနေတယ်။ နောက်ပြီး သူဋ္ဌေးတွေက ဥပဒေကို စိုးမိုးထားတယ်လို့ကျနော်တွေးမိတယ်။ ဒါ့ကြောင့် မုံရွာမှ မျက် ရည်တွေနဲ့ ပြည့်နေတာပါ။

မိုင်းတခုကို တူးပြီးတဲ့အချိန်၊ ပြီးခါနီးအချိန်မှာ ဒေသခံတွေအတွက် မိုင်းကို ပြန်လည်ပြုစုပြိုးထောင်ပေးရတယ်။ မြေတွေ တူးထားတာကို ဖုံးအုပ်ပေးတယ်။ ရေညစ်တွေကို ပြန်လည်သန့် စင်ပေးရတယ်။ ဘယ်လို သန့် စင်ပေးလဲဆိုတော့ Natural Agent လို့ခေါ်တဲ့ ဓာတုရည်နဲ့ ဖြစ်ပါတယ်။

သစ်ပင်တွေပြုန်းတီးကုန်တာကို ပြန်စိုက်ပေးရတယ်။ အနည်းဆုံး အဲဒိကိစ္စကို လုပ်ပေးရတယ်။ မိုင်းတူးတော့ သစ်ပင် တွေ ကုန်တာကအဓိကပဲ။

သားကောင်တွေသေဆုံးကုန်တာကို ပြန်လည်မွေးမြူပေးရတယ်။ ဒါ့ကြောင့်နိုင်ငံတကာ Company ကြီးတွေရဲ့ မိုင်းတွေ မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့် ခွဲမှုဌာ (Department of Environmental Management) ဆိုပြီးသီးသန့်ထား ပေးတယ်။ လစာငွေကို တနှစ်ကို ဒေါ်လာသိန်းနဲ့ချီပြီးပေးရတယ်။ သူတို့တာဝန်က မိုင်းမတူးခင်နဲ့တူးပြီးတဲ့အချိန်တွေမှာ ပတ်ဝန်းကျင်ကို မပျက်စီးရအောင် စီမံပေးရတယ်။ ပျက်ကွက်ရင်တော့ ဒေါ်လာသန်းချီပြီးလျှော်ရတယ်။ ဒါကို အစိုးရက ပုံမှန်စစ်ဆေးတယ်။ စောင့်ကြည့်တယ်။ မီဒီယာကလည်း လစ်ရင်လစ်သလို သတင်းပို့တယ်။

ပတ်ဝန်းကျင်အပြင် ရှေးဟောင်းအမွေအနှစ်တွေကို မပျက်စီးရအောင် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာဌာနတွေက ပုံမှန် စစ်ဆေးတယ်။ ဒီနေရာမှာ ဒေသခံတွေ ကိုးကွယ်ယုံကြည်တဲ့ အမွေအနှစ်တွေလည်းပါတော့ ဒေသခံတွေလည်း စစ်ဆေး ရတယ်။ မထိခိုက်အောင် မိုင်းတွေက တာဝန်ယူရတယ်။ မုံရွာမှာ လယ်တီဆရာတော်ကြီး သချိုင်းကို ပတ်လည်ကနေ တူးပြီး ဒီအတိုင်းထားတာတော့ မဆိုးပါဘူး။ ဒါပေမဲ့ မိုင်းတူးပြီးတာနဲ့မြေတွေကို ပြန်ပြီးဖုံးပေးဖို့တော့လိုတယ်။ စိုက်ပျိုးစား နိုင်တဲ့အထိ ပြုပြင်ပေးဖို့လိုတယ်။ လူထုက စိတ်ဆင်းရဲနေတာတွေကို စိတ်ပညာရှင် ကောင်ဆယ်လာတွေနဲ့ ကုပေးဖို့ လိုတယ်။ ဒါကို တူးတဲ့လူတိုင်း တာဝန်ယူရတယ်။

အဓိက လက်တလောလုပ်ပေးရမှာ စီမံကိန်းကို မရပ်နိုင်ဘူး၊ လက်လွန်နေပြီဆိုရင် ဒေသခံတွေ ကြေနပ်တဲ့အထိကို တာ ၀န်ယူရ လိ့မ်မယ်။ ဒါကတော့ တရုတ်ပေးတဲ့လျှော်ကြေးအတိုင်း အတိအကျပေးဖို့လိုတယ်။ နောက်ပြီး မိုင်းတူးပြီးတာနဲ့ ရွာသားတွေကို မြေတွေပြန်ပေးရမယ်။

ကြေးနီစီမံကိန်းကနေ ထွက်တဲ့ အမြတ်ငွေက ဒေါ်လာသန်းထောင်ချီရှိမှာဆိုတော့ အဲဒိငွေထဲကနေ ပတ်ဝန်းကျင်က ရွာ သားတွေရဲ့ပညာရေး၊ ကျန်းမာရေးနဲ့စိတ်ပျော်ရွှင်ဖို့ အရေးအတွက် ရာခိုင်နှုံး ငါးရာခိုင်နှုံးလောက်ကို အနည်းဆုံးသုံးစွဲ သင့်တယ်။ ဒါကို ဒေသခံတွေက တောင်းဆိုဖို့လိုတယ်။ ခင်ဗျားတို့မှ မတောင်းရင် ဘယ်သူကမှ စေတနာကောင်းပြီး ပေးမှာမဟုတ်ဘူး။

သြစတျေးလျက ကျနော်လုပ်နေတဲ့မိုင်းမှာ တရက်ကို ဘယ်လောက် တူးပြီးပြီ၊ ရွှေဈေးဘယ်လောက်ရှိတယ်၊ ဘယ် လောက်အမြတ်ရနေပြီဆိုတာကို အလုပ်သမားတိုင်းသိအောင် ကွန်ပြူတာအကြီးကြီးနဲ့ကြေငြာထားတယ်။ လူဘယ်နှစ် ယောက်ထိခိုက်လဲ၊ ပတ်ဝန်းကျင်ပျက်စီးမှု့ ဘယ်လောက်ရှိလဲဆိုတာကိုလည်း အဲဒိကွန်ပြူတာမှာ မြင်နေရတယ်။ အဲဒီလို ပုံစံက မိုင်းတိုင်းမှာ ကျင့်သုံးတယ်။ အကြောင်းကတော့ ပွင့်လင်းမှု့ ကို ပေးသိတာပါ။ ဒါမှ အလုပ်သမားတိုင်း ဘာဖြစ်နေ လဲဆိုတာကိုသိပြီး အားလုံးရဲ့ ပူးပေါင်းပါဝင်မှုလို့ခေါ်တဲ့ ပါတီစီပေးရှင်းနဲ့ မော်တီဗေးရှင်းလို့ခေါ်တဲ့ လုပ်ချင်ကိုင်ချင်စိတ် ကို မြှင့်ပေးတယ်လို့ခေါ်တယ်။ ဆိုတော့ အောင်မြင်မှုရတယ်။

မုံရွာက ကြေးနီးစီမံကိန်း၊ ဦးတေဇတို့ တူးနေတဲ့ နစ်ကယ်စီမံကိန်း၊ ကချင်ဘက်မှာတူးနေတဲ့ ရွှေစီမံကိန်း၊ ရခိုင်ဘက်က သဘာဝဓာတ်ငွေ့စီမံကိန်း၊ စတဲ့ စီမံကိန်းတိုင်းဟာ တကယ်တမ်းလုပ်ချင်ရင် ပွင့်လင်းချင်ရင် အောင်မြင်ချင်ရင် လွယ် လွယ်လေးပါ။

အဓိက လူထုရဲ့အကျိုးကို ခင်ဗျားတို့ရဲ့မိုင်းတူးလို့ရတဲ့ အမြတ်ငွေထဲက ငါးရာခိုင်နှုံးကိုပဲ သုံးလိုက်ပါ။

ဘုန်းကျော်
လင်းစတား ရွှေတူးဖော်ရေးမိုင်း
ၾသစေတ်းလ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template