Headlines News :
Home » » သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အကြို နှစ်နှစ်တာ ကာလအတွင်း န၀မအကြိမ်မြောက် နိုင်ငံရေး အကျဉ်းသားများ ထပ်လွှတ်

သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အကြို နှစ်နှစ်တာ ကာလအတွင်း န၀မအကြိမ်မြောက် နိုင်ငံရေး အကျဉ်းသားများ ထပ်လွှတ်

Written By လွင့်မောင်မောင် on Saturday, May 18, 2013 | 9:15 AM

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ ၁၇ ရက်က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအချို့ (ဓာတ်ပုံ-ဆန်းထူးအောင်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အကြို နှစ်နှစ်တာကာလအတွင်း န၀မအကြိမ်မြောက်အဖြစ် မေ ၁၇ ရက်တွင် နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မ ၄၀၁(၁)ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။

မေ ၁၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးရှိကြောင်း သိရပြီး မေ ၁၇ ရက် ညနေပိုင်းအထိ ရရှိသော သတင်းများအရ သိရှိရသည်။ ထိုကဲ့သို့ လွတ်မြောက်လာသူများထဲတွင် မကြာသေးမီအချိန်က ထောင်ကြွေးကျန်ဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရပြီး မအူပင်ထောင်၌ အကျဉ်းကျခံနေရသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မေ ၁၇ ရက် ညနေပိုင်းအထိ ရရှိသော စာရင်းများအရ အင်းစိန်ထောင်မှ ၁၀ ဦး၊ သာယာဝတီထောင်မှ ငါးဦး၊ တောင်ငူထောင်မှ နှစ်ဦး၊ မန္တလေး၊ ပုသိမ်၊ မအူပင်၊ တောင်ကြီး၊ လားရှိုးထောင်များမှ တစ်ဦးစီ လွတ်မြောက်ခဲ့ပြီး လွတ်မြောက်လာခဲ့သူ အများစုမှာ ဖောက်ခွဲဖျက်ဆီးမှုများဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ်ကျခံခဲ့ရသူများ ဖြစ်ကြောင်း သိရှိရသည်။

အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ၁၀ ဦးမှာ ကိုအောင်နိုင်၊ ကိုကံမင်းသား၊ စိုင်းတင်မင်းကို၊ ကိုဝင်းမြင့်၊ စိုင်းခန်းလှ၊ မဟေမာနေ၀င်း(ခေါ်)မမာမာလွင်၊ ကိုရဲထွဋ်ခေါင်၊ ကိုစိုးရွှေ(ခေါ်)ဦးပညာဝံသ၊ ကိုကျော်မိုးထက်နှင့် ကိုထွန်းဦးတို့ ဖြစ်ကြပါသည်။ သာယာဝတီထောင်မှ လွတ်မြောက်လာသူများမှာ ကိုအေးမင်းနိုင်(ခေါ်) ကိုအောင်ထူး၊ ကိုထက်ကိုလင်း၊ ကိုကျော်ဇင်ဦး (ခေါ်) ဘုန်းကျော်၊ မစန်းစန်းမော်နှင့် ကိုဇော်လွင်(ခေါ်)ကိုဖိုးဇော်တို့ ဖြစ်ကြကာ တောင်ငူထောင်မှ စောရှမ်းဒရပ်နှင့် စိုင်းသီဟတို့ ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်က ကျောင်းဆရာပါ။ ကျောက်ကြီးမှာနေတယ်။ ကျွန်တော့်အိမ်ရှေ့ဗုံးကွဲပြီး ကလေးတစ်ယောက် ဒဏ်ရာရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဖောက်ခွဲဖျက်ဆီးမှုနဲ့ အနှစ် ၂၀ ချတယ်။ ထောင်ဒဏ်စေ့ဖို့ ခုနစ်နှစ်ကျော် လိုသေးတယ်။ အခုလို မထင်မှတ်ဘဲ လွတ်ခဲ့တဲ့အတွက် ကျွန်တော် ၀မ်းသာတယ်။ ဒါပေမဲ့ အထဲမှာ အတူနေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ်။ ဒါကြောင့် အပြည့်မပျော်နိုင်သေးဘူး'' ဟု တောင်ငူထောင်မှ လွတ်မြောက်လာသူ စောရှမ်းဒရပ်က ဆိုသည်။

''ကျွန်တော်လည်း ဖောက်ခွဲဖျက်ဆီးမှုနဲ့ ခြောက်နှစ်ကျခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှ လွတ်မှာပါ။ အခုလို လွတ်လာတော့ ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော်နေခဲ့ရတဲ့ တိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ငါးယောက်လောက်တော့ လွတ်ဖို့ ကျန်နေသေးတယ်'' ဟု အင်းစိန်ထောင်မှ လွတ်မြောက်လာသူ စိုင်းတင်ဝင်းက ဆိုသည်။

မေ ၂ ရက်က ပြန်လည်ဖမ်းဆီး ခံခဲ့ရ ပြီး ထောင်ကြွေးကျန်ဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရကာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း မေ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ယခုတစ်ကြိမ် လွှတ်ပေးမှုတွင် ခြွင်းချက်မရှိ လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထု လိုလားချက်ကို ဖြည့်စွမ်းပေးလို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာလို့ မြင်ပါတယ်။ ဒီတစ်ခါ လွတ်တာတော့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့စာအရ ပုဒ်မ ၄၀၁(၁) အရ ခြွင်းချက်မရှိ လွှတ်ပေးလိုက်တာလို့ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ကျွန်တော့်ကို စာဖတ်ပြတယ်။ ဒီတစ်ခါတော့ နောက်ထပ် ဘာမှအနှောင်အဖွဲ့ မရှိတော့ဘူးလို့လည်း ပြောတယ်။ လွှတ်ပြီးသား နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ကျွန်တော့်လိုမျိုး တိကျတဲ့ ထုတ်ပြန်ချက် ထုတ်ပေးဖို့ မျှော်လင့်ပါတယ်'' ဟု မအူပင်ထောင်မှ လွတ်မြောက်လာသူ ဦးနေမျိုးဇင်က ပြောပြပါသည်။

အစိုးရသစ်လက်ထက် နှစ်နှစ်တာ ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် (၁၀) ကြိမ် ခွင့်ပြုခဲ့ပြီး (၉) ကြိမ်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကြိမ်တိုင်း၌ နိုင်ငံရေးအရ ထူးခြားတိုက်ဆိုင်မှုများ ရှိနေခဲ့ပါသည်။

အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၁ ခုနှစ် မေ ၁၆ ရက်က စတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်သည် ၂၀၁၄ ခုနှစ် တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရန်အတွက် မြန်မာနိုင်ငံက ကြိုးပမ်းနေသည့် အချိန်ဖြစ်ပါသည်။

ထို့အတူ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်သည် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးသင့်၊ မပေးသင့် လေ့လာရေးခရီး လာရောက်သော ကိုယ်စားလှယ်အဖွဲ့ မရောက်ရှီမီ အချိန်တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် လွတ်ငြိမ်းချမ်းသာခွင့်သည် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြားနှင့် နိုင်ငံရေး အကျဉ်းသား အများဆုံး လွှတ်ပေးခဲ့သော ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသော လွတ်ငြိမ်းချမ်းသာခွင့် များမှာလည်း နိုင်ငံတော်သမ္မတ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံသို့ မသွားရောက်မီ အချိန်တွင်လည်းကောင်း၊ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ နံနက်ပိုင်းတွင် လည်းကောင်း၊ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မတက်ရောက်မီ အချိန်တွင်လည်းကောင်း လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံတော်သမ္မတ အမေရိကန်သို့ မသွားရောက်မီ အချိန်တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခင်စစ်အစိုးရ လက်ထက်က နိုင်ငံရေး အကျဉ်းသားများကို ထိန်းသိမ်းထားခြင်းအား နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိခဲ့ပြီး ထိုဝေဖန်မှုများကို တုံ့ပြန်သောအားဖြင့် နိုင်ငံရေး အကျဉ်းသားအချို့ကို အနည်းငယ်စီ လွှတ်ပေးခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများကို လက်နက်သဖွယ် အသုံးပြုသည်ဆိုသော ဝေဖန်မှုများ ရှိခဲ့ပါသည်။

''သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လက်နက်သဖွယ် အသုံးမပြုပါဘူး။ သူ့ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒက နိုင်ငံရေး ဖြစ်စဉ်တွေမှာ အားလုံး ပါဝင်နိုင်ရေး ဖြစ်ပါတယ်၊ ဒီလိုလွှတ်ပေးခြင်းဟာ အားလုံးပါဝင်နိုင်ရေး ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်'' ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် မေလ ၁၇ ရက်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့သို့ အဖွဲ့အစည်း အသီးသီးမှ ပေးပို့ထားသော စာရင်းများအရ လက်ကျန်နိုင်ငံရေး အကျဉ်းသား ဦးရေ ၁၅၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။ ထိုစာရင်းထဲတွင် ကွယ်လွန်သွားခဲ့သူများ၊ လွတ်မြောက်သွားသူများ၏ အမည်စာရင်းများလည်း ပါရှိနေသည့်အတွက် ဆက်လက်စိစစ်နေကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ အချက်အလက်များအရ ထောင်ဒဏ်ကျခံနေရဆဲ နိုင်ငံရေး အကျဉ်းသား ၁၆၅ ဦးနှင့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူ ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။


  Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template