ကျွန်တော်ကတော့ သမ္မတကြီးကို လွှတ်သဘောကျတာပါဘဲဗျာ။
စစ်အစိုးရ၀န်ကြီးချုပ်ဆိုတာတောင် မေ့မေ့သွားတယ်။
မြန်မာတွေကဒီလိုဘဲ။ မြို့ပိုင်ဖြစ်တုန်းက လုပ်ချင်တာလုပ်ခဲ့၊ နောက် ဘုရားတည်၊ ကျောင်းဆောက်တော့ ဘုရားဒကာ၊ကျောင်းဒကာခေါ်ပြီးကျေနပ်တာပါဘဲ။
ဒီလိုမေ့တတ်၊ခွင့်လွတ်တတ်တဲ့ လူမျိုးပါဗျာ။ အမှတ်သည်းခြေအင်မတန်နည်းကိုး။
ထားဝယ်သားတွေဆိုရင်လည်း သမ္မတကြီးကို အားကိုးကျ ပေါ့။ အားကိုးစရာလူကရှားသဗျား။
အစိုးရသတင်းစာမှာ ပြည်သူ့စွမ်းအားနဲ့ နိုင်ငံတော်ကြီးတည်ဆောက်အံ့လို့ ပြောလာတော့ အံ့သြလွန်းလို့ သေတော့မလားဘဲ။
EITI အဖွဲ့တွေကလည်း အစိုးရ၊ ကုမ္ပဏီနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်မယ်လို့ လုပ်ပြန် တယ်။
ဆရာမောင်ဝံသတို့ကတော့ ပြည်သူ့ခေတ်၊ of the people, by the people, for the people ဆိုပြီး လုပ်ခဲ့တာကြာပါပြီ။
ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒဆိုတဲ့ လွတ်တော်ကြီးလည်းရှိတာပါဘဲ။ သမ္မတအကြံပေးပုဂ္ဂိုလ် ကြီးတွေရဲ့ တပည့်တွေကို ပြည်သူဆိုတာ ဘယ်သူတွေလဲလို့ မေးတော့
လွတ်တော်မှာ ၀န်ကြီးတွေဖြေသလို ပါဘဲ ဟိုလူလိုလို ဒီလူလိုလို ပြောပါတယ်။
သမိုင်းတစ်လျှောက် ပြည်သူဆိုတာ ကျွန်လို့သတ်မှတ်ပါတယ်။ ကျွန်တော်စကားရိုင်းသွားရင်ခွင့်လွှတ်ပေးပါ။
ဘုရင်ဆိုတာ ရေမြေအရှင်ဖြစ်တယ်။ ငါပြောတာအမှန်၊ ပြန်မပြောနဲ့၊ သေသွားမယ်။ဒါကို အာဏာရှင်လို့သတ်မှတ်ပါတယ်။
ဒီလိုအတွေးက ကျွန်တော်တို့လူ့အဖွဲ့အစည်း တည်ဆောက်ပုံကို ပုံသွင်း ပေးပါတယ်။
ဘုရင်တော်တော်များများဟာ ပြည်သူတွေက လူတွေဖြစ်လို့ ပြည်သူနဲ့မတူအောင် တနည်းပြောရ ရင် လူနဲ့မတူအောင် နတ်လိုလို၊ ဘုရားလိုလို၊ နဂါးလိုလို ၊ ကျားလိုလို လုပ်ကြပါတယ်။
ဒါကြောင့် အချွန်အတက် တွေဆောင်း၊ အမြင့်ကြီးမှာထိုင် လုပ်ခဲ့ပါတယ်။လူမှုရေးပညာရှင်တွေက Great Man Theory လို့ခေါ်တယ်။ ခြွင်းချက်အနေနဲ့ ပြည်သူကို လူလိုမြင်ခဲ့တဲ့ ပြည်သူ့ဘုရင်တွေ လည်း ရှိခဲ့ပါတယ်။
ပြည်သူ့အတွက် အသက်စွန့်ရပ်တည်ပေးသွားတဲ့ သူရဲကောင်းတွေ ၊ ပညာရှင်တွေ သမိုင်းမှာ ပေါ်လာပါတယ်။ ပြည်သူတွေက ဒီလူတွေကို မမေ့ခဲ့ပါဘူး။
ပြည်သူ့ဘက်တော်သား ဒီလူတွေကြောင့် ပြည်သူ့ဘ၀တွေ ပြောင်းလဲခဲ့ပါတယ်။
လူဆန်ဆန်နေနိုင်လာခဲ့ပါတယ်
ပြည်သူ့ဆန္ဒတွေ၊ ပြည်သူ့အသံတွေ ပိုမိုပါဝင်ခဲ့ပါတယ်။ ဒီလိုလုပ်တဲ့အခါ ကွန်မြူနစ်စနစ်တို့၊ ဆိုရှယ်လစ်စနစ်တွေဆိုပြီး ပေါ်လာပါတယ်။
သီအိုရီကကောင်းလွန်းလို့ သွားမဖတ်နဲ့၊ နားမထောင်နဲ့လို့ ဆရာတစ်ပါးက ဆုံးမဖူးပါတယ်။ အခုတော့ ဒီစနစ်ကြီးတွေက ကျရှုံးခဲ့ပါတယ်။
စနစ်ကကောင်းပေမယ့် လူမကောင်းဘူးလို့ဆိုပါတယ်။ မဆလ- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီးလုပ်ခဲ့ပါတယ်။ ဒီဟာကို အတုယူပြီး စင်္ကာပူကလုပ်တယ်တဲ့။
အခုစင်္ကာပူကို အတုပြန်ယူမယ်ဆိုတော့ စဉ်းစားကြည့်ပါတော့ အရပ်ကတို့ရယ်။
ကျွန်တော့်သူငယ်ချင်းဆရာတစ်ဦးကလည်းပြောပါတယ်။ ပြည်သူ့ခေတ်ဆိုတာ အစောကြီးကတည်းကရှိသတဲ့။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး ပြီး ကျောင်းဆောက်၊လမ်းဖောက်ခဲ့တာကြာပြီ။
တစ်အိမ်တစ်ယောက် လာဆိုရင် မငြင်းရဲပါဘူး။ သွားရတာပါဘဲ။ တစ်အိမ်ဘယ်လောက်ဆိုရင် ပေးရတာပါဘဲ။ အများကောင်းမှု သူကြီးဘုရားတွေတဲ့။ ထားဝယ်က သာသနာ့ဗိမာန်ကြီးကြည့်ပါလားတဲ့။
ဖုန်းတစ်လုံး ၂သိန်းနဲ့တောင်းပြီး ဆောက်ထားတာ၊ ငါ့အလှူတောင်ပါသတဲ့။
သြ၀ါဒခံယူပွဲတဲ့။ ပြည်သူက သြ၀ါဒလည်းခံရသေးတယ်။ ဧည့်ခံစရိတ်လည်းပေးရသေးတယ်။ သြ၀ါဒလာပေးတဲ့ ပုဂ္ဂိုလ်ကြီးအတွက် ကုန်ကျစရိတ်ကို ရပ်ကွက်တွေ၊ဌာနတွေက
စုပေါင်းကျခံရပါတယ်။ သြ၀ါဒလာပေးတဲ့ ပုဂ္ဂိုလ် ကြီးက ကြီးရင်ကြီးသလို ကုန်ကျစရိတ်တက်ပါတယ်။ ရပ်ကွက်ထဲ တစ်အိမ်ဘယ်လောက်ဆိုတာလည်း တက်လာပါတယ်။
အလှူငွေဆိုတာလည်း ပြည်သူငွေတွေပါ။ ဘယ်ပုဂ္ဂိုလ်ကြီးက ဘယ်လောက်လှူတယ်ဆိုရင် နောက်လိုက်သူဌေးကပေးရပါတယ်။ ဒီသူဌေးကလည်း ပေးရတဲ့ငွေကို ပြန်ရှာပါတယ်။
ဥပမာ-ပစ္စည်းတစ်ခုရောင်းလို့ ၅ကျပ်မြတ်ရင် ၁၀မြတ်အောင်ရောင်းတယ်။ လမ်းကြေး ၁၀၀ကောက်ရင် ၂၀၀တိုးကောက်တယ်။ ပြည်သူကတော့ နှလုံးအေးရင်ပြီးရော ပေးလိုက်တာပါဘဲ။
ပြည်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုလည်းကြောက်၊ စာရေးကိုလည်းကြောက်၊ မြေတိုင်းဆိုလည်းကြောက်၊ သစ်တောဆိုလည်းကြောက်၊ ရဲဆိုလည်းကြောက်၊ စစ်တပ်ဆိုလည်းကြောက်၊
သတင်းပေးကိုလည်းကြောက်၊ ကြောက်တရားတွေနဲ့ ပြည်သူကို ဗဟိုပြုခဲ့ပါတယ်။ အမေစုက အကြောက်တရားတွေကင်းဖို့ဟောပါတယ်။
ဘာလို့ကြောက်လည်းဆိုတော့ အသိတရားအားနည်းလို့ပါ။ အသိတရားအားနည်းအောင်လည်း ပညာရေးကို နည်းမျိုးစုံနဲ့ ပိတ်ပင်ခဲ့တယ်။
ပြည်ပနိုင်ငံတွေမှာ NGOလုပ်စားပြီးအခုပြည်တွင်းမှာ အစိုးရအကြံပေးလုပ်နေတဲ့ အဖွဲ့က ပုဂ္ဂိုလ်တစ်ယောက်က ပြောပါတယ်။
ပြည်သူဆိုတာ အသိပညာအားနည်းတဲ့လူတွေ၊ သူတို့ကို မောင်းနှင်ဖို့ဘဲလုပ်ရမယ်တဲ့။ ဒီလိုလူတွေလည်းရှိပါတယ်။ သူတို့က ဘယ်လောက်လုပ်ခဲ့တယ်။
ဘယ်လောက်တတ်တယ်ဆိုတာလည်းတွေ့ လာရပါတယ်။ အခုနောက်ပိုင်း မီဒီယာပွင့်လင်းလာတာနဲ့ ပြည်သူက အိပ်မနေပါဘူး။
ပြည်သူ့ခေတ်တို့ ၊ 7 Days တို့၊ The Voiceတွေ ရွာမှာဖတ်နေပါပြီ။ ပြည်သူက အချဉ်မဟုတ်တော့ပါဘူး။ တစ်ချို့ အတွေ့အကြုံတွေဟာ စာအုပ်ထဲမှာမပါပါဘူး။
ကျွန်တော်တို့မသိတာတွေကို သိနေတဲ့ပြည်သူတွေအများကြီးပါ။
ပြည်သူတွေက အသိပညာအားနည်းသေးတယ်လို့ ယူဆရင် ပြည်သူအတွက် လုပ်ဆောင်ပေးနေတဲ့ CSOတွေရှိပါတယ်။ ဒီလူတွေနဲ့ ဦးစွာဆွေးနွေးသင့်တယ်။
ပြီးတော့ မြန်မာယဉ်ကျေးမှုအရ မြန်မာရွာတွေမှာ အစဉ်အဆက် ရပ်ရွာအခြေပြုအဖွဲ့တွေရှိပါတယ်။ အပျိုလူပျိုအသင်းတွေ၊ နာရေးသာရေးအသင်းတွေ၊ ၀တ်အသင်းတွေရှိပါတယ်။
ဒီလူတွေကို အသိပညာမြှင့်တင်ပေးလာတာနဲ့ ကျေးရွာတွေတိုးတက်လာပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွေရှိပါတယ်။ ဒီအဖွဲ့တွေကိုသာ ဗဟိုပြုလိုက်ပါ။
ဒီနေရာမှာ သတိပြုသင့်တာက အစိုးရနဲ့ပတ်သက်ပြီး အစိုးရကဖွဲ့ပေးထားတဲ့ အမျိုးသမီးရေးရာတို့၊ မိခင်ကလေးတို့၊ ရပ်မိရပ်ဖဆိုတာတွေပါ။
အားလုံးမကောင်းဘူးလို့ဆိုတာမဟုတ်ပါဘူး။ ပြည်သူကို ဗဟိုမပြုဘဲ အစိုးရကိုသာဗဟိုပြုသူတွေကိုပြောတာပါ။ ပြီးတော့ရှိသေးတယ်၊
အရင်တုန်းက ငါဦးငါယူ၊ ငါရပြီးရောလုပ်ခဲ့တဲ့ ခရိုနီတွေဖွဲ့ထားတဲ့ အများပိုင်အဖွဲ့တွေပါ။ ဒီနေရာမှာ သေချာစဉ်းစားစေချင်တာက အများဆိုတာ ဘယ်သူတွေ လဲပေါ့။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌကြီးကတော့ နိုင်ငံတော်သမ္မတက ပြည်သူဗဟိုပြုဖို့ညွှန်ကြားထားပြီး ပြီ၊ ဘာမှမလုပ်သေးဘူးလို့ဆိုတယ်။
အထောက်အကူပြုအဖွဲ့ဖွဲ့ခိုင်းတယ်။ ရပ်မိရပ်ဖ(၄)ဦးနဲ့ မြို့နယ်စည်ပင်သာ ယာရေးဦးစီးမှူးက အတွင်းရေးမှူးလုပ်ပြီး
(၅)ဦးကော်မတီလုပ်ပါတယ်။ မြို့နယ်တွေမှာရွေးပြီးပြီ ဘယ်သူတွေမှန်း လွှတ်တော်ဥက္ကဌတောင်မသိဘူးတဲ့။ ပြည်သူလူထုဆိုတာဝေလာဝေးပေါ့ဗျာ။
ထားဝယ်မြို့မိမြို့ဖဆိုတာလည်း လမ်းတောင်ထွက်မလျှောက်ရဲတဲ့လူတွေပါသတဲ့။ လူမှုထူးချွန်ရတဲ့သူက အဓမ္မကျင့်မှုနဲ့တရားစွဲခံတယ်။
လိုအပ်နေတဲ့အချိန်မှာ လူမှန်နေရာမှန်ဖြစ်ဖို့လိုပါတယ်။ ( Right person, Right Job in Right time ပါ)
သူရဦးရွှေမန်းလာတော့ လူထုနဲ့မတွေ့ရဘူး။ လူအတုတွေနဲ့တွေ့သွားတယ်လို့ ကာတွန်းဆရာကရေးတယ်။ ပြည်သူလူထုနဲ့တွေ့ချင်လား။ ခေတ်နောက်ပြန်ဆွဲလိုစိတ်၊
အာဏာကိုလက်ကိုင်ထားလိုစိတ်၊ ကိုယ်မတတ်တာကို အများသိမှာကြောက်တဲ့စိတ်၊ အတ္တအကျိုးရှာစိတ်တွေ ၊ ကိုယ်မှားတာကို အများသိမှာကြောက်တဲ့စိတ်တွေဖယ်ပြီး
ပွင့်လင်းမြင်သာတဲ့စိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်၊ ဆွေးနွေးညှိုနှိုင်းလိုစိတ်၊ တိုင်းပြည်ကိုချစ်မြတ်နိုးစိတ်တွေနဲ့ တံခါးဖွင့်လိုက်ပါ။
ပြည်သူတွေဝင်လာပါလိမ့်မယ်။ အဲဒီနေ့ဟာ တိုင်းပြည်တိုးတက်တဲ့နေ့ပါ။
ဆရာဇော်(ဇော်သူရ)