
သင် ဆိုင်ကယ်တစ်စီးနဲ့ ဘိတ်ဘက်ကို သွားကြည့်လိုက်ပါ။ ကတ္တရာလမ်းအတိုင်းပေါ့။ ဆိုင်ကယ်မောင်းရင်း အိပ်ငိုက်လာပါမယ်။ မပူပါနဲ့ မကြာမီ အိပ်ငိုက်ပြေသွားမယ်။ အိပ်ငိုက်ပြေရုံတင်မဟုတ်ပါဘူး၊ ချွေးပါပြန်လာပါ မယ်။ စိတ်မညစ်ပါနဲ့ ရှေ့မှာ လမ်းပြန်ကောင်းပါလိမ့်မယ်။ ကတ္တရာလမ်းသက်သက်မို့ အာရုံပြောင်းပေးပါလိမ့် မယ်။မြေနီလမ်းကိုရောက်ပါအုံးမယ်။ပြီးတော့ကျောက်လမ်းကိုလည်းတွေ့ရပါလိမ့်မယ်။
လမ်းသွားရင်း သတိထား ပါ။ ကျောက်မိုင်းခွဲလို့ ဒုက္ခတွေ့နိုင်တယ်။ သမုတ်ချောင်းကို လှေနဲ့ကူးပြီးရင် ဘိတ်ကို ရောက်ပါတယ်။ သင်ရဲ့ ခရီးစဉ်အတွင်း ရသပေါင်းစုံတွေ့ရပါမယ်။
ကျွန်တော် ကဗျာတစ်ပုဒ်ရေးဖူးပါတယ်။ “ နွေဆိုရင်ဖုန်ထပါလို့၊ မိုးရောက်ရင်ဗွက်ထူ ၊ ကတ္တရာတကယ် မတွေ့ပါဘူး၊ အခါအခါမြေဖို့ရှာတယ်၊ ပျက်နေအစဉ် ပြင်ခဏပါဘဲ၊ ဘတ်ချက်ရယ်မကူ၊ ရပြန်လည်း တလွဲလုပ် တယ်၊ အများသိ သူယူ။ မွေးဇာတာကံရယ်ခေလို့ သွားရတယ်ဒီလမ်းမှာဖြင့် ချိုင့်ခွက်တွေထူ၊ ကတိတွေရင်ဝယ်ပိုက်ပါလို့ ပြည်သူတွေ ၀မ်းမနည်းပါဘူး အချိန်တန်ကောင်းလိမ့်မယ်လို့ မျှော်ရင်းသာ အိပ်မက်မက်တယ် ဒို့ပြည်သူလမ်း။”
ကျွန်တော့် ကျောင်းဆရာလစာလေးနဲ့မလောက်တော့ ယောက္ခမခြံမှာ ကပ်ပြီး ကွမ်းရွက်ပင်စိုက်၊ ရာဘာလေး စိုက်၊ ကွမ်းပင်လေးစိုက်ပါတယ်။ (၄၂)မိုင်ဝေးတဲ့ ရငဲရွာကို သောကြာနေ့ညနေပိုင်းသွားတယ်၊ တနင်္လာနေ့ အစောကြီးပြန်ပါတယ်။ လမ်းရဲ့မာယာကို ကျွန်တော်သိပ်သိပါတယ်။ ၄၂မိုင်ဝေးတဲ့ခရီးကို (၃)နာရီလောက်သွား ရတယ်။ အစောပိုင်းမသိသာပေမယ့် ကြာလာတော့ ရင်အောင့်လာတယ်၊ခါးအောင့်လာတယ်။ ရောက်ရင် ၁/၂နာရီငြိမ်ပြီးနားနေရတယ်၊ မလှုပ်နိုင်တော့ဘူး။ ဆိုင်ကယ်ဆိုရင်လည်း မကြာခဏပြင်၊ အစိတ်အပိုင်းတွေ လဲပေါ့ဗျာ။ မိုးအခါရေပြည့်နေတဲ့ ချိုင့်ထဲ ကျလို့ ဆေးခန်းရောက်ခဲ့ဖူးတယ်။

ကျွန်ဝယ်ရာအစစ်ပါတဲ့ ကျွန်တော့်တပည့်တွေနဲ့ ဆိုင်ကယ်စီးရင်း သီချင်းလေးညီးမိတယ်။ အိုး...တောင်ပိုင်း လမ်း၊ ထားဝယ်-ဘိတ်ကားလမ်း၊ အိုး..အိုး.. အိုး ရေးကားလမ်း။ ကျွန်တော်လေ ရာဘာပေါ်ချိန် ကွမ်းသီးခူးချိန် မှာ ရွှေလီရတနာကားကြီးနဲ့ ဘိတ်မြို့ဘက်သို့ အလည်တစ်ခါသွားတယ် လမ်းတွေကဆိုး ချိုင့်တွေကပေါ ဇောချွေးကလေးများပြန်နေအောင်မောင်းတယ်၊ တစ်ခါတစ်လေကုန်ချိန်များလို့ လေးကျိုးခဲ့ရင် ရေပူမှာတောင် တစ်ထောက်နားအုံးမှာ၊ အိုး..တောင်ပိုင်းလမ်း၊ ထာဝယ်-ဘိတ်ကားလမ်း၊ အိုး.အိုး..အို ရေးကားလမ်း လို့ စိတ်ဖြေသီချင်းလေးဆိုပါတယ်။
ခြေဗွေပါတဲ့ကောင်ဆိုတော့ ဟိုရောက်ဒီရောက်ပေါ့ဗျာ၊ ရှင်မော်၊ ကံပေါက်၊ မေတ္တာ အသာထား ဘိတ်၊ တနင်္သာရီ၊ ပြည်ကြီးမဏ္ဍိာုင်၊ ရတနာပုံအထိ ဆိုင်ကယ်စီးရင်းသွားဖူးတယ်။ နွေဆိုရင် ဖုန်းတထောင်းထောင်းနဲ့။ ကားကြီးကားငယ်တွေကျော်ရင် ရပ်ထားလိုက်ရတယ်၊ ဆက်မောင်းလို့မရတော့လို့။ မိုးဆိုရင် ဗွက်ထူလို့ လမ်းဘေးဆိုင်ကယ်လမ်းကမောင်းရတယ်၊ တစ်ချို့နေရာတွေဆိုရင် ခြံတွေထဲ ရာဘာပင်တွေ၊ ကွမ်းပင်တွေထဲ ကနေ မောင်းခဲ့ဖူးတယ်။ ဘယ်ကရောက်လာမှန်းမသိတဲ့ သံထိုးလို့ဘီးပေါက်ရင် သြော်...ပြည်ကြီးရှင်တွေ... ပြည်ကြီးရှင်တွေလို့ ဂါထာရွတ်တတ်ခဲ့ပါတယ်။

ကျွန်တော်က ခေတ်ပျက်ကြီးထဲ လူဖြစ်ရတော့ အတွေးအခေါ်ပျက်၊ အတွေးအခေါ်ဟောင်းတွေဘဲရှိတာပါ။ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရလက်ထက်ရောက်တော့ ကျွန်တော်လည်း ဒီမိုကရေစီ အတွေးလေးတွေတွေးတတ်လာပါတယ်။ခေတ်မီအောင်လို့ပါ။ နိုင်ငံရေးကို နားမလည်ပါဘူး။ ကိုယ်ဖြစ်ချင်တာ လျောက်ပြောတာဘဲ သိပါတယ်။
ကိုယ်သွားတဲ့လမ်းလေးမကောင်းတော့ ကောင်းချင်တာပေါ့ဗျာ။ လူဘဲ၊ အကောင်းကြိုက်တာပေါ့။ အချိန်လည်း သက်သာ၊ လူလည်းသက်သာ၊ ပစ္စည်းလည်းသက်သာကိုး။ ကျွန်တော်မှားရင်လည်းမှားမယ်။ မနှစ်က (၂၀၁၂-၂၀၁၃)လမ်းအတွက် ဘတ်ချက် ဘီလီယံ ၃၀ကျော်ရသတဲ့။ သန်းပေါင်း ၃၀၀၀၀ကျော်ပေါ့။ သိန်းနဲ့တွက်ရင် ၃၀၀၀၀၀ကျော်ရှိတယ်။ ၀မ်းသာလိုက်တာ၊ ငါလမ်းကောင်းကောင်းသွားရတော့မယ်။ ကလေးတွက်နည်း အတိုင်း စိတ်တွက်လေးတွက်ကြည့်တယ်။ ၁မိုင် သိန်း၁၀၀၀ကုန်မယ်။ မဟုတ်သေးပါဘူး၊ ငါက အင်ဂျင်နီယာမှ မဟုတ်တာ၊ မှားနိုင်တယ်၊ သူငယ်ချင်းအင်ဂျင်နီယာတွေလိုက်မေးကြည့်တယ်၊ မျိုးစုံကြားရတယ်။ ပြီးတော့ ခေတ်ဆိုးကြီးရဲ့ အတွေ့အကြုံအရ ဟို ၁၀%၊ ဒီ၁၀%ဆိုတာလည်းသိထားတော့ ၁မိုင် သိန်း ၂၀၀၀ကုန်ကွာ ဆိုပြီးတွက်ကြည့်တော့ မိုင် ၁၅၀ လောက်ခင်းလို့ရတယ်။ ပျော်လိုက်တာ။
ဟိုဟိုဒီဒီခရီးသွားရင်း လမ်းတွေလိုက်ကြည့်မိတယ်။ လမ်းတွေချဲ့၊ တောင်တွေဖြို ၊ ကျောက်တွေထုတ်၊ လမ်းလုပ်သားတွေ အများကြီး ၀မ်းသာလိုက်တာဗျာ၊ ကျေးဇူးတင်လိုက်တာ၊ လုပ်ရင်းနဲ့မိုးကျလာတယ်။ လုပ်ငန်း အများစုရပ်သွားတယ်။
မလွဲတောင်မှာလမ်းတွေကျယ်သွားတယ်။
ဘို့တောင်မှာ လမ်းတွေကျယ်သွား တယ်။ မေတ္တာဘက် သုံးထပ်ကွေ့၊ ၂၅မိုင် အတက်တွေမှာလမ်းတွေကျယ်သွားတယ်၊ ဗွက်တွေထသွားတယ်၊ ချောင်းတွေနောက်သွားတယ်။ ခြံတွေမြေအောက်ရောက်သွားတယ်။ မိုးတွင်းမြေတွေပြိုလာတယ်။
လောင်းလုံးဘက်ရောက်တော့ တသက်လုံးဖြောင့်နေတဲ့လမ်း တတံတားအသစ်ဆောက်လို့ ကောက်သွားလေရဲ့။ တော်လိုက်တာ၊ ဆုပေးသင့်တယ်လို့ အကြံပေးချင်လိုက်မိတယ်။
သိပ်တော်တဲ့လူတွေပါ။ လမ်းခင်းဖို့ကျောက် အဝေးကြီးသွားရှာစရာမလိုပါဘူး။ လမ်းဘေးကပ်နေတဲ့ ရေတံခွန်တွေ ဘ၀တစ်ပါးပြောင်းသွားတယ်။ မိုင်းခွဲမယ်လို့ပြောပြီး လမ်းပိတ်မိုင်းခွဲလေရဲ့၊ အမိန့်အရဆိုတော့ ကျွန်တော်တို့ ပြည်သူက ရပ်စောင့်ပေါ့ဗျာ။ မြို့ထဲမှာ လမ်းလေးတွေကောင်းလာလို့ဝမ်းသာနေတုန်း တံတားတွေလုပ်လေရဲ့၊ ပြီးတော့ ဒီအတိုင်းထားခဲ့တယ်။ စဉ်းစားမရတာက လမ်းလုပ်တုန်းက မပါဘူးလား၊ တစ်ခါတည်းလုပ်လိုက်ရင် တံတားလည်းကောင်း၊ လမ်းလည်းကောင်းမှာ။ အခု မောင်းမကန်လမ်းလုပ်နေပြန်ပြီ၊ အမိန့်အရဆိုတော့ လုပ်ချင်သလိုလုပ်တာပါဘဲ။
နယ်စပ်ဂိတ်တွေဖွင့်တော့ ကောင်းတာပေါ့ ၊ လမ်းက ကြားတော်မူတဲ့အတိုင်းပါဘဲ။
မောတောင်လမ်းကို ကန်ထရိုက်ယူပြီး မလုပ်နိုင်လို့ ယိုးဒယားကို အပ်တယ်။ ဒီအတွက် ယိုးဒယားကို မြေဧက၄၀၀၀၀ပေးရသတဲ့။ တစ်ဦးဆို ဧက ၅၀၀၀၀လို့တောင်ပြောတယ်။
အခု ၂၀၁၃-၂၀၁၄မှာ ဘတ်ချက်ဘယ်လောက်ရတယ်မသိရပါဘူး။
မိုးကုန်ပါတော့မယ်။ လမ်းတွေခင်းကြပါအုံး မယ်။
ကျွန်တော်တို့ အိပ်မက်တွေ ဖြစ်/မဖြစ်ကြည့်ရအုံးပါမယ်။
မာယာများလှတဲ့လမ်းအကြောင်းထဲက အဖြစ်အပျက်တစ်ချို့ဖြစ်ပါတယ်။
ဆရာဇော်သူရ