၂၀၀၄ ခုနှစ်ကတည်းက ဗိုလ်ချုပ်ဟောင်း ဦးခင်ညွှန့်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ယခု အချိန်ထိ ထောင်ထဲတွင် ကျန်နေသေးသော ထောက်လှမ်းရေး တပ်ဖွဲ့ဟောင်း ၂၂ ဦးကို လွှတ်ပေးရေး အတွက် မိသားစုများက ယမန်နေ့က စာရေး တောင်းဆိုလိုက်သည်။
၎င်းမိသားစုများ ရေးသားထားသော စာကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စု လွတ်တော်နာယက၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ၊ တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်၊ လွှတ်တော်အမတ် ဦးသိန်းညွန့်၊ လွှတ်တော်အမတ် ဒေါက်တာ အေးမောင်၊ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော် သံဃာ မဟာနာယကအဖွဲ့ ဥက္ကဌ ၊ဆရာတော် အရှင် ဥာဏိဿရ၊ အလိုတော်ပြည့် ဆရာတော်နှင့် ယခင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် တို့ကို ပေးပို့ထားသည်။
စာထဲတွင် အရပ်ဘက် အုပ်ချုပ်ရေး စနစ်ဖြင့် ဒီမိုကရေစီအရေး၊ လူအခွင့်အရေး၊ တရားမျှတမှုနှင့် တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော တာဝန်ရှိသူများ အနေဖြင့် ၄င်းတို့(၂၂)ဦးအား၊ လူအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် လူသားခြင်း စာနာ ထောက်ထားသော အားဖြင့် ဖမ်းဆီး ချုပ်နှောင် ထားခြင်းမှ ပြန်လည်လွှတ် ပေးသင့်ကြောင်း ဖေါ်ပြသည်။
ထောင်ထဲတွင် ကျန်နေသေးသော ထောက်လှမ်းရေးဟောင်းများကို ဖေါ်ပြရာ ၎င်းတို့မှာ
၁။ ဦးသိန်းဆွေ( မြင်းခြံထောင်)၊ ၂။ ဦးသန်းထွန်း (မုံရွာထောင်) ၃။ ဦးတင်ဦး (လားရှိုးထောင်)
၎။ ဦးမြင့်အောင်ကျော်( သာယာဝတီထောင်) ၅။ ဦးမောင်သန်း (ပုသိမ်ထောင်)
၆။ ဦးတင်လှ (ကလေးထောင်) ၇။ ဦးအောင်ငွေ (ပုသိမ်ထောင်) ၈။ ဦးထွန်းလှအောင် (မြစ်ကြီးနားထောင်) ၉။ ဦးဇော်ထွန်းအောင် (ဟင်္သာတထောင်) ၁ဝ။ ဦးမင်းသူ (မအူပင်ထောင်)
၁၁။ ဦးမြင့်ဦး (သာယာဝတီထောင်) ၁၂။ ဦးနေစိုး (ပြည်ထောင်) ၁၃။ ဦးမိုးသူ (ဘားအံ)
၁၄။ ဦးနိုင်ဌေး (တောင်ငူ ထောင်) ၁၅။ ဦးမင်းလွှင် (ရွှေဘိုထောင်) ၁၆။ ဦးထိန်ဝင်း (မိတ္ထိလာထောင်)
၁၇။ ဦးစန်းအောင် (မော်လမြိုင်ထောင်) ၁၈။ ဦးအောင်ကျော်မိုး (ပခုက္ကူထောင်)
၁၉။ ဦးအောင်ဇော် (မြိတ်ထောင်) ၂၀။ ဦးတင်ထွဋ် (ပဲခူးထောင်)
၂၁။ ဦးမြတ်ဆွေ( တောင်ကြီးထောင်) နှင့် ၂၂။ ဦးတင်ထွန်း (ရွှေဘိုထောင်) တို့ ဖြစ်ကြသည်။
အမည် မဖေါ်လိုသူ မိသားစုဝင် တစ်ဦးက ပြောကြားရာတွင် သူတို့
(၂၂) ဦးအား ပြောင်းလဲလာသော မြန်မာနိုင်ငံရေး အခြေအနေများကြောင့် တောင်းဆိုရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲနေသော ယခုလို ခေတ်ကာလမျိုးတွင် နိုင်ငံသား တစ်ဦး၏ ရသင့်ရထိုက်သော အခွင့်အရေးအရ တောင်းဆိုရခြင်း ဖြစ်ကြောင်း၊ လူသားချင်း သနားငဲ့ညှာသောအားဖြင့် ပြန် လွှတ်ပေးသင့်သည်ဟု ထင်မြင်ကြောင်း၊ အကယ်၍ မလွှတ်ပေးနိုင်ပါကလည်း သူတို့၏ အမူများကို ပြန်လည် စိစစ်ပေးရန် နိုင်ငံတော် အကြီးအကဲများ တောင်းဆိုလိုကြောင်း ပြောကြားသည်။
နိရဉ္စရာ