
ရန်ကုန်၊ နိုဝင်ဘာ ၁၈
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်အပြီး နှစ်ပေါင်း ၆၀ နီးပါးအတွင်း နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။
မွန်ဂိုလီးယား ခေါင်းဆောင်၏ ခရီးစဉ် ပထမနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံအပြီး နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းနှင့် သတ္တုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံ- မွန်ဂိုလီးယား ဆက်ဆံရေးတို့ကို ဆွေးနွေးကြောင်း သမ္မတရုံးက ထုတ်ပြန် ကြေညာသည်။
“ဒီနေ့ မွန်ဂိုသမ္မတ ခရီးစဉ်မှာ အထူးနိုင်ငံကူး လက်မှတ် ကိုင်ထားတဲ့သူတွေ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် လက်မှတ် ထိုးတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် မွန်ဂိုလီးယား ခေါင်းဆောင်၏ ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။
မွန်ဂိုလီးယား သမ္မတ အယ်လ်ဘတ်ခ်၏ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ အတွင်းက မွန်ဂိုလီးယား နိုင်ငံသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်သည့် ဒီမိုကရေစီ အသိုက်အဝန်း ညီလာခံ၌ မိန့်ခွန်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယား နိုင်ငံတို့သည့် ၁၉၅၆ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သော်လည်း ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးပြီး မြန်မာနိုင်ငံ ဆိုင်ရာ မွန်ဂိုလီးယား သံရုံးကို လာအို နိုင်ငံ၌ ဖွင့်လှစ်ထားသည်။
The Voice Weekly