Headlines News :
Home » » တဲမှာ လူမပြတ်စေနဲ့” (ထောင်ချခံ ထားဝယ်လယ်သမားတစ်ဦး၏ ကောက်ကြောင်း)

တဲမှာ လူမပြတ်စေနဲ့” (ထောင်ချခံ ထားဝယ်လယ်သမားတစ်ဦး၏ ကောက်ကြောင်း)

Written By လွင့်မောင်မောင် on Wednesday, July 23, 2014 | 11:31 PM



ထားဝယ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရစဉ် တွေ့မြင်ရသော ကိုကြူလွင်၏ မိသားစု


(တနင်္သာရီ အပတ်စဉ် အတွဲ ၂ အမှတ် ၅ မှ - ရဲထွဋ်၊ သည်မွန် ရေးသည်)

       တဲမှာ လူမပြတ်စေနဲ့” (ထောင်ချခံ ထားဝယ်လယ်သမားတစ်ဦး၏ ကောက်ကြောင်း)     

အခုထိ ကိုကြူလွင် စိတ်အပူဆုံးကိစ္စက သူ့လယ်နဲ့ သမီးလေးတွေ ဖြစ်နေဆဲ။

“ကျွန်မကိုတောင်စိတ်မပူဘူး။ သူ့လယ်တွေကိုပဲ စိတ်ပူနေတယ်”

အလုပ်ကြမ်းနှင့် ထောင် ၆ လခွဲကျနေသည့် ကိုကြူလွင်ကို ထောင်ဝင်စာ
သွားတွေ့ခဲ့သည့် ဇနီးဖြစ်သူ မမူမူစန်းက ပြန်ပြောင်းပြောသည်။

ထောင်ဝင်စာသွားတွေ့ချိန်တွင် သူ့မြေတွေကို အခြားသူများ ယူသွားမည်စိုးသည့်အတွက် လယ်တဲတွင် လူမပြတ်စေဖို့ ကိုကြူလွင်က တဖွဖွမှာသည်ဟု မမူမူစန်းက ပြောသည်။

သူ့တွင် ပြောချင်သည့် စကားများစွာ ရှိပေမည်။ ယင်းကိုလည်း တရားရုံးမှ အမိန့်မချခင်တစ်ရက်က သူရေးခဲ့သည့် စာက သက်သေပြနေသည်။
ထိုစာကို လူမှုကွန်ရက်စာမျက်နှာပေါ် တင်သူက ကိုကြူလွင့်နည်းတူ ထောင်ချခံရသည့် လယ်သမားတစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဝင်း။

စာတွေအများကြီး ရေးချင်သော်လည်း စာမတတ်သည့်အတွက် မရေးနိုင်ဟု ကိုကြူလွင်က ပြောကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးပါသည်။

သူ့စာက သမီးနှစ်ယောက်ကို အဓိက ရည်ရွယ်ပြီး ရေးသည့်စာ။
အဖေ့စကားနားထောင်ဖို့၊ သတ္တိရှိဖို့ ၊ စိတ်နာပြီး ကြိုးစားဖို့ မှာသည်။ သမီးနှစ်ယောက်ကို အဖေတစ်ယောက်အနေဖြင့် အားကိုးကြောင်းလည်း ရေးထားသည်။

စိတ်ထားဖြူဖြူစင်စင်ထားဖို့၊ အများအတွက် စိတ်ထားကောင်းဖို့လည်း ပြောသည်။

“စာတတ်အောင်ကြိုးစားဖို့လဲ အမြဲပြောတယ်။ မီးမီး လိမ်လိမ်မာမာနေပါ့မယ်။ ဖေဖေကို လူမရိုက်ဘဲနဲ့ ရိုက်တယ်လို့ ပြောပြီး ထောင်ချလိုက်တယ်။ ငိုချင်တယ်။ အောက်လည်း အောက်မေ့တယ်။ တွေ့လည်း တွေ့ချင်တယ်”ဟု ကိုကြူလွင်၏ သမီးကြီး ပထမတန်းကျောင်းသူ မသက်သက်စံက ဖွင့်ဟသည်။

ကိုကြူလွင့်စာတွင် သမီးတွေကို ရှေ့နေဖြစ်အောင် ကြိုးစားပါဟုလည်း ရေးထားသည်။ အချို့ဝါကျများသည် ရေးရေးမျှသာ မှန်းဆနိုင်ပြီး တိတိကျကျ အဓိပ္ပါယ်မဖော်နိုင်ပေ။ သို့သော် သူပြောချင်နေသည်ကို သိသလိုလို ရှိနေသည်။

“တရားရုံးက အမိန့်မချခင် တစ်ရက်မှာ သူရေးထားတဲ့စာ ဖတ်ပြတာတော့ ကြားမိတယ်။ သူ့သမီးတွေကို ဖေဖေတို့ စာမတတ်လို့ အခုလိုဖြစ်နေရတာဆိုပြီး သူ့သမီးတွေကို စာတတ်အောင် ကြိုးစားဖို့ ပြောနေတယ်။ ရှေ့နေတွေဖြစ်အောင် ကြိုးစားဖို့လဲ ဖတ်ပြတဲ့ အထဲမှာ ပါတယ်”ဟု မမူမူစန်းက ပြောသည်။

ကိုကြူလွင့်တွင် သမီးနှစ်ယောက်ရှိပြီး မသက်သက်စံက သမီးကြီး ပထမတန်း အသက် ၇ နှစ်ရှိပြီး သမီးအငယ်က မူကြိုကျောင်းသူ အသက်က ၄ နှစ် နာမည်က မမယ့်မယ့်လွင်။

“ဖေဖေရှိတုန်းက နေ့တိုင်း ရေခပ်ပေးချိုးတယ်။ အခုတော့ မိုးရေပဲ ခံချိုးနေရတယ်” ကိုကြူလွင့်သမီးကြီး မသက်သက်စံက ပြောသည်။

လက်ရှိတွင် သမီးနှစ်ယောက်တာဝန်ကို ကိုကြူလွင့် ဇနီး မမူမူစန်းက ပေါင်းယူထားရသည်။ နေ့စဉ် စားဝတ်နေရေးကို ကန်စွန်းရွက်ခူးပြီး ဖြေရှင်းနေပြီး ကန်စွန်းရွက်ခူးသည့် ဝင်ငွေက တစ်နေ့ နှစ်ထောင် သုံးထောင် ဝန်းကျင်သာ ရသည့်အတွက် ရသလောက်နှင့် လောက်ငအောင် သုံးနေရသည်ဟု သူမက ပြောသည်။

“ကန်စွန်းရွက်ကုန်ရင် ဘယ်လို ဆက်နေရမလဲ မသိဘူး” သမီးနှစ်ယောက်၏ ကျောင်းလခနှင့် ကျူရှင် လခများကိစ္စ မည်သို့ လုပ်ရမည်ကို မသိသေးဟု ဖွင့်ဟသည်။

အခုလက်ရှိတွင် သူ၊ ကိုကြူလွင်သည် အခြားလယ်သမားများဖြစ်သည့် ကိုထွန်းထွန်းဝင်းအပါအဝင် ၉ ဦးနှင့်အတူ အကျဉ်းကျခံနေရသည်။

အလုပ်ကြမ်းနှင့်
အမြင့်ဆုံးထောင်ဒဏ် ခြောက်လခွဲအပါအဝင် ထောင်ဒဏ်ငွေဒဏ် အသီးသီး ချမှတ်ခံခဲ့ကြရသည်။

ကိုကြူလွင့်နည်းတူ အခြားထောင်ကျခံနေရသည့် လယ်သမားများတွင်လည်း ပြောစရာ မှာစရာ စကားများစွာ ရှိပေမည်။ စိုးရိမ်စိတ် များနေသည်။ စိုးရိမ်ရအောင်လည်း သူတို့ ကိုယ်တွေ့။

ဌာနဆိုင်ရာများနှင့် နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့ပြီးနောက် လယ်သမားများကို တရားစွဲတင်ရန် ရဲစခန်းတွင် ခေါ်စစ်နေချိန် သိမ်ဆည်းမြေများတွင် ဝင်းခြံအပြီး ခတ်ခဲ့သည်။

လက်ရှိအချိန် လယ်သမားများကို ထောက်ချပြီးနောက်ပိုင်းတွင်လည်း
သိမ်းဆည်းမြေများတွင် သက်ဆိုင်ရာက ခြေလှမ်းစိပ်စိပ် လှုပ်ရှားလာသည်ဟု ကိုကြူလွင့်နည်းတူ တရားစွဲခံရပြီး ဒဏ်ငွေတစ်သောင်း ဆောင်ခဲ့ရသည့် ဒေါ်ရီရီထွေးက ဆိုသည်။

“ကိုထွန်းထွန်းဝင်း မြေထဲက ဆေးရုံဆိုရင် အရင်က အလုပ်သမားတွေပဲ ရှိတယ်။ အခုတော့ ကားကြီးကားငယ်နဲ့ လူတွေ လက်ညှိုးထိုးထိုးပြီးလုပ်နေကြတယ်။ လယ်သမားတွေကို ထောင်ချပြီးမှပဲ ဒီလိုလာလုပ်ရဲသလားလို့ပဲ တွေးမိတယ်”ဟု သူမက ဆိုသည်။

ကိုကြူလွင်ကတော့ ထောင်ဝင်စာလာတွေ့သော သူ့မဟေသီကို တဖွဖွမှာ နေသည်။

“တဲမှာ လူမပြတ်စေနဲ့”


ကိုကြူလွင်ရေးသော စာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template