Headlines News :
Home » » သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိဟု သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပြန်လည်ပေးပို့

သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိဟု သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပြန်လည်ပေးပို့

Written By လွင့်မောင်မောင် on Saturday, July 26, 2014 | 4:07 PM

သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ ဇူလိုင် ၂၄ ရက်က သ၀ဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ တရားမျှတမှုရှိစေရေး ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် စဉ်းစားဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကက သမ္မတထံ သ၀ဏ်လွှာတစ်စောင် ဇူလိုင် ၂၂ ရက် ပေးပို့ခဲ့ပြီးနောက် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ ယခုကဲ့သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ သ၀ဏ်လွှာတွင် သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အထူးအလေးထား ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှု အဆင့်သည် အရှေ့တောင်အာရှတွင် ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၃၅၄ တို့အရ နိုင်ငံသားများအနေဖြင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရရှိသည့်နည်းတူ တာဝန်ရှိမှုများကိုလည်း ရှင်းလင်းစွာပြဋ္ဌာန်း ထားရှိပါကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမုန်းပွားစေမည့် ရေးသားပြောဆိုမှုများနှင့် ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့်နိုင်ငံသားကမျှ လက်ခံလိုခြင်းမရှိကြောင်း၊ တရားဥပဒေစိုးမိုးမှု ရှိမှသာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အေးချမ်းသာယာမည်ဖြစ်ပါကြောင်း သမ္မတ၏ သ၀ဏ်လွှာတွင် ပါရှိသည်။

အလားတူ သ၀ဏ်လွှာတွင် ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့်ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်ကြောင်း၊ ကမ္ဘာ့အလယ်တွင် သိက္ခာကျဆင်းခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာရှိသော မီဒီယာ ဖြစ်စေလိုကြောင်းနှင့် ဘက်လိုက်မှုကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့်အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိကြောင်း သ၀ဏ်လွှာ၌ ပါဝင်သည်။

သို့ဖြစ်၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါကြောင်းနှင့် တရားဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သမ္မတက သ၀ဏ်လွှာတွင် ထည့်သွင်းပြန်ကြားသည်။

ထို့ပြင် ဇူလိုင် ၂၁ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများကို နေပြည်တော်၌ တွေ့ဆုံရှင်းလင်းခဲ့ကြောင်း သ၀ဏ်လွှာ၌ ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ တွင် “နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သော သ၀ဏ်လွှာတွင် “လက်ရှိကာလသည် နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖော်ဆောင်လျက်ရှိပြီး သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နေရာပေး ဆောင်ရွက်လျက်ရှိသော ကာလဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် အတွေ့အကြုံနုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ် ပြင်းထန်သည့်အတွက် အချို့ကိစ္စများ၌ လွန်ကဲသော ရေးသားပြောဆိုမှုများ ရှိနိုင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ထိုသို့သော ကိစ္စရပ် အချို့အတွက် စိတ်ရှည်သည်းခံ၍ ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကြိုးစားဆောင်ရွက်လျက် ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သို့သော် သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် စာနယ်ဇင်းသတင်းမီဒီယာသမား အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်အနေဖြင့်လည်း အလေးထားစဉ်းစား သုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့်လည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ စဉ်းစားဆောင်ရွက်ပေးမှုကို အချိန်မီ ရှင်းလင်းဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိုးရိမ်စိတ်များ ပြေပျောက်ပြီး အထင်အမြင် လွဲမှားမှုများလည်း လျော့နည်းပပျောက်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေ ချောမွေ့နိုင်မည်ဟု ယူဆပါသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါကြောင်း” ဟု ဖော်ပြပါရှိသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template