တိုက်ရော့ပြုတ်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ (၈)ဦးဒဏ်ရာရ
၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် နေပြည်တော်၊
တပ်ကုန်း မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊
မိုင်တိုင်အမှတ်(၂၃၉/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှ
တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ပခုက္ကူမှ နေပြည်တော်သို့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊
အမှတ်(၂)ရပ်ကွက်နေ သက်နိုင်ဦး(၄၂)နှစ်မောင်းနှင်လာသော 2J/×××× STARAEX
"ယောရွှေပြည်''ခရီးသည်တင် ယာဉ်မှာ တိုက်ရော့ပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ
လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ အနက်
ယာဉ်မောင်း သက်နိုင်ဦးနှင့် တစ်ရပ်ကွက်တည်းနေ ဦးခင်အေးမောင်(၅၃)နှစ်ပါ(၇)ဦး
တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့်
နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး
သက်နိုင်ဦးအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၁၅၊
ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်