Headlines News :
Home » » သမ္မတဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ထားသည့် ရွှေသံလွင်ကုမ္ပဏီမှ ပြုလုပ်သော ရှင်အပါး ၅၀၀၀ အလှူပွဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဏ္ဍပ်များပြိုကျပျက်စီးပြီး သမ္မတခရီးစဉ် ပျက်ပြယ်

သမ္မတဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ထားသည့် ရွှေသံလွင်ကုမ္ပဏီမှ ပြုလုပ်သော ရှင်အပါး ၅၀၀၀ အလှူပွဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဏ္ဍပ်များပြိုကျပျက်စီးပြီး သမ္မတခရီးစဉ် ပျက်ပြယ်

Written By Live100 on Sunday, May 17, 2015 | 7:44 AM

 

မြောင်မြို့နယ် ဘူးကိုင်းစံပြကျေးရွာတွင် အလှူမဏ္ဍပ်များ ပြိုကျပျက်စီးပြီးနောက် ပစ္စည်းများ သယ်ဆောင်နေကြသည်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် ဘူးကိုင်းစံပြကျေးရွာ၌ ရွှေသံလွင်ကုမ္ပဏီမှ ပြုလုပ်သော ရှင်အပါး ၅၀၀၀ အလှူပွဲတွင် မေ ၁၆ ရက် နံနက်ပိုင်း အစောပိုင်းအချိန်က အဆိုပါ အလှူပြုလုပ်နေသည့်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အလှူမဏ္ဍပ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် အလှူတော်မင်္ဂလာ ရေစက်ချပွဲသို့ တက်ရောက်မည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်လည်း ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။ ရှင်အပါး ၅၀၀၀ အလှူ တော်မင်္ဂလာပွဲသို့ နိုင်ငံတော်သမ္မတ လာရောက်ရန် စီစဉ်ထားခဲ့သော်လည်း ယင်းနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အစီအစဉ်ပျက်ပြယ်သွားခဲ့ပြီး ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း  သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးဆောင်ကာ ပြုလုပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှင်မပြုရသေးသည့် ကလေးငယ်များအား ရှင်ပြုပေးသည့် အလှူတော်မင်္ဂလာပွဲအား မေ ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ ကလေးငယ်စုစုပေါင်း ၅၀၀၀ ကျော်အား ရှင်သာမဏေဘောင်အတွင်းသို့ အဆိုပါနေ့တွင် သွတ်သွင်းပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် မေ ၁၆ ရက် နံနက် ၂ နာရီအချိန်ခန့်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဆောက်လုပ်ထားသည့် အလှူတော်မင်္ဂလာမဏ္ဍပ်များအတွင်းသို့ ရေ၀င်နစ်မြုပ်ခြင်း၊ မဏ္ဍပ်အချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အလှူတော်မင်္ဂလာ ရေစက်ချမင်္ဂလာအခမ်းအနားသို့ တက်ရောက်မည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ပါ ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။ မေ ၁၆ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ရေစက်ချမင်္ဂလာ အခမ်းအနားအား မေ ၂၄ ရက်သို့ ပြောင်းရွှေ ခဲ့ရကြောင်းလည်း သိရသည်။

“အလှူပွဲက မိုးရွာပေမယ့် အထမြောက်ခဲ့ပါတယ်။ ရှင်အပါး ၅၀၀၀ ကျော်ကိုလည်း သာသနာ့ဘောင်အတွင်း သွတ်သွင်းပေးပြီးခဲ့ပြီလေ။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ ဒီအလှူနဲ့ပတ်သက်ပြီးတော့ ကြံ့ခိုင်မှုရှိရဲ့လားဆိုတဲ့ သဘောပေါ့။ အလှူတော်မင်္ဂလာရေစက်ချပွဲကိုတော့ မေ ၂၄ ရက်မှာ ဒီနေရာမှာပဲ ပြန်လုပ်သွားမယ်”ဟု ရှင်အပါး ၅၀၀၀ အလှူပွဲ ကျင်းပရာ၌ ဦးဆောင်ဆရာတော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလက မိန့်ကြားသည်။

“ကျွန်တော်တို့ မနေ့က ရှင်အပါး ၅၀၀၀ ကျော်ကို ရှင်သာမဏေဘ၀ကို အောင်မြင်စွာနဲ့ သွတ်သွင်းပေးနိုင်ခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ ရေစက်ချဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ရာသီဥတုအခြေအနေအရ ရေစက်ချမင်္ဂလာအခမ်းအနားကို ယာယီရပ်တန့်သွားတဲ့ သဘောပါ။
ရာသီဥတု ပြန်လည်ကောင်းမွန်သွားပြီဆိုရင် ရေစက်ချ မဟာမင်္ဂလာအခမ်းအနားကို ပြန်လည်ကျင်းပသွားမှာပါ။ ရာသီဥတုဒဏ်ကြောင့် မဟာမဏ္ဍပ်တစ်ခုနဲ့ ရှင်သာမဏေ မဏ္ဍပ်လေးခုလောက် ယိုင်နဲ့သွားပါတယ်။ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုး မရှိပါဘူး။
ရာသီဥတုကလည်း မိုးရွာတာပဲရှိတာပါ။ လေပြင်း လုံးဝမတိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ရှင်အပါး ၅၀၀၀ ပွဲကတော့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ ကူညီဝိုင်းဝန်းပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးစိုးစိုးဇင်က ပြောကြားသည်။

ရှင်အပါး ၅၀၀၀ အလှူပွဲ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ယခင်က ကျင်းပရန် စီစဉ်ထားသည့် အစီအစဉ်များအား ယာယီရပ်နားထားလိုက်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ငွေကျပ် သိန်းပေါင်းများစွာ ဆုံးရှုံးမှုရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေကြသည်။

“မိုးက မနက် ၂ နာရီကျော်လောက်မှာ ရွာတာ။ ရေလည်းများတယ်။ မိုးက တခြားဒေသတွေမှာ နည်းနည်းရွာပြီးတော့ ဒီအလှူ လုပ်တဲ့ ဒေသဘက်မှာ အရမ်းများတော့ မဏ္ဍပ်တွေထဲမှာ ရေတွေဝင်ပြီး နစ်ကုန်တယ်။ တချို့မဏ္ဍပ်တွေဆို ပြိုကျသွားတယ်”ဟု ဒေသခံ တစ်ဦးက ဆိုသည်။

မေ ၁၆ ရက် နံနက်အစောပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ရှင်အပါး ၅၀၀၀ ကျော်အား အလှူမဏ္ဍပ်များအတွင်း၌ ရေများဝင်ရောက်နေခြင်းကြောင့် ဘူးကိုင်းစံပြကျေးရွာအနီးရှိ ကျောက်ရစ်စံပြကျေးရွာတွင် ဆွမ်းလောင်းပွဲအား ပြောင်းရွှေ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ရှင်အပါး ၅၀၀၀ အလှူပွဲအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ပါရမီကုသိုလ် ပံ့ပိုးကူညီဆောင်ရွက်လှူ ဒါန်းမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ် ဘူးကိုင်းစံပြကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလအဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ၊ ဇေယျာလူမှုထူးချွန် ပထမအဆင့်၊ “ကိုးဆယ်ဆအနန္တမေတ္တာရှင် ဆရာတော်” မှ ဦးစီးဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ဦးသာအေး က ဦးဆောင်ကော်မတီဖွဲ့စည်းပြီး၊ ရွှေသံလွင် ကုမ္ပဏီမိသားစုတို့မှ မတည်လှူဒါန်းကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှင်မပြုရသေးသည့် တိုင်းရင်းသားပေါင်းစုံ ရှင်သာမဏေ လောင်းလျာ ၅၀၀၀ တို့အား သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းခြင်း မင်္ဂလာဖြစ်ကြောင်း ကြော်ငြာထားချက်များအရ သိရသည်။                         


ဌေးလှအောင်၊ စိုးမိုးထွန်း Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template