Headlines News :
Home » , » ပုဒ်မ ၅၉(စ)အား သတ္တိမရှိပါက ပြင်ဆင်မည်မဟုတ်ကြောင်းနှင့် သမ္မတနေရာမှာ မက်မောစရာမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသောကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပိုင်ခွင့်လိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပုဒ်မ ၅၉(စ)အား သတ္တိမရှိပါက ပြင်ဆင်မည်မဟုတ်ကြောင်းနှင့် သမ္မတနေရာမှာ မက်မောစရာမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသောကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပိုင်ခွင့်လိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Written By Live100 on Sunday, May 17, 2015 | 7:49 AM




ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အား သတ္တိမရှိပါက ပြင်ဆင်မည်မဟုတ်ကြောင်း နှင့်  သမ္မတနေရာမှာ မက်မောစရာမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသောကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပိုင်ခွင့်လိုချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့၌ မေ ၁၆ ရက် ညနေပိုင်းကပြုလုပ်သည့်  ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့အထိမ်းအမှတ် လူထုတွေ့ဆုံပွဲအပြီး ပြည်သူတစ်ဦးမှ မေးမြန်းသည့် ပုဒ်မ ၅၉(စ) မပြင်ဆင်ပါက မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်းမေးမြန်းမှုနှင့် ဂျပန်နိုင်ငံသူ ကျောင်းသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက် တပ်မတော်နှင့် ဆက်ဆံရေးတို့အား မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

“၅၉(စ)ပေါ့နော်။ ကျွန်မကို သမ္မတ မဖြစ်စေချင်လို့ တမင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲကို ထည့်ထားတဲ့ပုဒ်မဖြစ်ပါတယ်။ အဲဒီတော့ ဒီပုဒ်မကို ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာတော့ စောင့်ကြည့်ရမယ်။ ကျွန်မ မြင်တာတော့ သတ္တိရှိလို့ရှိရင် ပြောင်းမယ်။သတ္တိမရှိရင် မပြောင်းဘူးလို့ ဒီလိုပဲမြင်ပါတယ်။ ပြောင်းလို့ရှိရင် ဘယ်လိုလုပ်မလဲ။ မပြောင်းလို့ရှိရင် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ ကျွန်မတို့နိုင်ငံရေးပါတီတစ်ခု အနေနဲ့ကတော့ ဒီကိစ္စတွေကတော့ စဉ်းစားထားပြီးသားပါ။ တစ်ခါ သူ့အခြေအနေ အချိန်ကြလို့ရှိရင် ကျွန်မတို့ရှင်းပြမှာ ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူတွေကိုတော့ သေချာကျွန်မ ပြောချင်ပါတယ်။ ဒီလိုပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဆိုတာ လူတစ်ယောက်ကို ကန့်သတ်ထားချင်လို့ဆိုပြီးတော့ ရေးဆွဲတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ အဲဒီတော့ အဲဒီလိုလုပ်ပြီးတော့ ရွေးကောက်ပွဲထဲမှာဝင်ပြီးတော့ ယှဉ်ပြိုင်ရမှာ မရှက်ကြဘူးလားလို့ ကျွန်မမေးချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိမိတို့အနေဖြင့် တပ်မတော်နှင့် ပြေလည်စေချင်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ကြောင်းကို ၁၉၈၈ ခုနှစ် အဖွဲ့ချုပ်ကို ထူထောင်ကတည်းက ပြောခဲ့သည့် ကိစ္စဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍  မည်သည့်အချိန်ကမျှ မိမိတို့မသွေဖည်ခဲ့ကြောင်း၊ ယခုအချိန်မှ တပ်မတော်နှင့် အဆင်ပြေအောင် လုပ်သည်ဆိုကာ ဝေဖန်သူများရှိကြောင်းနှင့် မိမိတို့သည် အတိုက်အခံအဖြစ် ရပ်သင့်သည့်အခါ ရပ်တည်ရသလို ပြည်သူများအကျိုးအတွက် အမျိုးသားရင်ကြားစေ့ရေးအတွက် လှုပ်ရှားသင့်သည့်အခါတွင်လည်း လှုပ်ရှားရဲကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မရည်ရွယ်ချက်က ဘာလုပ်ချင်တာလဲပေါ့။ သမ္မတ လုပ်ချင်တာလား၊ တခြားဟာ လုပ်ချင်တာလား။ တကယ်တော့ သမ္မတဆိုတဲ့နေရာက မက်မောစရာတော့ မဟုတ်ဘူး။ သို့သော်ငြားလည်း တစ်ခုတော့ရှိတယ်။ လုပ်ပိုင်ခွင့်တွေရှိတယ်။ ဒီမြန်မာနိုင်ငံကို  ဒီမိုကရေစီရရှိရေးအတွက် လုပ်ပိုင်ခွင့်တွေ တော့ ကျွန်မလိုချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပဲပြောချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့၌ လူထုတွေ့ဆုံပွဲမပြုလုပ်မီ သူမ ခေတ္တတည်းခိုသည့် ငွေမိုးဟိုတယ်တွင် မော်လမြိုင်မြို့  မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မော်လမြိုင်မြို့ ဆင်ဖြူပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကာ ဆေးပဒေသာပင် အလှူငွေကျပ် ၁၁ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဇင်ဝင်း၊ အောင်ကျော်ထက်၊ ဘိုဘိုမြင့် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template