Headlines News :
Home » » အမှားကို ၀န်ချတောင်းပန်ရန် ၀န်လေးနေတတ်သူများအတွက် (သို့မဟုတ်) တပ်မတော်အစိုးရ လက်ထက် ကြံ့ခိုင်ရေး ၀ါရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦးကို ၀န်ချတောင်းပန်ခြင်း – တာမွေအောင်ကို

အမှားကို ၀န်ချတောင်းပန်ရန် ၀န်လေးနေတတ်သူများအတွက် (သို့မဟုတ်) တပ်မတော်အစိုးရ လက်ထက် ကြံ့ခိုင်ရေး ၀ါရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦးကို ၀န်ချတောင်းပန်ခြင်း – တာမွေအောင်ကို

Written By လွင့်မောင်မောင် on Saturday, May 23, 2015 | 8:28 AM


  နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စံချိန်ဟိုတယ်၌ မေလ ၁၂ ရက်နေ့တွင် တပ်မတော်အစိုးရလက်ထက် ကြံ့ခိုင်ရေး ၀ါးရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦး ကို ယခင်က အမှားကို ၀န်ချတောင်းပန်နေစဉ် (ဓာတ်ပုံ-ဆန်းဝင်းထွန်း)
“အေး ဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့ အခါ ဒေါ်စုကြည်နဲ့ အဘနဲ့ စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီးခဲ့ကြတယ်။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်း ထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှအရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ် . . .” သူရဦးတင်ဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ကားတွေ ထွက်လာကြပြီဟေ့၊ အားလုံးသတိ””ဟု ခေါင်းဆောင်လုပ်သူ၏ အမိန့်ပေး အော်ဟစ်သံကြောင့် ကျွန်တော်တို့အားလုံး သတိအနေအထားနှင့် ငြိမ်သက်လျက် ရှိနေကြသည်။ ၁၉၉၈ ခုနှစ် ၀န်းကျင် ကာလ လောက်ကဖြစ် မည်။ ကျွန်တော်တို့ ၀ါးရင်းတုတ်အဖွဲ့တွေ ချင်းချောင်း တရုတ်ဘုရား ကျောင်း ၀င်းထဲမှာ စခန်းချ နေရာယူ ထားခဲ့ကြသည်မှာ ၂ ရက်၊ ၃ ရက်ခန့် ရှိပြီဖြစ်သည်။ ဒေါ်စုကြည်နေအိမ် တက္ကသိုလ်ရိပ်သာလမ်းမှ ထွက်လာသော ကားတန်းကြီးက တဖြည်းဖြည်း နီးကပ်လာချေပြီ။ လက်၌ကိုင်ထားကြသော ၀ါးရင်းတုတ်များ ကိုယ်စီ အသင့်အနေအထားဖြင့် ကမ္ဘာအေး ဘုရားလမ်းနေအိမ်များရှိ ခြံဝများတွင် ၀ပ်နေကြရသည်။ တဖြည်းဖြည်း လာချေပြီလေ။ နီးသည်ထက် နီးကပ်လာပြီ။…

ပထမဆုံး ရှေ့မှထွက်လာသည့် မာဇဒါဆီဒင်အပြာ နုရောင်ကား ကို ရှေ့မှတားဆီး၍ လက်ထဲကိုင်ထားသော ၀ါးရင်းတုတ် ကိုယ်စီဖြင့် ၀ိုင်းသမ ကြလေတော့သည်။ တစ်ခဏအတွင်းမှာပင် မာဇဒါဆီဒင် အပြာနုရောင်ကားလေးခမျာ စိစိညက်ညက် ကြေမွသွားလေသည်။ အနီးရှိ ထောက်လှမ်းရေး တာဝန်ရှိသူများက ““ဟာ သွားပါပြီဗျာ၊ မှားကုန်ပြီဗျ။ အဲဒီကားက ငါတို့ဆီက လုံခြုံရေး သတင်းကား။ ပစ်မှတ်က နောက်ကကား”” ဟု မျက်စိပျက်၊ မျက်နှာပျက်နှင့် ပြော ဆိုနေတော့သည်။ မှားပြီး ၀ါးရင်းတုတ်အဖွဲ့၏ လက်သံ ပြောင်မြောက်စွာ အရိုက်ခံလိုက်ရသည့် ဆီဒင်ကားလေးခမျာ လေးဖက်လေး တန် ပြတင်းပေါက်မှန်များ အားလုံးကွဲကြေ၍ တွန့်လိမ် ပိန်ချိုင့်စွာဖြင့် မောင်းထွက်သွားပြီး ပစ်မှတ်ကားက နောက်က ကားဟု မကြားတကြား ပြောလိုက်သည့် အသံကြောင့် စွမ်းအားရှင် လူစွမ်းကောင်းများ စမ်းတ၀ါးဝါးနှင့် ထပ်မံ၍ ၀ိုင်းဝန်း ရိုက်နှက်ကြရာ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ ပါလာသည်ထင်သည့် အဖြူရောင်ကားလေး အမြန်မောင်း ထွက်လာရာ နောက်သို့ ပြေးလိုက် ရိုက်လိုက်နှင့် ၀ါးရင်းတုတ်များဖြင့် ပစ်ပေါက်သူကပေါက်၊ မျက်စိထဲ အခုထိ မြင်ယောင်နေမိသည်။

အဲဒီအချိန်က မိမိတို့သည် ဒေါ်စုကြည်၊ ဦးတင်ဦးနှင့် NLD ပါတီကို အမုန်းကြီး မုန်းနေခဲ့မိ တာကတော့ အမှန်ပင်ဖြစ်သည်။ NLD ဆန့်ကျင်ရေး ၀ါဒဖြန့် လုပ်ငန်းစဉ်များ ခေါင်းထဲရိုက်သွင်း ခံခဲ့ကြရ လေ သည်။ ဒေါ်စုကြည်သည် ကုလားမ၊ ဦးတင်ဦးသည် လူဆိုးဓားပြကြီးဟု ထင်မြင်နေမိသည်။ ကြံ့ခိုင်ရေး အသင်းကြီး သည် လူမှုရေးအသင်းကြီးဟု ဆိုထားခဲ့သော်လည်း အခုလို သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်ဆန် ကြမ်းတမ်းသည့် လုပ်ငန်းစဉ်များလည်း ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြရလေသည်။ ကြံ့ခိုင်ရေး အမည်ဖျောက် ပြည်သူအသွင်ရောက် သဘောဖြင့် စွမ်းအားရှင်ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ အများအမြင်မှာကတော့ ၀ါးရင်းတုတ် တပ်ဖွဲ့ဟု အမည်ကမ္ပည်း တပ်ပေးခဲ့ကြသည်။ ဒီလို ဖြစ်ပျက် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် နှိုးဆွ သတိတရ ဖော်ထုတ်ရေးသားရခြင်း အကြောင်းက ဖန်လာခဲ့သည်။

မိမိတို့မြန်မာသံတော်ဆင့် သတင်း ဂျာနယ်အား အများပြည်သူ သိကြသည့်အတိုင်း သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အယ်ဒီတာချုပ်နှင့် ဖြန့်ချိရေး ၀န်ထမ်းအထိ ၁၁ ဦးကို တရားစွဲဆိုထားသည့် ၁၄ ကြိမ်မြောက် ရုံးချိန်း တွင် ၊ NLD နာယကကြီး သူရဦးတင်ဦးက အမှန်တရားအတွက် တရားပြိုင်ဘက် မှ နေပြည်တော် ပုဗ္ဗသီရိ တရားရုံးသို့ သက်သေလိုက်လံ ထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။ အဘသူရဦးတင်ဦး အား မြန်မာသံတော်ဆင့် အမှုဆောင် အရာရှိချုပ်နှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြိုဆိုခဲ့ကြကာ ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ကြိုပို့ဆောင်ခဲ့ကြသည်။ အဘသူရ ဦးတင်ဦးအတွက် သီးသန့် ရွေးချယ်ထားသည့် အခန်းတွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ မသွားရောက်မီ အချိန်တိုကာလ အတွင်း ခေတ္တနားနေစေခဲ့သည်။ အဘခေတ္တ နားနေသည့် အခန်းတွင် မြန်မာသံတော်ဆင့် အဖွဲ့သားများနှင့် နှုတ်ဆက် မိတ်ဆက်စကားပြော ဖြစ်ခဲ့ကြသည်။

အမှုဆောင်အရာရှိ ချုပ်က မိမိတို့ တရားစွဲခံထားရသည့် မြန်မာသံတော်ဆင့် အဖွဲ့သား ၁၁ ဦးနှင့် မိတ်ဆက် ပေးခဲ့သည်။ ထိုသို့ မိတ်ဆက်ပေးခဲ့ရာတွင် အမှုဆောင်အရာရှိချုပ်က““အဘ ဒါတာမွေအောင်ကိုလေ အဘ။ အရင်ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့မှာ ပါခဲ့တဲ့သူပါ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေ ရေးနေတဲ့သူပါ””၊ အဘသူရ ဦးတင်ဦးက““အေးဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့အခါ ဒေါ်စုကြည်နဲ့ အဘနဲ့စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီး ခဲ့ကြတယ်။ အဲဒီအခါ ငါတို့ကားနဲ့ ထောက်လှမ်းရေး လုံခြုံရေးကားမှားပြီး ၀ိုင်းရိုက်ကြတာ အဲဒီ လုံခြုံရေးကား စိစိညက်ညက်ကို ကြေသွားတာပဲ။ ဘယ်လိုမှားပြီး ရိုက်မိကြလဲမသိဘူး။ အဘတို့ရဲ့ကားက နောက်ရောက်သွား တဲ့အခါ ကားမှားပြီး ရိုက်ကြတာ။

နောက်တော့ သူတို့ကားမှားပြီး ရိုက်ခဲ့မိကြတာသိရော အဘနဲ့ ဒေါ်စုကြည် စီးလာတဲ့ကားကိုပါ ထပ်ရိုက်ကြတာ။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်းထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှ အရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ်။ သဘောထား ကြီးခဲ့ကြရတယ်””။ အဘ သူရဦးတင်ဦးက အဲဒီလိုပွင့်လင်းစွာ ဖြစ်ပျက်ခဲ့ သည်များကို မိမိတို့ရှေ့မှာ ပြောချလိုက်တော့ အဲဒီအချိန်က ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့်သူ မိမိအနေဖြင့် အဘဦးတင်ဦး၏ရှေ့မှာ မတ်တတ် ရပ်နေနိုင်စွမ်းမရှိတော့ဘဲ အတွေးထဲ ၀င်လာခဲ့သည်က အဘကို ယခုကြုံကြိုက်သည့် အချိန်အခါတွင် ကိုယ်တိုင် ကိုယ်ကျ တောင်းပန်စကား ဆိုမှ ဖြစ်ပေတော့မည်ဟု ရှက်စိတ် စိုးရွံ့စိတ်များဖယ်၍ ဆုံးဖြတ်ချက် ချလိုက် မိတော့သည်။

ကျွန်တော် တောင်းပန်မှဖြစ်တော့မည် ဆုံးဖြတ်၍ မိမိက အဘဦးတင်ဦး ရှေ့နားတိုးကာ လက်အုပ်ချီ၍ ““အဘ ကျွန်တော် အဘအပေါ် ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ ပြစ်မှားခဲ့ မိတာတွေ ခွင့်လွှတ်ပေးပါ””ဟု တုန်ရင်သော အသံဖြင့် လက်အုပ်ချီတောင်းပန်စကား ဆိုလိုက်မိတော့သည်။ အဘဦးတင်ဦးက အံ့သြသည့် မျက်လုံးများဖြင့် ကြည့်လျက် အမှုဆောင်အရာရှိချုပ်က ““အဘခုနပြောတဲ့ ၀ါးရင်းတုတ်တွေနဲ့ ကြံ့ခိုင်ရေးတွေ အဘတို့ကားကို ၀ိုင်းရိုက်ခဲ့တဲ့အထဲမှာ အဲဒီတာမွေအောင်ကိုကြီးလည်း ပါခဲ့တယ်အဘ။ အဲဒါအခုအဘက အဲဒါတွေ ပြန်ပြောပြတော့ သူလည်း စိတ်မကောင်းဖြစ်ပြီး အဘကို အခုလို ၀န်ချ တောင်းပန်နေတာပါ””။ ““ဟာ … ခွင့်လွှတ်တာပေါ့ကွာ။ ခွင့်လွှတ်ပါတယ်””ဟု ပြုံးရွှင်စွာဖြင့် ခွင့်လွှတ် စကား အဘပါးစပ်က ထွက်လာသည့်အခါမှ ပြုံးပျော်နိုင်ခဲ့ လေတော့ သည်။

အစဟိုးအရင်တုန်းက အဘတို့ကို လူဆိုးလူမိုက်ကြီးတွေလို့ ကျွန်တော်တို့က ထင်မြင်ယူဆခဲ့မိတာတွေဟာ အခု အဘနှင့် ကိုယ်တွေ့ကြုံဆုံ ခွင့်ရရှိခဲ့သောအခါမှ ထင်မြင်ချက်တွေဟာ တလွဲစီဖြစ်နေတာကိုသိခဲ့ ရပါသည်။ အဘ ဒီလို ခွင့်လွှတ်စကား ကြားရတာ ကျွန်တော့် စိတ်ထဲ တင်ကျန်နေတဲ့ အကြွေးတစ်ခု ဆပ်လိုက်ရသလို ရင်ထဲခံစား ပေါ့ပါးစေခဲ့ပါတယ် ဟု တွေးနေခဲ့မိသည်။ အဘခုနက ပြောခဲ့တဲ့ အဘတို့ကားနဲ့ လုံခြုံရေးကားမှားပြီး ရိုက်ခဲ့မိတဲ့ အဖြစ်အပျက်ဟာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြရတဲ့ ဖြစ်စဉ်နဲ့ တစ်ထပ်တည်း ဖြစ်ပျက်ခဲ့တဲ့ အတိတ်က ဇာတ်လမ်း တစ်ပုဒ်ပါ အဘ။ အဲဒီအချိန်အခါက ကြံ့ခိုင်ရေး အသင်းဝင်များဟာ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြရသည်ဟု ထင်မြင် ခဲ့ရပါသည်။ နိုင်ငံရေးနှင့် လူမှုရေးရောယှက်ကာ လုပ်ဆောင်ခဲ့ကြရသည့် မြေစာ ပင် လက်ကိုင်တုတ်တွေ ဖြစ်မှန်း မသိ ဖြစ်ခဲ့ကြရသည်။

မိမိတို့ကိုယ်၌ကလည်း လူစွမ်းကောင်းကြီးတွေလို ထင်မြင်နေခဲ့သည်။ အဘ ဦးတင်ဦး ပြောခဲ့သည့် အဖြစ်အပျက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က မိမိတို့ တစ်တွေ ၀ါးရင်းတုတ်တွေကို ဆာလာအိတ်တွေထဲထည့်၊ တစ်မြို့နယ်လျှင် အယောက် ၂၀၊ ဒိုင်နာကားများဖြင့် ချင်းချောင်း ရိပ်သာဝင်းထဲ အသင့်အနေအထားဖြင့် တပ်စွဲခဲ့ကြရခြင်းဖြစ်သည်။ တချို့မြို့နယ်များဆိုလျှင် လောက်လေးခွ၊ ဂျင်ဂလိများပင် ယူဆောင်လာခဲ့ကြတာကို တွေ့ခဲ့ကြရသည်။ အမိန့်တစ်စုံတစ်ရာ မရမချင်း အပြင်ကို မထွက်ရ၊ ညမှောင်ရီပျိုး ချိန်ကျမှ လူမသိအောင် တိတ်ဆိတ်စွာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အိမ်ပြန်ခဲ့ကြရသည်။ အခုတော့ အဘဦးတင်ဦးနှင့် ဆုံတွေ့ခိုက် ကိုယ်တိုင်ကိုယ်ကျ အမှားကို ၀န်ချတောင်းပန် လိုက်ရသဖြင့် စိတ်ထဲ ပေါ့ပါးလန်းဆန်း လျက် ကျေနပ် ယူနေမိသည်။

NLD နာယက အဘသူရဦးတင်ဦးကို ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ပါဝင်ခဲ့ဘူးသူ တာမွေအောင်ကို က တောင်းပန်စကားဆိုလို့ အဘဦးတင်ဦးက ခွင့်လွှတ်သည့် စကားဆိုလိုက်သည့်အတွက် ၀မ်းသာကြည်နူး ပီတိဖြစ်ခဲ့ရပြီး အထိုက်တန်ဆုံး လုပ်ရပ်တစ်ခုဟု မြန်မာ သံတော်ဆင့် CEO ၏ ဂုဏ်ပြုစကား ပြောကြားခဲ့ခြင်းကို မိမိကိုယ်မိမိ ကျေနပ်နှစ်သက် နေမိသည်။ အခု အဘဦးတင်ဦး၏ ခန္တီသည်းခံခြင်းတရား၏ သဘောတရားကို နားလည်ခဲ့ရသည်။ သည်းခံခြင်းတရားက အများသူငါ၏ မေတ္တာကို ရယူနိုင်ခဲ့ရုံမက ကျွန်တော်တို့လို ဆန့်ကျင်ဘက် ဖြစ်ခဲ့သူများ၏ မေတ္တာကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့လေပြီ ဖြစ်သည်။ မိမိအနေဖြင့် ဂါရ၀မင်္ဂလာ ရိုသေထိုက်သူကို ရိုသေရခြင်းနှင့် အမှားကိုသိ၍ အမှန်ကိုမြင် ၀န်ချတောင်းပန်ခြင်း အမှုကို ပြုလုပ်ခဲ့ခြင်း သည် ကောင်းမြတ်သည့် အလုပ်တစ်ခု ဖြစ်သည် ဟု ဆိုလိုက်ချင်ပါသည်။

×××××××× ------- ××××××××
မြန်မာသံတော်ဆင့်သတင်းဌာန
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template