ကျူးဘားနိုင်ငံကို မြန်မာနိုင်ငံမှာလို အပြောင်းအလဲတွေဖြစ်တာ မြင်တွေ့ချင်တယ်လို့ အမေရိကန်သမ္မတ ဘားရတ်ခ် အိုဘားမားက ရာဟူးသတင်းနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
လာမယ့် ၂၀၁၆ ခုနှစ်မှာ ကျူးဘားနိုင်ငံကိုသွားရောက်ဖို့အရမ်းကို စိတ်ဝင်စားတဲ့အကြောင်း ဒါပေမယ့် ကျူးဘား သာမန်ပြည်သူတွေရဲ့ တဦးချင်းလွတ်လပ်ရေးနဲ့ လွတ်လပ်မှုတွေ တိုးတက်လာတာအရင်မြင်တွေ့ချင်တယ်အကြောင်းပြောပါတယ်။
ဒီလိုတိုးတက်မှု အခြေအနေတွေကို မီးမောင်းထိုးပြတဲ့နည်းလမ်းတခုအဖြစ် ကျူးဘားနိုင်ငံ သွားမယ့် ခရီးစဉ်ကို အသုံးချလိုတဲ့အကြောင်း မြန်မာပြည်ခရီးစဉ်နဲ့ နှိုင်းယှဉ်ပြီး သမ္မတ အိုဘားမားက ပြောသွားပါတယ်။
“ကျနော်တို့ ဒါကို မြန်မာပြည်မှာမြင်တွေ့ခဲ့ပြီးပါပြီ။ ကျနော်သွားရောက်လည်ပတ်ခဲ့တဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေက မယုံနိုင်လောက်အောင် အလုပ်တွေ အများကြီး လုပ်ပြီး တည်ဆောက်ပြခဲ့ပြီးပြီးလို့ ကျနော်ထင်ပါတယ်။ ကျနော် အဲဒီကိုရောက်သွားတဲ့အခါ အပြောင်းအလဲတွေ ဖြစ်ပြီးသားနေရာမှာ ထပ်ပြီးပို မြှင့်တင်ပေးလိုက်သလိုမျိုးပေါ့၊ ကျူးဘားနိုင်ငံမှာလည်း အလားတူဖြစ်တာမျိုး ကျနော်မြင်ချင်ပါတယ်။ ဒါပေမယ့် လာမယ့် လအနည်းငယ်မှာ အခြေအနေတွေ ဘယ်လောက်တိုးတက်မှုရှိလာမလဲဆိုတာ ကျနော်တို့ ကြည့်ရပါမယ် ”
ဆက်ဆံရေးတင်းမာနေတဲ့ အမေရိကန်နဲ့ အိမ်နီးချင်း ကွန်မြူနစ် ကျူးဘားနိုင်ငံတို့ အကြား ခုနှစ်ဆန်းပိုင်းက သံတမန်ဆက်ဆံရေး သမိုင်းဝင်ပြန်စနိုင်ခဲ့ပြီးနောက် သမ္မတ အိုဘားမား အနေနဲ့ ရာထူးသက် တမ်းမကုန်ဆုံးခင် ကျူးဘားနိုင်ငံကို သွားရောက်မလားဆိုတာ မေးခွန်း ထုတ်နေကြတာဖြစ်ပါတယ်။
သမ္မတအိုဘားမားကတော့ တိုးတက်မှုတွေမရှိဘဲ သွားရောက်ဖို့ မရှိဘူးလို့ ကျူးဘားအစိုးရကို ပြောထားပြီးဖြစ်ပါတယ်။
သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ၂၀၁၂ နိုဝင်ဘာ မှာ တကြိမ် ၂၀၁၄ နိုဝင်ဘာမှာတကြိမ် သွားရောက်ခဲ့ပါတယ်။
DVB