Dawei Watch၊ ကော့သောင်း၊ ဒီဇင်ဘာ ၁၃
ထိုင်း-မြန်မာ နယ်စပ်ပေါက်များမှ အကြမ်းဖက်သမားများ ဝင်ရောက်လာမူ မရှိစေရန် စုံစမ်းရှာဖွေရေး၊ လုံခြုံရေး တိုးမြင့် ချထားရေး လုပ်ငန်း စဉ်များ လုပ်ဆောင်ရာတွင် အစ္စလာမ်ဘာသာဝင်များ ပူးပေါင်း ပါဝင်ရေး ဘာသာရေး ခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုင်းနိုင်ငံတွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့ဝင်များ ရောက်ရှိနေသည့် သတင်းများကြောင့် ကော့သောင်းမြို့နယ်အတွင်း ဝင်ရောက်ကာ အကြမ်းဖက် ဖောက်ခွဲ မူများမဖြစ်စေရေး ၊ ဝင်ရောက်မူ မရှိစေရေး အတွက် နယ်စပ်အတွင်း စစ်ဆေး ရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ကော့သောင်းမြို့ တစ်မိုင် ဗလီတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
သူစိမ်း ဧည့်သည်များ လက်မခံရန်၊ ဒေသခံ မဟုတ်သည့် မျက်နှာစိမ်းများ ညအိပ်တည်းခိုမူများ မပြုရန် ၊ မသင်္ကာသူများ တွေ့ရှိပါက ရဲတပ်ဖွဲ့ ထံ ချက်ချင်း အကြောင်းကြားပေးစေလိုကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ဦးက ပြောကြားသည်။
“အစ္စလာမ် ဘာသာဝင်တိုင်းကို အကြမ်းဖက်သမားများလို့ မထင်စေလိုဘူး။ အကြမ်းဖက်မူကို လည်း မနှစ်သက်ပါဘူး။ ကျွန်တော်တို့ လည်း ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်”ဟု ဗလီဂေါပက အဖွဲ့ဝင် ဦးမျိုးအောင်ပြောကြားသည်။
လက်ရှိအလယ်ပိုင်း ဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေး ပဋိပက္ခ များကြောင့် အစ္စလာမ် အစွန်းရောက်အဖွဲ့များမှ အဖွဲ့ဝင်များသည် နိုင်ငံ အသီးသီးသို့ ရောက်ရှိနေပြီး အကြမ်းဖက် တိုက်ခိုက်မူများ ဖြစ်ပွားနေသည့် အခြေအနေများကိုလည်း ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။
Dawei Watch