Headlines News :
Home » » အစိုးရနှင့် သဘောတူညီခဲ့သည့် နှစ်ဖက်တပ်များ ဆုတ်ခွာမှုကို ဆောင်ရွက်နေပြီး စစ်ဘေးဒုက္ခသည်များ ပြန်လည် နေရာချထားရေး ဦးစားပေး ဆောင်ရွက်မည်ဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

အစိုးရနှင့် သဘောတူညီခဲ့သည့် နှစ်ဖက်တပ်များ ဆုတ်ခွာမှုကို ဆောင်ရွက်နေပြီး စစ်ဘေးဒုက္ခသည်များ ပြန်လည် နေရာချထားရေး ဦးစားပေး ဆောင်ရွက်မည်ဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

Written By Live100 on Wednesday, December 16, 2015 | 9:28 AM

အစိုးရ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့အကြား ရှမ်းပြည်နယ် အတွင်း၌ ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ လျှော့ချ ရပ်ဆိုင်းရေး တွေ့ဆုံ ညှိနှိုင်းပြီးနောက် နှစ်ဖက် သဘောတူခဲ့သည့် နှစ်ဖက်တပ်များ ဆုတ်ခွာမှု ကိစ္စကို စတင် ဆောင်ရွက်နေပြီး စစ်ဘေးဒုက္ခသည်များ ပြန်လည် နေရာချထားရေးကိုလည်း ဦးစားပေး ဆောင်ရွက်မည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
ရှမ်းပြည်နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် SSPP/SSA အဖွဲ့တို့သည် နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်များတွင် ရန်ကုန်မြို့၌ လည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်များက နေပြည်တော်၌ လည်းကောင်း တွေ့ဆုံ ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။
ဗိုလ်မှူးစိုင်းဆုက "ညှိညှိနှိုင်းနှိုင်းနဲ့ အပြန်အလှန် ဆုတ်ခွာမှုနဲ့ပဲ ဆောင်ရွက်နေပါတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ အခုမှာ ၄၀ ရာခိုင်နှုန်းလောက် ဆောင်ရွက်နေပြီ။ သက်ဆိုင်ရာ ခိုလမ်တိုင်းနဲ့ အပြန်အလှန် နားလည်မှုနဲ့ ဆောင်ရွက်နေပါတယ်။ အခုက အောက်ခြေက တိုင်းအဆင့်ပေါ့။ စစ်ဆင်ရေးမှူး အချင်းချင်း ညှိနှိုင်းပြီးတော့ အကောင်အထည် ဖော်နေတာပါ။ နှစ်ဖက်တပ် ဆုတ်ခွာမှု ကိစ္စတွေကို အလုပ်လုပ်နေတာပါ။ လောလောဆယ်မှာ ဆောင်ရွက်တုန်းပဲ ရှိနေတယ်။ နှစ်ဖက်ညှိနှိုင်း လုပ်တာဆိုတော့ အဆင်ပြေမှာပါ" ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက "ထောင်ချီနေတဲ့ ဒုက္ခသည်တွေ မပြန်ရသေးပါဘူး။ ဒီလုပ်ငန်း သွားလုပ်နိုင်တဲ့သူတွေ တောင်ယာတို့ လယ်ယာတို့ ပြောင်းတို့ စပါးတို့ ဘာတို့ကို သွားလုပ်နိုင်တဲ့ နေရာဆို နေ့ဆိုသွားလုပ်ပေါ့။ ညဆို ပြန်လာနေရတယ်။ တချို့နေရာတွေ လုံးဝသွားလို့ မရတဲ့ နေရာတွေကျတော့ လုံးဝ ဒုက္ခသည်လိုမျိုး ဖြစ်သွားတာပေါ့။ အဲဒါကို ကျွန်တော်တို့ SSPP အနေနဲ့ အထူး ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ နှစ်ဖက်တပ် ဆုတ်ခွာနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒုက္ခသည်တွေက သူတို့က ကြောက်ရွံ့တာက တပ်မတော်တွေ ဖြစ်နေတော့ တပ်မတော်က ကိုယ့်မိခင်တပ်ရင်း ကိုယ့်ဌာနချုပ်ကို ပြန်ရောက်သွားရင်တော့ ဒုက္ခသည်တွေ အနေနဲ့ အေးအေးဆေးဆေး နေလို့ရတာပေါ့" ဟု ဆိုသည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် SSPP/SSA ကိုယ်စားလှယ် အဖွဲ့တို့သည် နှစ်ဖက်အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခ လျှော့ချ ရပ်ဆိုင်းရေး၊ နိုင်ငံတော် အစိုးရနှင့် SSPP/SSA တို့ အကြား ၂၀၁၂  ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် တောင်ကြီးမြို့၌ လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ သဘောတူ စာချုပ်ပါ ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဖက် ညှိနှိုင်းပြီး ဆက်လက် အကောင်အထည် ဖော်သွားရန် SSPP/SSA တပ်ဖွဲ့ဝင်များ အနေဖြင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း မြောက်ဘက်ခြမ်းတွင် ရွှေ့ပြောင်း နေထိုင်ရန်နှင့် မိုင်းနောင်-မိုင်းရှူးကားလမ်း တောင်ဘက်ခြင်းရှိ ထိပ်တိုက် ရင်ဆိုင်နေသော တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်း နေရာချထားရန်၊ မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေး ရုံးဖွင့်လှစ်၍ နှစ်ဖက် ပဋိပက္ခများနှင့် လိုအပ်သော အုပ်ချုပ်မှု ဆိုင်ရာကို ညှိနှိုင်း ဖြေရှင်းသွားရန် စသည့် အချက်များကို အကောင်အထည် ဖော်နိုင်ရန်တို့နှင့် ပတ်သက်ပြီး သဘောတူညီထားကြောင်း သိရသည်။
ထို့ပြင် စစ်ပွဲများကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် စစ်ဘေး ဒုက္ခသည် ပြည်သူများ နေရပ်ပြန်လည် နေထိုင်ရေးကို နှစ်ဖက်ပူးပေါင်း ညှိနှိုင်း၍ ကူညီပေးသွားရန် တို့ကိုလည်း မူအားဖြင့် သဘောတူခဲ့ကြောင်း သိရသည်။
Writer: 
အောင်ဇော်ထွန်း Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template