28 January 2016
ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida က NLD ဦးဆောင်တဲ့ အစိုးရသစ်ကို ထောက်ခံ ကူညီသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဂျပန်အနေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းမှာ ကူညီမှာ ဖြစ်သလို ပုဂ္ဂလိကဆိုင်ရာ ရင်းနှီးမြုပ်နှံရေးတွေမှာ အရှိန်မြင့် ကူညီဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာပါ။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida (Credit: ABC)
အခုလောလောဆယ် NLD ပါတီရဲ့ စီးပွားရေး ပေါ်လစီမှာ အဓိက တာဝန်ယူတဲ့ ဦးမျိုးမြင့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့တုန်းက တွေ့ဆုံမှုအတွင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောသွားခဲ့တာ ဖြစ်ပါတယ်။
NLD အစိုးရ လက်ထက်အတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးက အရေးကြီးတဲ့ အချက်တွေ ဖြစ်ပြီး NLD စီးပွားရေး ကော်မတီနဲ့ ဂျပန်က နီးနီးကပ်ကပ် အလုပ်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဦးမျိုးမြင့်ကလည်း မြန်မာအနေနဲ့ စိန်ခေါ်စရာတွေ အများကြီး ကြုံတွေ့ရတဲ့ ကာလဖြစ်တာကြောင့် ဂျပန်ဘက်က ကူညီမယ်ဆိုတာကို သိရတာ အားရတဲ့အကြောင်း ဂျပန်နဲ့ ဆက်ဆံရေး ပိုမိုတိုးတက်တာကို လိုလားပြီး မီဒီယာကနေတဆင့် ပွင့်လင်းတဲ့ ဆက်ဆံတွေ့ဆုံမှုမျိုးကို လိုလားတယ်လို့ ပြောသွားခဲ့ပါတယ်။
NLD ကိုယ်စားလှယ် အဖွဲ့ဟာ စနေနေ့အထိ ဂျပန်နိုင်ငံကို လည်ပတ်မှာ ဖြစ်ပြီး ဂျပန် ဘဏ္ဍာရေး ဝန်ကြီးနဲ့ တခြား ငွေရေးကြေးရေး အဖွဲ့အစည်းက ထိပ်တန်း အရာရှိတွေအပြင် ကူညီထောက်ပံ့ရေး အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese