Headlines News :
Home » » ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ် ခြင်းနှင့်ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ် ခြင်းနှင့်ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

Written By Live100 on Tuesday, August 29, 2017 | 12:24 AM

နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ ဒုတိယ၀န်ကြီးဦးခင်မောင်တင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ လွှတ်တော်အစုအဖွဲ့ ညီလာခံကိုယ်စားလှယ် ၁၅ ဦး၊ အစိုးရ အစုအဖွဲ့ ညီလာခံကိုယ်စားလှယ် ၁၅ ဦး၊ တပ်မတော်အစုအဖွဲ့ ညီလာခံကိုယ်စားလှယ် ၁၅ ဦးနှင့် လွှတ်တော်၊ အစိုးရနှင့် တပ်မတော် အစုအဖွဲ့တို့မှ ပါဝင်သင့် ပါဝင်ထိုက်သူ ၁၈ ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသည် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဒုတိယအစည်းအဝေး၏ အတွေ့အကြုံများကို အခြေခံပြီးအားသာချက်၊ အားနည်းချက်များ ကို ဖော်ထုတ်ကာနောက်တစ်ကြိမ် ကျင်းပမည့် တတိယအစည်းအဝေး အတွက် ကြိုတင် ပြင်ဆင်သင့်သည်များကို ဆွေးနွေးကြရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း၊

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းနိုင်ရန် ရည်ရွယ်ကျင်းပသည့် နိုင်ငံရေးစားပွဲဝိုင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက် ဆက် မပြီးဆုံးမချုပ်ငြိမ်းနိုင်သေး သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်သဖြင့် ယနေ့အထိ ဖြစ်ပွားနေခြင်း ဖြစ်သည် ဟုဆိုကြပါကြောင်း၊ယနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကြိုးစားလျက်ရှိပါကြောင်း၊ နိုင်ငံရေးပြဿနာများ၏ အဖြေမှာအားလုံးသဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ်စနစ် တည်ဆောက်ရေး ဖြစ်သည် ဆိုသည်ကိုယခုဆိုလျှင် အားလုံးကလက်ခံထား ကြပါကြောင်း၊ ယနေ့ခေတ် ကျင်းပနေသည့် ညီလာခံသည် အားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုအဆုံးအဖြတ် ပေးမည် ဖြစ်သလိုအားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ပေါ်ထွက်လာရေးသည် မိမိတို့နိုင်ငံ၏ မျိုးဆက်သစ်များ၏ အနာဂတ်ကိုဖန်တီးပေး မည် ဖြစ် ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ၏ အရေးပါမှု သည် နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်ကိုပုံဖော်နိုင်သည်ဖြစ်၍ ယနေ့မိမိတို့အားလုံး ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ညီလာခံဒုတိယအစည်းအဝေးတွင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၃၇ ချက်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း ဝညီလာခံကျင်းပမှုပုံစံ၊ မူဘောင်၊ လုပ်ငန်း လမ်းညွှန် များနှင့် ပတ်သက်ပြီး ဝေဖန်မှုအများ အပြား ပေါ်ထွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ဤသည်မှာ မိမိတို့ နိုင်ငံ၏သမိုင်းကြောင်းတွင် ပထမဆုံးသော နိုင်ငံရေးဆွေးနွေး ပွဲ ဖြစ်ပါကြောင်း၊ ဤပထမဆုံးသော နိုင်ငံရေး ဆွေးနွေးပွဲမှာ ပင်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ သဘောတူညီနိုင်ခဲ့သည် မှာလွယ်ကူလှသည့် လုပ်ငန်း စဉ်တော့ မဟုတ်ပါကြောင်း၊ အရေးကြီးသည့် ပထမဦးဆုံးခြေလှမ်း တစ်လှမ်းဖြစ်သည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊

ယခုကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသည်စတင်ခဲ့ သည့် ခြေတစ်လှမ်း၏နောက်တွင် နောက်ထပ် ခြေလှမ်းများကိုမိမိတို့ မည်သို့ဆက်ပြီးလှမ်းကြမည်လဲ၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ခရီးကို မည်သို့သော ခံယူချက်နှင့် လျှောက်လှမ်းကြမည်လဲ ဆိုသည်များအတွက် ကြိုတင်ပြင်ဆင်ကြသည့် ဆွေးနွေးပွဲပဲ ဖြစ်ပါကြောင်း၊

မိမိတို့အစိုးရအစုအဖွဲ့တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ဟူ၍သုံးဖွဲ့ ပါဝင်နေပါကြောင်း၊ အရေးကြီးသည့် မူဝါဒပိုင်းများတွင် ခေါင်းဆောင် များအပါအဝင် မိမိတို့အချင်းချင်း ကြိုတင်ဆွေးနွေး ညှိနှိုင်းပြီးဘုံ ရပ်တည်ချက် ရယူနိုင်ခဲ့သည့်တိုင် ညီလာခံဆွေးနွေးပွဲများ ရောက်သည့် အချိန်တွင် ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စဉ်းစားသုံးသပ် ဆွေးနွေး မှုများကြောင့် ဝိဝါဒကွဲလွဲမှုများ ဖြစ်ပေါ် လာခဲ့ခြင်းများ ရှိပါကြောင်း၊ အစိုးရဘက်ပဲ အရင်ညှိပါဦးဟုထုတ်ဖော် ပြောကြားခဲ့ခြင်းများရှိပါကြောင်း၊ မိမိတို့ အစုအဖွဲ့ သုံးဖွဲ့ကြား တွင် ပေါင်းစပ်ညှိနှိုင်းမှုများအားဖြည့်ရန် လိုအပ်သည်မှာအမှန်ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လာမည့် ညီလာခံ တတိယအစည်းအဝေးမတိုင်မီ မိမိတို့အချင်းချင်း ကြေကြေ လည်လည် ဆွေးနွေးထားရန်၊ ယခုကတည်းက ဝိဝါဒကွဲပြားစရာများကို ကြိုတင်ငြင်းခုန် ဆွေးနွေးထားရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ ယခုစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊

မိမိတို့ ညှိနှိုင်းရန်မှာနံပတ်တစ်ညီလာခံ၏ ဖွဲ့စည်းတည်ဆောက်မှု အဆင့်ဆင့် Structure အပိုင်းရှိပါ ကြောင်း၊ နံပတ်(၂)အနေဖြင့် နိုင် ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် Framework အပိုင်းရှိပါကြောင်း၊ နံပတ်(၃)အနေဖြင့် ပြီးခဲ့သည့် ညီလာခံတွင် သဘောတူညီချက် မရခဲ့သည့်အခြေခံမူများ၊ နောက်လာမည့် ညီလာခံတွင် ပါဝင်သင့်သည့် အခြေခံမူများအစရှိသည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ အပိုင်းရှိပါကြောင်း၊

ဤ(၃)ပိုင်းကိုကြေကြေလည်လည် ဖြစ်အောင် ဆွေးနွေးညှိနှိုင်းထားနိုင်မှသာ အစိုးရ-လွှတ်တော်-တပ်မတော် ပါဝင်သည့် အစိုးရအစု အဖွဲ့အနေဖြင့်ဘုံသဘောထားရပ်တည်ချက်ဖြင့် ရပ်တည်နိုင် မည် ဖြစ်ပါကြောင်း၊

နိဂုံးချုပ်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တစ်စုတစ်ဖွဲ့ တည်းကပဲလိုချင်သည်များ ရာနှုန်းပြည့် အကုန် မရတတ်ဘဲအပေး-အယူ၊ အလျှော့အတင်းများနှင့် ညှိနှိုင်းယူမှ အောင်မြင်နိုင်မည် ဆိုသည်ကို အလေး အနက် ပြောကြားလိုပါကြောင်း၊ မိမိတို့အချင်းချင်းရရှိလာမည့် ဘုံသဘောထားများပင်လျှင် ညီလာခံ ရောက်လျှင် အလျှော့-အတင်းနှင့် အပေး-အယူလုပ်ရဦးမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်၍မိမိတို့အနေဖြင့် နိုင်ငံနဲ့ ပြည်သူကိုမျက်နှာမူသည့် နိုင်ငံရေးကို နှလုံးသွင်းကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ငြိမ်းချမ်းရေးဖြစ်စဉ် သမိုင်းအကျဉ်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံပထမ အစည်းအဝေးနှင့် ဒုတိယအစည်းအဝေးများ ကျင်ပခဲ့မှု၊ တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသားချက်များ၊ တတိယအစည်းအဝေးကျင်ပနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်များ၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးနှင့် ဒုတိယအစည်းအဝေးများကျင်းပခဲ့မှုနှင့် တတိယအစည်းအဝေးကျင်းပ နိုင်ရန်အတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီး ဖွဲ့စည်းတည်ဆောက်မှု ပြန်လည် သုံးသပ်ဆွေးနွေးခြင်း (Structure Review) ကို အဆိုပါ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ Structure Review (UPDJC, JICM, UPC) နှင့် စပ်လျဉ်း၍ လက်ရှိ Structure၏ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးရေနှင့် ဆုံးဖြတ်ပိုင်ခွင့်ကိစ္စရပ်များကို လည်းကောင်း၊ ဖော်ထုတ်တွေ့ရှိချက်များအရ Structure အကြံပြုချက်များ ကိုလည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ရှိသတ်မှတ်နေရာများ၌ သီးခြားစီကျင်းပ၍ ဒုတိယအစည်းအဝေး ပြန်လည်သုံးသပ်ခြင်း နှင့်စပ်လျဉ်း၍ အဆိုပြုချက်များ စုစည်းရာတွင် တွေ့ရှိရသည့် အခက်အခဲများကိုလည်းကောင်း၊ တင်ပြမည့် အဆိုပြုချက်များ ဖော်ထုတ်ရာတွင် တွေ့ရှိရသည့် အခက် အခဲများကို လည်းကောင်း၊ ကဏ္ဍအလိုက် ဆွေးဆွေးပွဲများတွင် သဘောတူညီမှု မရရှိခဲ့သော မူဝါဒအဆိုပြု ချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်းတို့ကိုလည်းကောင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် သင့်များနှင့် စပ်လျဉ်း၍ အဆိုပြုလွှာများ ကဏ္ဍအလိုက် စုစည်းပြုစုခြင်းဆိုင်ရာ များကိုလည်းကောင်း၊ အစည်းအဝေးသို့ တင်ပြသင့်သည့် အဆိုပြု ချက်များထွက်ပေါ်လာရေးဆိုင်ရာကိစ္စရပ် များကိုလည်းကောင်း၊ တတိယအစည်းအဝေးအတွက် သုံးသပ်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီများအလိုက် ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ မြေယာ/သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ အလိုက် ကျင်းပခဲ့သည့် ပထမနေ့ဆွေးနွေးပွဲရရှိမှုများကို ပြန်လည် သုံးသပ်ခြင်းဆွေးနွေးပွဲကို NRPC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ လွှတ်တော်အစုအဖွဲ့ညီလာခံ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့ညီလာခံ ကိုယ်စားလှယ်များ၊ တပ်မတော် အစုအဖွဲ့ ညီလာခံကိုယ်စားလှယ်များနှင့် လွှတ်တော်၊ အစိုးရနှင့် တပ်မတော် အစုအဖွဲ့တို့မှ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း နှင့်ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်းဆွေးနွေးပွဲ သြဂုတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

http://moigovnews.blogspot.com/2017/08/blog-post_88.html

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template