Headlines News :
Home » » တပ်မတော်က မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်တို့အပေါ် တရားစွဲဆိုထားသည့်အမှုများအား ကျေအေးရုပ်သိမ်း

တပ်မတော်က မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်တို့အပေါ် တရားစွဲဆိုထားသည့်အမှုများအား ကျေအေးရုပ်သိမ်း

Written By Live100 on Friday, September 1, 2017 | 10:58 PM

နေပြည်တော်၊ စက်တင်ဘာ - ၁

ယနေ့အချိန်ကာလသည် ပြည်သူ့ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းနေချိန်ဖြစ်ပြီး တပ်မတော်အနေဖြင့် ယင်းလမ်းကြောင်းပေါ်၌ မယိမ်းမယိုင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ သတင်းမီဒီယာများသည်လည်း ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းများတွင် မှန်ကန်စွာရပ်တည်လျက် နိုင်ငံအကျိုးကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးလုပ်ဆောင် လျက်ရှိသည်။

သို့သော်လည်း တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး တို့အတွက် အသက်၊ သွေး၊ ချွေး၊ ခန္ဓာပေးဆပ်မှုများစွာဖြင့် တာဝန်ထမ်းဆောင် လျက်ရှိရာတွင် အချို့သောသတင်းမီဒီယာများ၏ လွဲမှားသောအမြင်ဖြင့် သတင်းဖော်ပြမှုများသည် တပ်မတော်၏ ပုံရိပ်၊ ဂုဏ်သိက္ခာနှင့် လုပ်ဆောင်ချက်များကို ထိခိုက်ညှိုးနွမ်းစေသောကြောင့် တပ်မတော်အနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရပါသည်။

မည်သို့ပင်ဆိုစေကာမူ ရည်ရွယ်ရပ်တည်မှုတူညီစွာဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို အတူတကွ သယ်ပိုးထမ်း ဆောင်မှုအား အသိအမှတ်ပြုပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကို ဆက်လက်၍ အတူလက်တွဲလုပ်ဆောင်နိုင်ရန်အလို့ငှာ တပ်မတော်အနေဖြင့် ယခင်ကဖြစ်ပျက်ခဲ့မှုများအား သင်ပုန်းချေ၍ သတင်းမီဒီယာနှင့် လူပုဂ္ဂိုလ်အချို့တို့အပေါ် တပ်မတော်က တရားစွဲဆိုထားသည့်အမှုများကို ကျေအေး ရုပ်သိမ်းပေးလိုက်သည်။

တပ်မတော်က မီဒီယာအချို့အပေါ် ကျေအေးရုပ်သိမ်းပေးလိုက်သည့် တရားစွဲဆိုမှု များမှာ  ၀န်းသိုမြို့နယ် တရားရုံး၌ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၂ ဖြင့် တရားစွဲဆို ထားသည့်  The Daily Eleven Newspaper မှ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဗဟန်းမြို့နယ် တရားရုံး၌ သတင်းမီဒီယာဥပဒေပုဒ်မ-၂၅(ခ)နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ) တို့ဖြင့် တရားစွဲဆိုထားသည့် The Voice Dailyမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ကလောင်ရှင် ဗြိတိသျှကိုကိုမောင်၊ သီပေါမြို့နယ်တရားရုံး၌ (ပ)၇၂/၂၀၁၇၊ မတရား အသင်းအက်ဥပဒေပုဒ်မ-၁၇(၁)ဖြင့် အမှုဖွင့်လှစ်ထားသည့် DVB သတင်းဌာနမှ အကြီးတန်းသတင်းထောက်များဖြစ်ကြသည့် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်နှင့် ဧရာဝတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးသိန်းဇော် တို့ဖြစ် ကြောင်း သိရသည်။

ထိုသို့တရားစွဲဆိုထားသည့်အမှုများအား ကျေအေးရုပ်သိမ်းမှုကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့လည်း အသိပေးခဲ့ပြီး နောင်အရှည်သဖြင့် တပ်မတော်နှင့် သတင်းမီဒီယာများအကြား အပြန်အလှန်နားလည်ယုံကြည်မှု ပိုမိုတိုးတက်ခိုင်မြဲစေရေး၊ သတင်းရေးသား ဖော်ပြမှုများတွင် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုရှိစေရေးတို့အတွက် ၀ိုင်းဝန်းတည့်မတ်လုပ်ဆောင်ပေးနိုင်ရေးကိုလည်း အသိပေး အကြောင်းကြားခဲ့သည်။

အလားတူ တပ်မတော်နှင့် တပ်မတော်သားများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် မှုကြောင့် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဦးထင်ကျော်(ခ) ကျော်ထင်နှင့် တောင်ငူ မြို့နယ်တရားရုံး၌ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့် လှစ်ခဲ့သည့် တောင်ငူ ဗကသဒုတိယဥက္ကဋ္ဌ ဝေယံသိန်း(ခ)ဗစ်တာ ဦးဆောင်သော ကျောင်းသားမျိုးဆက် ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့တို့ကို တရားစွဲဆိုထားသည့်အမှုများကိုလည်း ရုပ်သိမ်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး fb စာမျက်​နှာမှ

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template