Headlines News :
Home » » ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများဖော်ပြမှုနှင့်ပတ်သက်၍ ဂျာနယ်လစ်များကို ခေါ်ယူသတိပေး၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ်ခုနှစ်နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ထည့်သွင်းပြောကြား

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများဖော်ပြမှုနှင့်ပတ်သက်၍ ဂျာနယ်လစ်များကို ခေါ်ယူသတိပေး၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ်ခုနှစ်နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ထည့်သွင်းပြောကြား

Written By လွင့်မောင်မောင် on Monday, June 11, 2012 | 11:45 AM

Sunday, 10 June 2012 23:40              http://www.weeklyeleven.com/
ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများ ဖော်ပြမှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အရေးယူမှုအပြင် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ် (၇)နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဇွန်လ ၁၀ ရက် နေ့ ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဂျာနယ်လစ်များကို ခေါ်ယူ သတိပေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

w7_36_05_1

ထိုသို့ တွေ့ဆုံ သတိပေးရာတွင် ရခိုင်ပြည်နယ်သတင်း၊ ဖြစ်စဉ်များကို နိုင်ငံတော်မှ ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ အခြေအနေအား ထိန်းသိမ်းပေးထားကြောင်း၊ သို့သော် မီဒီယာများမှ အခြေအနေကို ပိုမိုဆိုးစေနိုင်သည့် လှုံ့ဆော်ရေးသားမှုများ ရှိလာခြင်းကြောင့် ခေါ်ယူသတိပေးခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ရေးသားလျှင် အုပ်ချုပ်ရေးပိုင်းအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

မီဒီယာများအနေဖြင့် ရခိုင်ပြည်နယ်သတင်းအား ဖော်ပြရာတွင် သတင်းအချက်အလက် မှန်ကန်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအချက်များကို တော်တော်ကြီး ဆန့်ကျင်နေကြောင်း၊ ထို့အတွက် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းအ နေဖြင့် တရားဥပဒေအရ အရေးယူသွားမည်ဟု ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူငါးချက်ဖြစ်သော ဘက်လိုက်ရေးသားဖော်ပြခြင်း မပြုရန်၊ အကြောင်းတစ်ရပ်ကို ရေးသားဖော်ပြရာတွင် ဘက်စုံ ထောင့်စုံ လေ့လာသုံးသပ်၍ ရေးသားဖော်ပြရန်၊ လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲ ကျင့်သုံးရေးသားရန်၊ ဒီမိုကရေစီအရ လွတ်လပ်စွာ ကွဲပြားခွင့်ရှိသော်လည်း ယင်းကွဲပြားမှုများကြားမှ ညီညွတ်မှု Unity In Democracy ဖော်ဆောင်ကြရန်၊ ယင်းသို့ဖော်ဆောင်မှုများအား အမျိုးသားရေးကို အခြေခံဆောင်ရွက်ကြရန်ဟူသော အချက်ငါးချက်နှင့်အညီ ချ မှတ်ပေးထားကြောင်း ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
''အခုအခြေနေဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အချိန် ဖြစ်နေပါတယ်။ အားလုံးလည်း သိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ရေးသားတဲ့အခါမှာ ကိုယ့်ဂျာနယ် ရောင်းရရင်ပြီးရောပဲ၊ တိုင်းပြည်ဘာဖြစ်ဖြစ်၊ လူမျိုးဘာဖြစ်ဖြစ် ဆိုတဲ့ဟာမျိုးနဲ့ ရေးတဲ့ဟာတွေ အများကြီးရှိပါတယ်။ ဒါတွေကတော့ သတင်းမှန်တယ် အမှန်ကိုရေးတာပဲလို့ ဆိုပေမယ့် စောစောကပြောတဲ့ အချက်တွေနဲ့ပြန်ကြည့်ရင် ဒါတွေဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးတွေ သတိပြုဖို့ လိုပါတယ်။ ကျွန်တော်တို့ ဒီနေ့ ခေါ်ပြော တဲ့ အပိုင်းတွေကတော့ တိုင်းပြည်ဟာ အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ ရှိနေတယ်။ တည်ဆဲ ဥပဒေလည်း ရှိတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ရှိနေပြီ။ ပြန်ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ တစ်ချို့က ထုတ်ဖော်ပြောတာတွေလည်း ရှိတယ်။ လွတ်လပ်စွာ ရေးသားနိုင်တယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)မှာ နိုင်ငံသား၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ၊ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ အပေါ်မှာ ထည့်ထားတာက ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရား။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဒါတွေကို မဆန့်ကျင်ဖို့။ အခုက တော်တော်လေး ဆန့်ကျင်လာတဲ့ အနေအထားဖြစ်နေတယ်။တစ်ဖက်က ခုနကပြောတဲ့ ငါးချက်နဲ့ ပြန်ကြားရေးဝန်းကြီးဌာနက မူဝါဒတွေချတဲ့ဟာကတော့ ပြန်ကြားရေးအပိုင်းနဲ့ ကျူးလွန်ချိုးဖောက်ရင် သူ့အရေးယူသင့်တဲ့အပိုင်းက ယူတဲ့အပိုင်းတွေ ရှိသလို။ ဒီနေ့ ကျွန်တော်တို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် ဒါ ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၎င်းက''တစ်ဖက်က ပြန်ကြားရေးဝန်ကြီးဌာနက သူ့စာပေဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်လို့ အရေးယူရမယ့်အပိုင်းရှိသလို ကျွန်တော်တို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပြစ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့က နိုင်ငံတော် အကျိုးအတွက် အရေးယူသင့်တာ ယူရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြောထားတာဖြစ်ပါတယ်။ နောက် ပုဒ်မ ၃၆၄ မှာလည်း နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊  တစ်ဖက်နဲ့တစ်ဖက် တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်လျှင် ထိုအပြုအမှုမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။ ဒါတွေလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ နောက် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ဒါ ၁၉၅၀ ပြည့်နှစ် အက်ဥပဒေပေါ့။
တစ်ချို့က တည်ဆဲဥပဒေက မဖျက်သိမ်းပါဘူး။ ဆက်လက်ပြီးတော့ တည်ဆဲဥပဒေ ရှိနေဆဲ ဖြစ်ပါတယ်။ တည်ဆဲဥပဒေ ရှိနေဆဲနဲ့ တစ်ချို့ အရေးယနိုင်တဲ့ အနေအထား ရှိပါတယ်။ ပုဒ်မ ၅၊ မည်သူမဆို အဓိက 'ည' နဲ့ သက်ဆိုင်တယ်။ 'ည' မှာ ပြည်ထောင်စု၏ လုံခြုံရေးကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ဖော်ဆောင်ရေးကို သော်လည်းကောင်း၊ ထိခိုက်စေရန်အကြောင်း ရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ အပြုအမူကိုဖြစ်စေ ဖောက်လွဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ ဖြစ်စေရန် အကြောင်းရှိသော အမှုကိုပြုလျှင် ထိုသူအား ၇ နှစ်အထိ ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ် သော်လည်းကောင်း၊ နှစ်ရပ်လုံးကိုသော်လည်းကောင်း ထိုက်သင့်စေရမည်။
'ဃ'မှာတော့ အများပြည်သူတို့အား သို့တည်းမဟုတ် ပြည်သူတို့အား အထိတ်တလန့် ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသော အမှုကိုပြုလျှင် ဒါလည်း ဒီပြစ်ဒဏ်တွေ ကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီတည်ဆဲဥပဒေမှာပဲ ရှိနေတာ ပုဒ်မ ၅၀၅ မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ မပြုရ။ သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် သူက အဓိကကတော့ (ခ) နဲ့ဆိုင်တဲ့အတွက် ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ် မှု၊ တစ်ဦးတစ်ယောက်သောသူက ကျူးလွန် ချင်လာအောင် အများပြည်သူကို သော်လည်း၊ အများပြည်သူ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစား အချင်းချင်းဖြစ်စေ လူမျိုးစုအချင်း ချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်မျိုးစလုံးကိုဖြစ်စေ ချမှတ်ရမည်။ ဒါက တည်ဆဲဥပဒေမှာ အခုလိုမျိုး ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
''ခေတ်တွေက ပြောင်းပြီဆိုပြီး အခုတော့ ဘာမှမပြောင်းသလိုပါပဲ။ အရင် စစ်အစိုးရလက်ထက် အုပ်ချုပ်မှုစနစ်ဟောင်းအတိုင်း လုပ်ဆောင်တာမျိုးကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ စာပေလွတ်လပ်ခွင့် အပြည့်အ၀ မရသေးပါဘူး။ ကျွန်တော်တို့ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေနေရတဲ့ မီဒီယာတွေပါ။ ကျွန်တော်တို့ သတင်းမီဒီယာတွေအနေနဲ့ အခုချိန်ထိ စာပေစိစစ်ရေးက သတ်မှတ်တဲ့ စည်းမျဉ်းတွေနဲ့ လုပ်ဆောင်နေရဆဲပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့အနေနဲ့လည်း အရာရာကို ထိန်းထိန်းသိမ်းသိမ်း လုပ် ဆောင်နေပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ဘယ်လိုဥပဒေတွေနဲ့ အရေးယူလို့ ရတယ်ဆိုတာမျိုး ခေါ်ပြောတာကတော့ မဖြစ်သင့်ပါဘူး။ မကြာခင်မှာ စာပေစိစစ်ရေးကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတယ်။ စာပေစိစစ်ရေး ရှိနေတဲ့အချိန်မျိုးမှာတောင် အခုလို တိုင်းဒေသကြီးအစိုးရအဖွဲ့က ခေါ်ယူသတိပေးတယ်ဆိုရင် စာပေစိစစ်ရေး မရှိတော့တဲ့ အချိန်မှာဆိုရင် ဒါဟာ သတင်းလွတ်လပ်ခွင့်အတွက် ဆိုးဝါးတဲ့ အခြေအနေတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တစ်ဖွဲ့ချင်းစီကသာ ဒီလိုခေါ်သတိပေးနေရင် ကျွန်တော်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်တွေကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြည်သူတွေ ဖြစ်ရပ်မှန်တွေ သိအောင်၊ မလိုလားအပ်တာတွေ မဖြစ်အောင် ရေးသားဖော်ပြနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ရခိုင်ပြည်နယ်က ဖြစ်စဉ်သတင်းရေးသားမှုတွေအတွက် ဂျာနယ်လစ်တွေကို ဥပဒေတွေနဲ့ ခေါ်သတိပေးတဲ့အပေါ် တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းလွတ်လပ်ခွင့်အတွက် ဒါကို ကန့်ကွက်ချင်ပါတယ်''ဟု Weekly Eleven News Journal  မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
ယခုကဲ့သို့ ခေါ်ယူ တွေ့ဆုံ၍ သတိပေးမှုများနှင့်ပတ်သက်၍ အဆိုပါပွဲသို့ တက်ရောက်သော ဂျာနယ်လစ်အချို့မှ ၀န်ကြီးချုပ်၏ ပြုမူပြောဆိုသည့် အသုံးအနှုန်းအချို့ပေါ်တွင် စိတ်ပျက်ရကြောင်း၊ ပြောကြားလိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်မှုမှ အကျင့်ဟောင်းများအတိုင်း ပြုမူဆက်ဆံသည့်အပေါ်တွင်မူ လက်ခံရန် ခက်ခဲကြောင်း The Voice Weekly Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template