သမ္မတရုံး ၀က်ဘ်ဆိုဒ်တွင် နေပြည်တော် အောက်တိုဘာ ၁၄ ရက်နေ့ရက်စွဲဖြင့်ဖော်ပြထားသော သတင်းတစ်ပုဒ် နှင့် နိုင်ငံပိုင်သတင်းစာတစ်စောင်တွင် ပြည်ခိုင်ဖြိုးပါတီညီလာခံကျင်းပသည့်သတင်းကို ဖတ်လိုက်ရသည်။ ၎င်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဟု
ခေါင်းစည်းတပ်ထားသည်။နောက်ဆက် တွဲသတင်းများအရ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သမ္မတတာဝန်ထမ်းဆောင်နေစဉ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏တာဝန် များကိုမထမ်းဆောင်ရသော်လည်း ပါတီဥက္ကဌတာဝန်ကို ယူထားနိုင်သည်ဟု ပါတီအတိုင်ပင်ခံအဖွဲ့ဝင် ဦးအောင်သောင်း ကပြောကြောင်း The Myanmar Post Global ဂျာနယ်တွင် ဖော်ပြခဲ့သည်ကိုလည်းဖတ်ရသည် ။ “ဖွဲ့စည်းပုံမှာ ပါတီ တာဝန်ထမ်းဆောင် ခြင်းမပြုရလို့ဘဲ ပြဌာန်းထားတာပါ ။သမ္မတကြီးအနေနဲ့ ပါတီတာဝန် မထမ်းဆောင် ရင် ဘာမှပြောလို့ မရပါဘူး” ဟုလည်း ဦးအောင်သောင်းက ပြောကြားခဲ့ပါသည်ကိုလည်းဖတ်ရပါသည် ။ ပြောလို့ရသည် မရသည်တော့ မပြောလိုပါ ။ ထိုအသုံးအနှုန်းကို ဖတ်လိုက်ရသည်မှာတော့ “နှာခေါင်းဝကို ကြက်မွှေး နှင့် မထိတထိ ကလိသကဲ့သို့ ” အတော်ပင် ယားကျိကျိဖြစ်စေပါသည် ။
ဦးအောင်သောင်းပြောကြားခဲ့သော စကားထဲတွင်ပါဝင်သည့် ကိုးကားချက်မှာ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ (ဆိုင်ရာအခန်း) အပိုဒ် ၆၄ကို မှီငြမ်းကိုးကားချက်ဖြစ်ပါသည် ။ အပြည့်အစုံဖော်ပြရလျှင် “ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်း အတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဟူ၍ဖြစ်ပါသည် ။
ဤနေရာတွင် ပြည်သူတစ်ယောက်အနေဖြင့်မေးမြန်းလိုသည်မှာ ပြည်ခိုင်ဖြိုး ပါတီ၏ဥက္ကဌဟူသော ကြီးမားလှ သည့် ရာထူးကို ပေးအပ်ခံထားရသည့် ၊ လက်ခံရယူထားသည့် ဦးသိန်းစိန်သည် သူ၏ သမ္မတသက်တမ်းတွင် ပါတီတာဝန် များကို အမှန်တကယ်ထမ်းဆောင်ခြင်း ရှိမရှိ ပြည်သူများ အနေဖြင့် မည်သို့သိနိုင်ပါမည်နည်း ဟူ၍ဖြစ်ပါသည် ။ မေးစရာ ဆက်ရှိလာသည်က ဥက္ကဌ တာဝန်ကို အမှန်တကယ်ထမ်းဆောင်ခြင်း မရှိသောသူအား အဘယ်ကြောင့် ထိုတာဝန်ကို ဆက်လက် ပေးအပ်ထားပါ သနည်း။ ထိုမျှနှစ်ရှည်လများ ပါတီဥက္ကဌတာဝန်ထမ်းဆောင်ခြင်းမရှိသည်ကို ကင်းလွတ်ခွင့်ရ စေရန် မည်သို့စီစဉ်ပေးထား ပါသနည်း။ ပြည်ခိုင်ဖြိုးပါတီ ညီလာခံကျင်းပရန် မည်သူက စီမံခဲ့ ပါသနည်း။ ထိုညီလာခံစီမံ ချက်တွင် ဥက္ကဌ ၏ သဘောတူညီချက်(လုံးဝ)မပါဝင်ခဲ့ဘူးလား။ ဥက္ကဌ၏ သဘောတူညီချက် မပါဘဲ အဘယ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ သည် ထိုအစီအမံကိုတာဝန်ခံ၍ ဆောင်ရွက်ခဲ့ပါသနည်း ။ အကယ်၍ ဥက္ကဌ၏ သဘောတူညီချက်ပါ သည်ဆိုလျှင် ထိုအချက်အရ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ပါတီတာဝန်ကို ထမ်းဆောင်ရာ မရောက်ပါသလား။ ဥက္ကဌသည် ၎င်း၏လုပ်ငန်းတာဝန်များကို ယခု မည်သည့်ပုဂ္ဂိုလ်အား လုပ်ကိုင်စီမံခွင့်အာဏာ တရားဝင် လွှဲပြောင်းပေးအပ် ထားပါသနည်း ။ ထိုထိုသော မရှင်းမရှင်း မေးခွန်းများစွာကို ပြည်ခိုင်ဖြိုးပါတီဥက္ကဌ နိုင်ငံတော်သမ္မတကြီး နှင့် တကွ ဦးအောင်သောင်း အပါအ၀င် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ၀င်များအား မေးချင်ပါသည် ။
ဖြစ်သင့်သည်မှာ သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တာဝန်ပေးအပ်ခံရသူများသည် အများပြည်သူ၏ မျက်မှောက်တွင် ပွင့်လင်းမြင်သာစွာဖြင့် ပါတီနှောင်ကြိုးကို ဖြတ်ကြရ ပါမည် ။ ပါတီတာဝန်များကို ထမ်းဆောင် ခြင်း မပြုကြောင်း ပွင့်လင်းမြင်သာစေရန်မှာ ပါတီ၏ တာဝန်များမှ လူသိရှင်ကြား နှုတ်ထွက်ပေးခြင်းမှတစ်ပါး အခြားမရှိနိုင်ပါ။
ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များထဲမှ အားနည်းချက်တစ်ခုအဖြစ် ထပ်မံ ပေါ်ထွက်လာပါသည် ။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ သည် အထက်ဖော်ပြပါ ဥပဒေအပိုဒ် ၆၄ ကဲ့သို့ သားရေရော်ဘာကွင်း သဖွယ် လိုသလို ဆွဲဆန့်နိုင်သည့် ဥပဒေ အချက်အလက်များစွာပါဝင် နေသည့် ဥပဒေဖြစ်နေပါသည်။ထိုသို့အနေအထား ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်ဘဲ ခုံရုံးအဖွဲ့ကို နှုတ်ထွက်စေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ နိုင်ငံတော် သမ္မတကြီး ဟူသောပြဿနာ ပေါ်ပေါက်လာရပါသည်။ နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများသည် ပါတီ တာဝန်မထမ်းဆောင်ရ ဟူ၍ ပြဌာန်းထား သော ဥပဒေကို “ပါတီဥက္ကဌနေရာတော့ယူထားပါသည် ၊ပါတီတာဝန်များကိုတော့ မထမ်းဆောင်ပါ ” ဟုမရှင်းမရှင်းလုပ်နိုင်ခြင်းမှာ အခြေခံဥပဒေ၏ အားနည်းချက်မဟုတ်လျှင် မည်သည့် အားနည်းချက် ဖြစ်ပါသနည်း ။ ဤသည်ကို တရားနည်းလမ်းတကျ ဆုံးဖြတ်ပေးရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဘယ်မှာနည်း ။
သိသိကြီးနှင့် မျက်စေ့စုံမှိတ်ငြင်းနေကြလျှင်တော့ ပြဿနာများကို ဖြေရှင်းနိုင်ကြလိမ့်မည် မဟုတ်ပါ ။ သွေးနု သားနု ဒီမိုကရေစီနိုင်ငံသစ်ကို သည်းခြေပျက်ရူးသွပ်စေမည့် ခေါင်မိုးမလုံသည့်ဇာတ်လမ်းကတော့အခန်းဆက်တွေများလာ ပါတော့မည် ။ယခင်ဆောင်းပါးတွင် ခုံရုံးကို နှုတ်ထွက်စေခြင်းသည် မဖြစ်မနေလုပ်ရ မည့်ကိစ္စမဟုတ် ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အားနည်းချက်များကို ပြင်ဆင်ရေးသည်သာ မဖြစ်မနေလုပ်ရမည့် အဓိကအလုပ် ဟူ၍ထောက်ပြခဲ့ပါသည် ။ “ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက … အနာဂတ် နိုင်ငံတော် တွင် ရေရှည်အကျိုး ရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု မရှိမဖြစ်လိုအပ် သည့်အတွက် ၁၉၉၃ခုနှစ်မှ စ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့ပြီး နိုင်ငံရေး ၊ လုံခြုံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသူများ မြို့နယ်အားလုံးးမှ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး.. ၁၉၉၃ ခုနှစ်မှ စတင်ကာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအထိ ၁၄ နှစ်တိုင်တိုင် အချိန်ယူကာ ” ရေးဆွဲလာခဲ့သည်ဟုဆိုသော အခြေခံဥပဒေသည် ဒီမိုကရေစီနိုင်ငံသစ်အဆောက်အဦးကြီး အတွက် အခိုင် အမာ အုတ်မြစ်ချခဲ့သည်ဆိုပါလျှင် ထိုအခိုင် အမာ ဆောက်လုပ်ခဲ့သော အဆောက်အဦးကြီး၏အုတ်မြစ်တွင် အချိန်ကိုက်ဗုံးများ၊ ဒိုင်းနမိုက်များ စနစ်တကျကြိုတင် ထည့်သွင်း မြုပ်နှံတပ်ဆင်ခဲ့လေသလားဟုပင် ထင်မြင်စရာဖြစ်နေပါသည်။
ယခုအခါ ပထမ ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးကြီးကျင်းပနေချိန်ဖြစ်ပါသည်။ ထိုအစည်းအဝေး တွင် ပြည်သူ့လွှတ်တော် ဥက္ကဌကြီးမှ နှုတ်ခွန်းဆက် စကား ပြောကြားရာ၌ “လွှတ်တော်များ ပါလီမန်များ ၊ ကွန်ဂရက်များ သည် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးနှင့် ရှင်သန်ရေးတွင် အဓိက အရေးကြီးသော ကဏ္ဍတွင်ပါဝင် နေကြောင်း” …မှ အစချီကာ တည်ဆဲဥပဒေ စည်းကမ်းများကို မည်သူမဆိုလိုက်နာကြရမည် ၊ မလိုက်နာသူ ၊ ပျက်ကွက်သူ ၊ ဖောက်ဖျက် သူကို တည်ဆဲ ဥပဒေအရ အရေးယူရမည် ၊ ဥပဒေအရ အရေးယူဆောင်ရွက်ရန် ပျက်ကွက်သူကို သို့မဟုတ် အဖွဲ့အစည်း ကိုလည်း “ပြည်သူများ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေနှင့် အညီမဖြစ်က အရေးယူဆောင်ရွက် ပိုင်ခွင့် ရှိနေစေရမည်” ဟုအတိအလင်း ပြောဆိုခဲ့သည်ကို ပီတိသောမနဿ ဖြစ်စွာဖြင့် နားထောင်မှတ်သားလိုက်ရပါသည် ။ အထူးသဖြင့် စကားလုံးများကို “အဲဒါကဟိုဒင်းလေ ၊ ဒီလိုပေါ့ ၊ ဘယ်လိုပြောမလည်းဆိုတော့” စသည်ဖြင့်ဗလုံးဗထွေးမရှင်း မရှင်းပြောတတ်ကြသောတာဝန်ရှိပုဂ္ဂိုလ်ဆိုသူများထဲတွင် “ပြည်သူများ သို့မဟုတ် ပြည်သူကိုယ်စားလှယ်များ” ဟု ခွဲခွဲ ခြားခြား ရှင်းရှင်းလင်းလင်း ပြောကြားသွားသည့်အတွက် ပြည်သူတစ်ယောက်အနေဖြင့် အမှန်တကယ်လေးစားမိပါသည်။
ဤပထမပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးကြီး ပြန်လည်ကျင်းပနေချိန်တွင် တိုင်းပြည်အတွက်အရေးကြီး လှသော အကြောင်းကိစ္စများကို လွှတ်တော်ဥက္ကဌကြီး ရည်ညွှန်းခဲ့သော ပြည်သူများထဲမှ ပြည်သူတစ်ယောက် အနေဖြင့် တင်ပြလိုပါသည် ။ သက်ဆိုင်သူများ ဂရုဓမ္မစိုက် ကြပါရန်လည်း တိုက်တွန်းလိုပါသည်။ယခင် ဆောင်းပါးတွင် စာရေးသူကမေးခွန်း(၃)ခုမေးခဲ့ပါသည်။ ထိုမေးခွန်းများကို ဤနေရာတွင် အကျဉ်းချုပ် ပြန်လည်ဖော်ပြရည်ညွှန်းလိုပါသည်။ ထိုမေးခွန်းများမှာ ၁။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ နှုတ်ထွက်သွားသည်နှင့် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟုအလိုအလျောက်သဘော သက်ဝင်အတည်ပြုနိုင်ပါသလား။
၂။နှုတ်ထွက်သွားသည့် အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်(၉)ဦးနေရာတွင် ပြန်လည်ခန့်ထားမည့်အခြေခံဥပဒေ ခုံရုံးအဖွဲ့ သစ်သည် “လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် ဖြစ်ပါသည်” ဟု(အခြေခံဥပဒေ တွင် ပြဌာန်းထားချက် တစ်စုံတစ်ရာကို ကိုးကားခြင်းမပြုနိုင်ဘဲ) လက်ခံအတည်ပြု ပေးကြပါမည်လား။
၃။ထိုသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါဝင်သောကြောင့် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ် ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော် ထိုအခြေခံဥပဒေခုံရုံးအသစ်ကို နှုတ်ထွက်စေ ရန် စွပ်စွဲ ပြစ်တင်မှု များပြုလုပ်၍ ဖိအား ပေးကြရဦးမည်လား။ ဟူ၍ဖြစ်ပါသည် ။ ဤမေးခွန်းများ၏ အဖြေကိုလည်း ယခုအခါ အားလုံးသိပြီးဖြစ်ကြပါလိမ့်မည်။
စင်စစ်တွင် ပြဿနာ၏အရင်းခံမှာ နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ဥက္ကဌကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ် များက ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပင်ဖြစ်ပါသည်။ ထို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယက္ခ တစ်ထောင်၊ ကုမ္ဘာန်တစ်သောင်းစောင့်သကဲ့သို့ (မတို့ရဲ့မထိရဲကြ သောကြောင့်) တိကျသောအဓိပ္ပါယ်ဖွင့်ဆိုခြင်း ၊ လိုအပ်သလို ပြင်ဆင်ခြင်း ၊ တိုးချဲ့ခြင်း ၊ ပယ်ဖျက်ခြင်း များမပြုလုပ်ကြဘဲ ဟိုအပြစ်ရှာ သည်အပြစ်ရှာလုပ်နေခြင်းသည် ဂျာအေးသူ့အမေရိုက် ဇာတ်လမ်းခင်း၍ နောက်ဆုံးတော့ သည်ဘူတာတွင်ပင် ပြန်ဆိုက် ဦးမည်သာဖြစ်ပါသည် ။ သမ္မတကြီး၊ လွှတ်တော်ဥက္ကဌကြီး နှင့်တကွ နိုင်ငံ၏ ဦးဆောင်အခန်းကဏ္ဍမှ ပုဂ္ဂိုလ်ကြီးများ ၊ လွှတ်တော်အမတ်မင်းများ သံပြိုင်ကြွေးကြော်နေကြသည့် တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုသည်ကို လိုသလို ဆွဲယူ၍ ရနေသည့် အခြေခံဥပဒေကြီးဖြင့် မည်သို့ အကောင်အထည်ဖော်ကြပါမည်နည်း။ “ခေါင်ကမှ မိုးမလုံလျှင် ဘယ်တံစက်မြိတ်က မိုးလုံနိုင်ပါမည်နည်း”။ တရားစီရင်ရေး၏ အမြင့်ဆုံးအာဏာရှိအဖွဲ့အစည်းဖြစ်သည့် အခြေခံဥပဒ ခုံရုံးကို နှုတ်ထွက်စေ ထားပြီးမှ တရားဥပဒေစိုးမိုးရေး (Rule of Law) ကို မည်သို့ လုပ်ဆောင်ကြပါမည်နည်း ။ ဤနေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆) တရားစီရင်ရေး ခေါင်းစဉ်အောက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်များ အခန်းကို (အရေးကြီးလှသဖြင့်)အပြည့်အစုံတင်ပြလို ပါသည်။
၃၂၂ ။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်
(က)ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊
(ခ)ပြည်ထောင်စုလွှတ်တော် ၊တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က
ပြဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ညီညွတ်မှု ရှိမရှိ စိစစ်ခြင်း၊
(ဂ)ပြည်ထောင်စု၊ တိုင်းဒေသကြီးများ ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင် ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်
ညီညွတ်မှု ရှိမရှိစိစစ်ခြင်း ၊
(ဃ)ပြည်ထောင်စုနှင့် တိုင်းဒေသကြီးများအကြား ၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီးအချင်းချင်း၊
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အချင်းချင်း ဖြစ်ပေါ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း ။
(င)တိုင်းဒေသကြီး ၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စု ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊
ပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှု များကို ဆုံးဖြတ်ခြင်း၊
(စ)ပြည်ထောင်စု နယ်မြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း ၊
(ဆ)ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ ။
ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပါသည် ။
အပိုဒ်ခွဲ(က)အရ အခြေခံဥပဒေခုံရုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်းတစ်ခုစီ အပိုဒ်တစ်ခုစီအလိုက် ပြဌာန်း ချက်များကို အဓိပ္ပါယ်ဖွင့်ဆိုပေးရမည်ဖြစ်ပါသည် ။ (ယခုအခါတွင် ခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်သွားရပြီ ဖြစ်သဖြင့် ထို ပြဌာန်းချက်များကို အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါ) သို့ဖြစ်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် ဟူသောပြဿနာသည် လိပ်ခဲတည်းလည်းဖြစ်နေရပါသည် ။ သို့ဖြစ်၍ နောက်နောင် ဤသို့ပြဿနာ များ အစွန်းမထွက်စေရန် အခြေခံဥပဒေကို တိကျပြတ်သားသည့် စကားလုံးများဖြင့် အဓိပ္ပါယ်ဖွင့်ဆို၍ လူသိရှင်ကြား ထုတ်ပြန်ပေးရပါမည်။
အပိုဒ်ခွဲ(ဃ)ကိုသေချာစွာဖတ်ကြည့်ပါ။ ယခု အရေးတကြီး ဖြေရှင်းရန်လိုအပ်နေ သည့် ကချင်ပြည်နယ်ပြဿနာ နှင့် အခြား တိုင်းရင်းသားလက်နက်စွဲကိုင်မှု ပြဿနာများသည် မည်သည့်အတွက် ကြောင့်ဖြစ်ပွားနေရသည် ဆိုသည်ကို အခြေခံကျကျလေ့လာ(Conflict Analysis လုပ်) ကြည့်ပါ ၊ထိုသို့ လေ့လာကြည့်လျှင် တရားရေးမဏ္ဍိုင် (ဥပဒေခုံရုံး)သည် မည်သည့်တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိသာပါလိမ့်မည်။
မီဒီယာများနှင့်တွေ့ဆုံပွဲတွင် သမ္မတကြီးပြောခဲ့သည့်စကားကိုကိုးကားလိုပါသည်။ မြန်မာစစ်သားတစ်ယောက် ကျဆုံးသည်မှာ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုဖြစ်သကဲ့သို့ပင် တိုင်းရင်းသားစစ်သားတစ်ယောက် ကျဆုံးလျှင်လည်း တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုပင်ဖြစ်ပါသည် ၊ အထူးသဖြင့် စစ်ပွဲကြားမှ ပြည်သူများ မြေဇာပင်ဖြစ် ကြရ ၊ထိခိုက်နစ်နာရ သည်မှာ တိုင်းပြည်အတွက်ကြီးစွာသောနစ်နာမှု ဖြစ်ပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် တည်ဆောက် နိုင်ရန် ပြည်တွင်ငြိမ်းချမ်းရေးကိုအမြန်ဆုံး ပြန်လည်တည်ဆောက်ရန်လိုသည် ။ ထိုသို့ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရန် မှာ နှစ်ဦးနှစ်ဘက် အကြေအလည်စေ့စပ်ညှိနိုင်းကြရန်လိုသည် ။ထိုသို့စေ့စပ်ညှိနိုင်းရန် မှာ ပြဿနာ၏ ရင်းမြစ် (root cause) နှစ်ဦးနှစ်ဘက်၏ လိုအင်ဆန္ဒများ (needs and desires) တန်ဖိုးထားမှုများ (values) များကို သိရှိနားလည်ရန် လိုအပ်သည်။ တိုင်းရင်းသားညီနောင်အချင်းချင်း တိုက်ခိုက် သတ်ဖြတ်နေကြရသည့် ပြဿနာများသည် လူမျိုးရေး ပဋိပက္ခ (Conflict of national cause) လော၊ အယူဝါဒ ရေးရာပဋိပက္ခ(Conflict of political conviction) လော။ ဖွဲ့စည်းပုံအခြေခံ ဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) လော ဆိုသည်တို့ကို အခြေခံကျကျ ဆန်းစစ် လေ့လာမှုများမပါရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေး အစစ်အမှန်ကို ဘယ်သို့ စေ့စပ်ညှိနှိုင်းတည်ဆောက်ကြမည်နည်း ။
လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက်တွင် ပေါ်ပေါက်ခဲ့သော ပြည်တွင်းရေးပြဿနာများ ၊ တိုင်းရင်းသား ပြဿနာများသည် ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ချွတ်ယွင်းအားနည်းချက်များနှင့် ပင်လုံစာချုပ်တွင် အမြစ်တွယ် လာခဲ့သော Federal မူအရ ဖြစ်ပွားပေါ်ပေါက်ခဲ့ခြင်းဖြစ်သည် ဆိုသည်ကို မည်သူမျှ မျက်စေ့မှိတ် မငြင်းနိုင်ပါ ။ တိုင်းရင်းသားများသည် ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် ဟူသော စကားကို လက်ကိုင်ထားခဲ့ကြပြီး ဗမာသည်လည်း ပြည်နယ် တစ်ခု ၊ ရှမ်း ၊ ချင်း ၊ ကချင် ၊ ကရင် ၊ မွန် စသည့် အခြားတိုင်းရင်းသားများသည်လည်း ပြည်နယ်တစ်ခုစီ ၊ အခွင့်အရေးနှင့် အာဏာတူမျှရမည် ဟူ၍ သီးခြားလွတ်လပ်ပြည်နယ်များ ကိစ္စကိုတောင်းဆိုခဲ့ကြသဖြင့် ပြည်တွင်းစစ်မီးတောက်ခဲ့ပြီး ပြည်ထောင်စု ပြိုကွဲမည့်အခြေသို့ဆိုက်ခဲ့ရသည်။ ယခုတိုင် ဖက်ဒရယ်မူတစ္ဆေ၏ ခြောက်လှန့်ခြင်းမှ မလွတ်ကင်းနိုင်သေးပါ။ အကယ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထိုFederal State ကို တင်ပြတောင်းဆိုလာကြလျှင် ၊ မိမိတို့ တိုင်း/ပြည်နယ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများသီးခြားစီရှိရမည်ဖြစ်သည်ဟု ဆိုလာကြလျှင် မည်သူကဦးဆောင်ဖြေရှင်းမည်နည်း၊ မည်သူက တာဝန်ခံ၍ မည်သို့ ဆုံးဖြတ်ကြမည်နည်း ။ခါတိုင်းလိုပင် နောက်တစ်ချိန်တွင် ထပ်မံဆွေးနွေးကြရန်ဟုဆိုကာ နောက်လှည့် ပြန်လာကြဦးမည်လား။ သမ္မတက၀င်ရောက်ဖြေရှင်းမည်လော ၊ ပြည်ထောင်စုလွှတ်တော်က ၀င်ရောက်ဖြေရှင်းမည်လော။ ထိုသို့ဝင်ရောက်ဖြေရှင်းကြ၍လည်း ရနိုင်ပါမည်လော ။ ဤမျှတိုင်းပြည်အတွက် အရေးကြီးလှသည့် ဥပဒေရေးရာ ထိမ်းညှိ မှုများကို ဆောင်ရွက်ရန်တာဝန်ပေးအပ်ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး မရှိဘဲနှင့် ထိုပြဿနာများကို မည်သူ ဖြေရှင်းမည်နည်း ။
ဤသည်မှာ တရားစီရင်ရေးမဏ္ဍိုင်၏ အရေးပါလှသော အခန်းကဏ္ဍကို သိသာစေရန် အကျဉ်းမျှဖော်ပြခြင်း မျှသာဖြစ်ပါသည် ။ ဖြစ်လာနိုင်သည်များ ဖြစ်မလာသေးသည်ကို ဖြစ်မလာနိုင်တော့ ဟု တစ်ထစ်ချယုံကြည်မနေသင့်ပါ ။ ထို့အပြင် ကျန်အပိုဒ်ခွဲ (ခ)(ဂ)(င)စသည်တို့မှ ဖြစ်ပေါ်လာနိုင်သော ပြဿနာများစွာကို လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ စိစစ်ခြင်း ၊ အငြင်းပွားမှုများကို ဖြေရှင်းခြင်း စသည်တို့ကိုလည်း တာဝန်ယူ လုပ်ဆောင် သွားရဦးမည်ဖြစ် ပါသည် ။ ယခုအချိန်တွင် ပြည်နယ်အသီးသီးက သီးခြားလွတ်လပ်သော ပြည်နယ်ဥပဒေကို ပြဌာန်းမည်ဟု ဆိုလာ ကြပါလျှင် ထိုပြဌာန်းသော ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီသည် မညီသည်ကို မည်သူက တာဝန်ယူ အဆုံးအဖြတ် ပေးပါမည်နည်း ။ ထိုသို့သော အကြောင်းခြင်းရာများ ပေါ်ပေါက်လာပါက (ဥပဒေခုံရုံး မရှိသည့်အတွက်) မည်သူက တာဝန်ခံ၍ ဖြေရှင်းပါအံ့နည်း ။ ဖြေရှင်းပုံမမှန်ပါက မည်သည့်ဆိုးကျိုးများဖြစ်လာဦးမည်နည်း ။
ထိုထိုသော အကြောင်းတရားများကို ထောက်၍ လုပ်ဆောင်သင့်သော အချက်များကို သုံးသပ်တင်ပြရလျှင်
(၁)သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအား ပြန်လည်ဖွဲ့စည်းရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်နှင့် ညှိနိုင်း၍ အမြန်ဆုံး ဆောင်ရွက်ရန်လိုအပ်ပါသည် ။
(၂)ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့သည် အခြေခံဥပဒေ အပိုဒ် (၃၃၃) တွင် မိမိတို့ အားအပ်နှင်းထားသော
အခွင့်အာဏာအရ ခုံရုံးအဖွဲ့ဝင်များကို ရွေးချယ်ရန် ၊ ထိုသို့ရွေးချယ်ရာတွင် ထိုပုဒ်မ အပိုဒ်ခွဲ(ဃ) (၄)တွင်ဖော်ပြထားသည့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော
ဥပဒေပညာရှင် အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဆိုသည့် အချက်အရ ပြည်သူကြားမှ ဥပဒေပညာရှင်များကိုလည်း ဖိတ်ခေါ်၍ အမည်စာရင်းတင်သွင်းသင့်ပါသည်။
တစ်ခါလာလည်း မဲပြာပုဆိုး ခေါက်ရိုးကျိုးဥပဒေပညာရှင်များနေရာတွင် ပြည်သူတို့အားအမှန်တကယ်အကျိုးပြုနိုင်မည့် ဥပဒေပညာရှင်များ လူရိုသေ ရှင်ရိုသေ ဥပဒေပညာရှင်များ
နှင့် အစားထိုးနိုင်ပါက ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်တိမ်းစောင်းမှုများ ကို ရှောင်လွဲနိုင်မည်ဖြစ်ပါသည် )
(၃)ထိုသို့ ဥပဒေခုံရုံးကို ပြန်လည်ဖွဲ့စည်းပြီးသည့်အခါတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှဝိ၀ါဒကွဲပြားနေသောစကားလုံးများကိုတိကျခိုင်မာသော စကားလုံးများဖြင့်အဓိပ္ပါယ်ဖွင့်ဆိုကြရန် တာဝန်ပေးအပ်ရမည်ဖြစ်သည်။ လိုအပ်ပါက ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ထည့်သွင်းခြင်း ၊ ဖြုတ်ပယ်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းအတွက်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်က တာဝန်ခံပေးရမည်ဖြစ်ပါသည် ။
ဤသို့အားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့က တရားရေးမဏ္ဍိုင်ကို ပြန်လည်ရှင်သန်စေမှသာ လျှင် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သော အဓိက မဏ္ဍိုင်ကြီး (၃)ရပ်၏ အခန်းကဏ္ဍပေါ်လွင်လာမည်ဖြစ်ပါသည်။ အခြေခံဥပဒေတွင်ပြင်ဆင်ရန် လိုအပ်ချက်များကို လည်းစိစစ်လျက် မည်သို့ပြင်ဆင်ကြမည်ကို လွှတ်တော်များနှင့်ညှိနှိုင်း မှုများပြုရန် လမ်းပွင့်စေမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်နယ်များနှင့်ပြည်ထောင်စုအကြား ဖြစ်ပွားနေသော ပဋိပက္ခများ သည် လူမျိုးရေး ပဋိပက္ခ ၊အယူဝါဒရေးရာ ပဋိပက္ခများသာမကဘဲ Federal State ကဲ့သို့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြဿနာများ (Constitutional Crisis) ပါဝင်လာလျှင် ဖြေရှင်းပေးနိုင်မည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသာ ဖြစ်ပါသည်။ ထိုသို့ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ဥပဒေများ ပြုခြင်းကို ပြည်ထောင်စုလွှတ်တော်က လုပ်ဆောင်ပေး ရပါလိမ့်မည် ၊ ထိုဥပဒေများကို သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ကြေငြာရပါလိမ့်မည်။ ထို့ကြောင့် တရားစီရင်ရေး အာဏာ ၊ ဥပဒေပြုရေး အာဏာ နှင့် အုပ်ချုပ်ရေးအာဏာတို့သည် သူ့တာဝန်နှင့်သူ ချိတ်ဆက်လည်ပတ် နေရမည့် နိုင်ငံတော်၏ ယန္တယားစက် ဖြစ်ပါကြောင်း ၊တစ်ခုကိုတစ်ခုက လွှမ်းမိုးခြင်း ၊ မထီမဲ့မြင်ပြုခြင်း ၊ အားနည်းချိနဲ့စေခြင်း တို့ကို ပြုလုပ်၍မရနိုင်ပါကြောင်း လေးစားစွာ အသိပေးတင်ပြလိုပါသည် ။
နောက်ဆုံးတင်ပြလိုသည့်အချက်တစ်ခုရှိပါသေးသည် ။ ထိုအချက်မှာ အလွန်အရေးကြီးလှပါသည် ။ တရား စီရင်ရေး ၊ ဥပဒေပြုရေး နှင့် အုပ်ချုပ်ရေးအာဏာဟူသော အဓိကထောက်တိုင်ကြီး (၃)ရပ်သည် မြဲမြံလှသည့် အောက်ခြေ ဖြစ်သော ပြည်သူလူထုပေါ်တွင် တင်မှီ၍ထောက်ထားခြင်းဖြစ်ကြောင်းကို အမြဲမပြတ်သတိချပ်စေလိုပါသည် ။ ပြည်သူ တို့က မလိုလား လက်မခံ၍ ကုန်းထ ရုန်းကြွသော အခါတွင် ထိုထောက်တိုင်များသည် မည်သို့မျှ ဆက်လက်ထောင်မတ် နိုင်ကြမည် မဟုတ်ပါ ။ သို့ဖြစ်ပါ၍ ထိုအာဏာ(၃)ရပ်ကို လက်ဝယ် ရရှိထားသောပုဂ္ဂိုလ်များသည် မိမိတို့၏ လုပ်ပိုင်ခွင့်များ ကို ယစ်မူး၍ မနေကြစေလိုပါ။ ထိုလုပ်ပိုင်ခွင့်များသည် ပြည်သူတို့ထံမှ မိမိတို့ထံသို့ဆင်းသက် လာကြောင်း၊ထိုလုပ်ပိုင် ခွင့်များသည် ပြည်သူတို့ အကျိုးစီးပွားအတွက် ကျရာတာဝန်ကို (လူကြားကောင်းရုံ ပါးစပ်ပြောမဟုတ်ဘဲ)အမှန်တကယ် ကျေပြွန်စွာ ထမ်းဆောင်ရန် နှင်းအပ်ထားခြင်းသာဖြစ်ကြောင်းကို မပြတ်သတိရစေလိုပါသည် ။ လေးစားအပ်သော သမ္မတကြီး ၊ လွှတ်တော်ဥက္ကဌကြီးများ၊ လွှတ်တော်အမတ်မင်းများ နှင့် နောင်လာမည့် ခုံရုံးအဖွဲ့ဝင်များအားလုံးတို့သည် မိမိတို့အား ပေးအပ်ထားသည့် အာဏာ(၃)ရပ် ၏ အမှန်တကယ်ပိုင်ရှင် အစစ်မှာ ပြည်သူ သန်း (၆၀)သာဖြစ်သည် ဆိုသည်ကို အိပ်မက်၌ပင် သတိဝင်စေလိုပါသည် ။ သို့မဟုတ်ပါက အောက်ခံမြေပျောက်လျှင် ခြေ-ထောက်စရာ မရှိနိုင် သကဲ့သို့ ကြုံတွေ့ရလိမ့်မည်ဖြစ်ပါကြောင်း ကောင်းစွာသိရှိနားလည်ကြပါရန် လေးစားစွာဖြင့် အသိပေးတင်ပြလိုက် ရပါသည်။
ထင်လင်းဦး (Wisdom Villa)
by Messenger News Journal