Headlines News :
Home » » ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အိန္ဒိယ ကုမ္ပဏီ လစာ မပေး၍ အလုပ်သမားများ အလုပ်မဆင်း

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အိန္ဒိယ ကုမ္ပဏီ လစာ မပေး၍ အလုပ်သမားများ အလုပ်မဆင်း

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 5:46 PM

 
အိန္ဒိယ ကုမ္ပဏီ PunjLioyd သည် တရုတ် ကုမ္ပဏီ စီအန်အန်ပီ၏ ဆောက် လုပ်ရေး လုပ်ငန်းများကို ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လာရောက် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ တစ်ခု ဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ၀င်ရောက် အလုပ် လုပ်ကိုင်နေသော PunjLloyd ကုမ္ပဏီသည် အလုပ်သမားများ၏ လစာကို မပေးဘဲ ထားသဖြင့် အလုပ်သမားများ အနေဖြင့် အလုပ်မဆင်းဘဲ ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။

“ တရုတ်ကုမ္ပဏီက သူတို့ PunjLloyd ကို ငွေပေးပါတယ်။ ဒါပေမယ့် အိန္ဒိယ ကုမ္ပဏီက လုပ်အားခတွေကို ပုံမှန် ငွေမရှင်းတာသာ ဖြစ်ပါတယ်။ တစ်လ ပေးတယ်။ နောက်နှစ်လ မပေးဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမားတွေမှာ ခုလို ပုံမှန် ငွေမရှင်းတော့ အခက်ကြုံပြီး အခုတော့ အလုပ်မဆင်းကြတော့တာ ဖြစ်ပါတယ်” ဟု စီမံကိန်းတွင် လုပ်ကိုင်နေသူ လက်သမား ဆရာကြီး ဦးသောင်းရွှေက ပြောသည်။

မြန်မာ အလုပ်သမား အများစုမှာ ဒေသခံများ ဖြစ်ကြပြီး နေ့စား အလုပ်သမားများ အဖြစ် လုပ်ငန်းမျိုးစုံတွင် ပါဝင် လုပ်ကိုင်နေကြသည်ဟု သိရသည်။
“ ခုလို ဖြစ်နေတဲ့ အတွက် အလုပ်မဆင်းသူတွေလည်း ရှိပါတယ်။ လစာ ရနိုးနိုး မျှော်ကိုးပြီး အလုပ်ဆင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အလုပ်ဆိုက်တွေမှာလည်း ဆင်းတဲ့သူ ရှိသလို မဆင်းတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့လည်း PunjLloyd နဲ့ ကန်ထရိုက် ယူပြီး အလုပ် လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက ငွေမရှင်းတော့ အလုပ်သမားတွေကို လစာမပေးနိုင်ဘဲ ဖြစ်နေပါတယ်။ အလုပ်သမားတွေနဲ့ မျက်နာ ပျက်ရပေါင်းလည်း များနေပါပြီ။ အိန္ဒိယ ကုမ္ပဏီနဲ့ အလုပ် လုပ်ရတာ ပြဿနာကတော့ နေ့တိုင်း တက်နေပါတယ်” ဟု အလုပ်ခွင်ထဲက အင်ဂျင်နီယာ တစ်ဦး ဖြစ်သူ ကိုစိုးခိုင်က ပြောသည်။

အိန္ဒိယ ကုမ္ပဏီ PunjLloyd သည် ငွေ ၁၀၀ ပေးစရာရှိရာတွင် ငွေ ၁၀ ကိုသာ ထုတ်ပေးပြီး ကျန် ၉၀ ကို မပေးဘဲထားကြောင်း၊ ဤသည်မှာ သူတို့ အလေ့အထ ဖြစ်ကြောင်း၊ ငွေများကို ပုံမှန် ထုတ်မပေးသဖြင့် သူတို့နှင့် အလုပ်တွဲလုပ်နေသည့် မြန်မာကုမ္ပဏီများမှာ အထူး ဒုက္ခရောက်နေကြရကြောင်း သူက ဆိုသည်။

အိန္ဒိယ ကုမ္ပဏီ PunjLloyd နှင့် ကန်ထရိုက်ယူပြီး လုပ်နေသော မြန်မာ ကုမ္ပဏီမှာ KSC အပါအ၀င် လေး- ငါးခုခန့်ရှိပြီး ဆောက် လုပ်ရေး လုပ်ငန်းများကို အဓိက တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။

အလုပ်သမားမှာ စုစုပေါင်း ၈၀၀ ခန့်ရှိပြီး အများစု မြန်မာ အလုပ်သမားများမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လက်သမား အဖြစ် လုပ်ကိုင်နေသူများရှိသလို ကျောက်သယ် ကျောက်ပြောင်း၊ ကားမောင်း ဒရိုင်ဘာ လုပ်နေသူများလည်း ရှိသည်ဟု ဆိုသည်။

ယခုကဲ့သို့ အိန္ဒိယ ကုမ္ပဏီမှ အလုပ်သမားများ၏ လစာကို ပုံမှန် မထုတ်ပေးဘဲ ထားသော်လည်း မည်သည့် နေရာကိုမှ တိုင်ကြား၍ မရဘဲ ဖြစ်နေကြောင်း ဦးသောင်းရွှေက ဆိုသည်။

“ နိုင်ငံခြား ကုမ္ပဏီဆိုတော့ ဘယ်သူ့ကိုမှ တိုင်လို့ မရဘူး။ ခရိုင် အုပ်ချုပ်ရေးမှူးလည်း ဘာမှ လုပ်မပေး နိုင်ဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ဘာမှ မတတ်နိုင်ဘူး။ နိုင်ငံတော် စီမံကိန်းတွေ ဖြစ်တဲ့ အတွက် သူတို့ကို ဘယ်သူမှ မပြောရဲဘဲ ဖြစ်နေပါတယ်။ အလုပ်သမားတွေကိုကျတော့ မနားမနေ အသေကုန် ပိတ်ကန် ခိုင်းတာပါဘဲ။ ထိုက်တန်တဲ့ လစာကို ကျတော့ မပေးချင်ဘူး။ ဒေသခံ အောက်ခြေ အလုပ်သမားတွေ ခေါင်းပုံ ဖြတ် အနိုင်ကျင့် ခံနေရပေမယ့် ဘယ်သူမှ အရေးယူဆောင်ရွက် ပေးတာ မရှိဘူး” ဟု ပြောသည်။

၎င်းပြင် အိန္ဒိယ ကုမ္ပဏီ PunjLloyd သည် မြန်မာ အစိုးရနှင့် သဘောတူညီမူ တချို့ကို ချိုးဖေါက်နေသည်ဟု အင်ဂျင်နီယာ ကိုစိုးခိုင်က ပြောဆိုသည်။

“ မြန်မာ အစိုးရနဲ့ သဘောတူညီထားတဲ့ အထဲမှာ အင်ဂျင်နီယာ၊ အရာရှိနဲ့ ဖိုမင် အဆင့်ဘဲ သူတို့နိုင်ငံက ခေါ်ယူလာရမယ် ဆိုပြီး သဘောတူညီချက်တွေ ပါဝင်ပါတယ်။ အခုသူတို့က ဘင်္ဂလီ အလုပ်သမားတွေကို တသုတ်ပြီး တသုတ် ခေါ်ယူလာပါတယ်။ ဘင်္ဂလီဆိုပေမယ့် ဘင်္ဂလာဒေခ်ျ့က မဟုတ်ပါဘူး။ ကာလကတ္တား ဘက်ကနေ ခေါ်လာတာပါ။ အရင်က ကျွန်တော်တို့ဆိုက်မှာ ဆိုရင် ဘင်္ဂလီ အိန္ဒိယ လုပ်သား ၁၉ ယောက်လောက်ဘဲ ရှိတယ်။ အခုတော့ ၆၀၊ ၇၀ ရှိနေပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ အိန္ဒိယ PunjLloyd အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ချိုးဖေါက်နေသည်သာမက မြန်မာ အစိုးရနှင့် သဘောတူညီမူများကိုပါ ချိုးဖေါက်ပြီး ဆောင်ရွက်နေသော်လည်း မည်သည့် မြန်မာ အရာရှိမှ မိမိတို့၏ အလုပ်သမားများဘက်မှ ခုခံ ကာကွယ် ပေးခြင်း မရှိသလို နိုင်ငံခြား အလုပ်သမားများ အပေါ်တွင်လည်း တစုံတရာ စိစစ်ခြင်း၊ စစ်ဆေး မေးမြန်းခြင်း များ မရှိကြောင်း သိရသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template