ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ်ပါတီ
ညီလာခံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုပါတီ၏ ဥက္ကဋ္ဌအဖြစ်
ပြန်လည်ရွေးချယ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိ၊
မရှိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လေ့လာသုံးသပ်၍ မကိုက်ညီပါက
ပြည်ထောင်စုလွှတ်တော် သို့ တင်ပြဆွေးနွေးသွားမည်ဖြစ် ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က
ပြောပါသည်။
နိုင်ငံတော်သမ္မတသည် ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းကို ကန့်ကွက်လိုခြင်း
မဟုတ်ဘဲ ဥပဒေ နှင့် မကိုက်ညီပါက နောင်လာနောက်သားများအတွက် အစဉ်အလာကောင်း
မဟုတ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကို ဥပဒေပညာရှင်များ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင်များက လေ့လာသုံး သပ်ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီဟု ယူဆပါက အနီးဆုံး
ပြည်ထောင်စုလွှတ်တော်၌ တင်ပြ ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းက ပြောကြားပါသည်။
“ဒါဟာအများပြည်သူရဲ့အမြင် မှာ မသင့်လျော်ဘူး။ ၀ိဝါဒတွေ
ဖြစ်ကုန်နိုင်တယ်။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ့်ဟာကိုယ်
အဓိပ္ပာယ်ဖွင့်၊ ကိုယ့်ဟာကိုယ်လုပ်တယ်ဆိုတာမျိုး ပြည်သူလူထု နားလည်သွားရင်
နောင်လာနောက်သားတွေအတွက် အစဉ်အလာမကောင်းနိုင်ဘူးဆိုတဲ့ အကြောင်းကို ဥပဒေနဲ့
အညီ အမြင်ရှင်းအောင်ဆောင်ရွက် တဲ့သဘောပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ
ပြည်သူလူထုတစ်ရပ်လုံး လိုက်နာရမယ်လို့ ပြဋ္ဌာန်းထားတာ။ ဒါကို
ပါတီရဲ့ခေါင်းဆောင်တာဝန် လုပ်တာ မဟုတ်ဘူး။ ခန့်ရုံပဲခန့်တာလို့
ပြောလို့ရလားမေးရမှာပဲ။ အဲဒါကို ပြည်သူလူထုက လက်ခံလားဆိုတာ မေးရမှာပဲ။
လက်ခံတယ်ဆိုလည်း ပြည်သူလူထုရဲ့ အဆုံးအဖြတ်ပေါ့။ ကျွန်တော်တို့က
ပြည်သူ့ကိုယ်စားလှယ်ဆိုတော့ ပြည်သူထဲမှာ ပြောဆိုနေကြတာ ကို တင်ပြပေးရမှာ
ကျွန်တော်တို့ရဲ့တာဝန်ပဲ”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
ဦးအုန်းကြိုင်က ပြောပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ ပထမအကြိမ်ပါတီ
ညီလာခံကို တတိယနေ့ဖြစ်သည့် အောက်တိုဘာလ ၁၆ ရက်နေ့၌ သမ္မတဦးသိန်းစိန်အား
ပါတီဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက် ခဲ့သည်။
“သမ္မတကြီးက နဂိုကတည်းက ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌပဲ။ ဥက္ကဋ္ဌကနေ
သမ္မတဖြစ်သွားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီရဲ့တာ
ဝန်တွေကိုထမ်းဆောင်ခြင်းမပြုရဘူး။ ရာထူးကနေ ဖယ်ပေးရမယ်ဆိုတာ မရှိပါဘူး။
ဒါကြောင့်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဆန့်ကျင်ပါဘူး။ သမ္မတကြီးကသာ
ပါတီလုပ်ငန်းတွေ လာလုပ်နေမယ်ဆိုရင်တော့ ဆန့်ကျင်တာပေါ့။ ဒီဟာတော့
မဆန့်ကျင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာဖတ်ကြည့်ရင်တွေ့မှာပါ”ဟု
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက
ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၄ တွင် “နိုင်ငံတော် သမ္မတ
သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်
နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရသည့် နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါ
တီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားပြီး ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင်လည်း “နိုင်ငံတော် သမ္မတ
သို့မဟုတ် ဒုတိယသမ္မတ များသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင်
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင်
နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်း ကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ်
ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး
သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်”ဟု ပြဋ္ဌာန်းထားသည်။
သမ္မတဦးသိန်းစိန်သည် နေပြည်တော်ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ
ခဲ့ရသည်။
Eleven Media Group