Headlines News :
Home » » စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းအား နည်းလမ်းရှာမည့် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲ စတင်

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းအား နည်းလမ်းရှာမည့် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲ စတင်

Written By လွင့်မောင်မောင် on Monday, November 26, 2012 | 7:49 PM

 sh
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းအား နည်းလမ်းရှာမည့် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ ၌ စတင်ပြုလုပ်နေပြီ ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အတွင်းမှ ပညာရှင်အချို့၊ နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် လူမှုအဖွဲ့အစည်းအချို့မှ ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးကြမည် ဖြစ်ပါသည်။ ယခုဆွေးနွေးပွဲ မစတင်မီအချိန်က စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းတို့နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ ဆန္ဒကို တောင်းခံထားပြီး ဖြစ်သည့်အတွက် ပြည်သူများ၏ ဆန္ဒကို အခြေခံကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြမည်ဟု သိရသည်။

"တိုင်းရင်းသား ပြဿနာ ပြေလည်ဖို့ ဆိုရင် ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင် နိုင်ဖို့ လိုပါတယ်။ ထို့အတူ စစ်မှန် တဲ့ ပြည်ထောင်စုကို တည်ဆောက် ဖို့အတွက် ငြိမ်းချမ်းရေးမရှိဘဲ မဖြစ် နိုင်ပါဘူး။ ညီညွတ်မှု မရှိဘဲ ငြိမ်းချမ်းရေး မရှိနိုင်ပါဘူး။ ဒီ့အတွက် ကျွန်တော် တို့ အချင်းချင်း ယုံကြည်မှု တည်ဆောက်ကြပြီး ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ လူကြီးမင်းတို့ လွတ်လွတ် လပ်လပ်၊ ပွင့်ပွင့် လင်းလင်း ဆွေးနွေး တိုင်ပင်ကြရင်း ငြင်းကြပါ”ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ရန် စီစဉ်ထားသော်လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။ သို့သော် နိုင်ငံတော် သမ္မတ ရုံးမှ ပြည်ထောင်စု ၀န်ကြီးနှစ်ဦးဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။

“လက်ရှိ အနေအထားနဲ့ ကျွန်တော်တို့နှင့် တိုင်းရင်းသားလူမျိုးအသီးသီး၏ ခေါင်းဆောင်များ အတူကြိုးပမ်း လုပ်ဆောင်ကြမှုများ၏ ရလာဒ်အနေ ဖြင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေး ပွဲများ၊ သဘော တူညီချက်များမှ နေ၍ နိုင်ငံရေးဆွေးနွေးပွဲများ စတင် နိုင်သည့် အခြေအနေသို့ ရောက်ရှိ နေပြီ ဖြစ်ပါတယ်”ဟု နိုင်ငံတော်  သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

"မိမိအနေနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကို အာမခံနိုင်သည်မှာ နိုင်ငံရေး ဆွေးနွေးပွဲများကို လက်ရှိနိုင်ငံရေး ဖြစ်ထွန်းမှုများက ခွင့်ပြုသော ကိစ္စရပ်များ အားလုံး၊ အနာဂတ် ငြိမ်းချမ်းရေး တည်ဆောက်မှုများအတွက် လိုအပ်မည့် ကိစ္စရပ်များ အားလုံး၊ ပါဝင်ရမယ့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရန် လက်တွေ့အကျဆုံး နည်းလမ်းဖြင့် အစွမ်းကုန် ဆောင်ရွက်သွားရန် သန္နိဌာန် ချမှတ်ထားပါတယ်”ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

ယုံကြည်မှု တည်ဆောက်ခြင်းတွင် ပါဝင်သူများအားလုံး စကားတည်ရန် လိုကြောင်းနှင့် ယုံကြည်မှု တည်ဆောက်ရာ၌  အချိန်ကာလ သတ်မှတ်ချက် မရှိ ကြောင်း ပညာရေး  အတိုင်ပင်ခံ ရှယ်လီ နန်းဟွမ်လိတ်က ပြောသည်။

"ရည်ရွယ်ချက်သာ တူမယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို တကယ်လိုမယ်။ ကျွန်မတို့အားလုံးကလည်း တိုးတက်ဖွံ့ဖြိုးချင်တယ်ဆိုတဲ့ စိတ်ဆန္ဒသာ ရှိရင် ယုံကြည်ခဲ့လို့ ရှိရင် ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပါဝင်သူ အားလုံးကတော့ ကိုယ် ပြောတဲ့ စကားအတိုင်း တည်ဖို့တော့ လိုပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်ကာလကို သတ်မှတ်လို့ မရဘူး။ တစ်နှစ်အတွင်း ယုံကြည်မှု ရှိသွားမယ်။ တစ်လအတွင်း ရှိသွားမယ်။ ပြောလို့ မရပါဘူး။ တည်ဆောက်တဲ့ကာလ သတ်မှတ်လို့ မရနိုင်ဘူး ဆိုပေမဲ့ တည်ဆောက်နေတဲ့ လမ်းကြောင်း ပေါ်လာပြီဆိုရင် ယုံကြည်မှုဆိုတာ ဖြစ်ဖို့အတွက် ပြုစုပျိုးထောင်ရပါမယ်။ ယုံကြည်မှုဟာ တည်ဆောက်ဖို့ အင်မတန် ကြာပါတယ်။ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ ပျောက်ပျက်ဖို့က အင်မတန် လွယ်ပါတယ်”ဟု ရှယ်လီ နန်းဟွမ်လိတ်က ပြောသည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းများ၏ ဆွေးနွေးပွဲ၌ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းတို့အား ဆွေးနွေးမည့် အပြင် ရှမ်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးမည့် ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ရှယ်လီ နန်းဟွမ်လိတ်က ပြောပါသည်။

"ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးနဲ တိုးတက်အောင် လုပ်ဖို့ ကိစ္စတွေလည်း ဆွေးနွေးရပါမယ်။ ကဏ္ဍပေါင်းစုံ ကြိုက်ရာကဏ္ဍကနေ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတွေကို ဆွေးနွေးရမယ်။ ဒီဆွေးနွေးပွဲက တစ်ဆင့် ဘယ်သူဟာ ဘယ်နေရာကနေ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတဲ့ အဖြေတစ်ခု ထွက်လာနိုင်ပါတယ်”ဟု ရှယ်လီ နန်းဟွမ်လိတ်က ပြောသည်။

ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းများ၏ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ရှမ်းပြည်အချို့တွင်ရှိနေသော  ရှမ်းနီ(တိုင်းလိုင်)များကိုယ်စားပြုသည့်  တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ  တက်ရောက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ဆွေးနွေးပွဲသည် အနှစ်သာရ ပိုမိုရှိလာသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ တွဲဖက်အတွင်း ရေးမှူးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းမောင်တင်က ပြောကြားခဲ့သည်။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ အပါအ၀င် အမာခံ ပါတီဝင်များသည် ရှမ်း တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ခွဲထွက်ပြီး သီးခြား ပါတီ တည်ထောင်ခဲ့ကြသူများ ဖြစ်သည်။

"အခု ဒီဆွေးနွေးပွဲကို ရှမ်းနီ(တိုင်းလိုင်)များ တက်ရောက်လာတာကို တွေ့ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။ တိုင်းလိုင်များ တက်ရောက်လာတဲ့ အတွက် ဒီဆွေးနွေးပွဲဟာဖြင့် အနှစ်သာရ ရှိလာတယ်။ ပိုပြီး အသက်ဝင်လာတယ်လို့ ဆိုလို့ရပါတယ်"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ တွဲဖက် အတွင်းရေးမှူး နှင့် လဲချားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းမောင်တင်က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ပေးထားပြီး ရလဒ်ပိုင်းနှင့် ပတ်သက်၍ မပြောတတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

“ရလာဒ်က တော့ မပြောတတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့က အားလုံး Free လုပ် ထားတာလေ။ သူ့သဘောထား၊ ကိုယ့်သဘောထားတွေ အများကြီး ပြောမှာပေါ့နော်။ ရလာဒ်ကောင်း တစ်ခုလည်း ရချင်ရနိုင်တာပဲ။ မရချင်လည်းမရဘူး။ ပြောလို့မရ ဘူး။ လုပ်တဲ့ရည်ရွယ်ချက်က အဓိ က ကတော့ အဖွဲ့ပေါင်းစုံ အားလုံး ပေါင်းပြီး အလုပ်လုပ်ဖို့ပဲ။ အစိုးရ ပိုင်းကလည်း အကူအညီပေးတော့ တော်တော်လေးကောင်းတယ်”ဟု SLND ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းများ၏ ဆွေးနွေးပွဲကို အဆင့်နှစ်ဆင့် သတ်မှတ် လုပ်ဆောင်မည် ဖြစ်ပြီး ရှမ်းပြည်နယ်မှ ပါတီအားလုံး၊ လူမျိုးစုအားလုံး၊ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်သည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ရှမ်းပြည်နယ်၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

"ငြိမ်းချမ်းရေးကို တည်ဆောက် ဖို့အတွက် ယုံကြည်မှုရှိဖို့လိုတယ်။ အဆင့်နှစ်ဆင့် ကျွန်တော်တို့ ရည်မှန်း ထားတယ်။ ရှမ်းတွေချည်းပဲ တစ်ဆင့်။ နောက်တစ်ဆင့်က ရှမ်း ပြည်နယ်မှာရှိတဲ့ ပါတီတွေ၊ အဖွဲ့ အစည်းတွေ၊ လက်နက်ကိုင်တွေ လူမျိုးစုတွေအားလုံး။ ရန်ကုန်မှာ ဖြစ်ပါ့မလားတော့မသိဘူး။ အဆင်ပြေရင်တော့ ရှမ်းပြည်မှာ သွားလုပ်မယ်။  နောက်ဆုံး အဆင့်ကတော့ ပြည်ထောင်စုအဆင့် ထပ် လုပ်ဦးမယ်။ အဲဒါကတော့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ ကိုယ်တစ်ယောက်တည်းလုပ်လို့  လည်းမရဘူး။ အစိုးရနဲ့ တိုင်ပင် ရဦးမယ်။ အခု ဒီမှာ Peace Centre  ရှိတယ်လေ။ တွဲပြီးတော့ လုပ်ရမှာပေါ့လေ။ ဒါပေမယ့် Peace Centre  ကို အခုလူတွေ မြင်တာက အစိုးရက ဖွဲ့ထားတဲ့ အဖွဲ့လို့ပဲ လူတွေမြင်နေတယ်။ အဲဒါကို ရှင်းဖို့လိုတယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

သုံးရက်ကြာမြင့်မည့်  ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့သာ မီဒီယာများကို တက်ရောက် သတင်းယူခွင့် ပြုခဲ့ပြီး ဆွေးနွေးပွဲကာလအတွင်း ဆွေးနွေးခဲ့သည်များကို နိုဝင်ဘာလ ၂၈ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးသွားမည်ဟု သိရပါသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲတွင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ နိုင်ငံတော်မ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပညာရေး အတိုင်ပင်ခံ ရှယ်လီ နန်းဟွမ်လိတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ တွဲဖက် အတွင်းရေးမှူး နှင့် လဲချားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းမောင်တင်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်း၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) ၏ နာယကနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ဦးစဝ်ဆေထင်၊ ရှမ်းပြည် ပြန်လည် တည်ထောင်ရေးကောင်စီ (RCSS/ SSA) ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညှိုနှိုင်းဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် စဝ်ပေါင်ခေး ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA)နှင့် ရှမ်းပြည် အထူးဒေသ (၄) မှ အထွေထွေ အတွင်းရေးမှူး နန်စိုင်စံ တို့က စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းအပေါ် အမြင်သဘောထားများ ပြောကြားခဲ့ကြသည်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၏ တင်ပြချက်အချို့
မြန်မာ ပြည်ဟာ ၁၉၄၈ လွတ်လပ်ရေးနဲ့ အတူ ကျွဲကူး ရေပါဆိုသလို ပေါက် ဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ကို ရပ်စဲ ပြီး အဖက်ဖက်က ချွတ်ခြုံကျနေ တာတွေကို ပြန်လည် တည်ဆောက် ဖို့ လိုနေပါပြီ။ ဒီငြိမ်းချမ်းရေး တည်ဆောက်မှုဆွေးနွေးပွဲမှာ ကျွန် တော့်ရဲ့ အတွေ့အကြုံတစ်ချို့ကို တင်ပြသွားပါမယ်။ ဒီလို တင်ပြတဲ့ အခါမှာ အာဃာတတရားနဲ့ တင်ပြ သွားမှာမဟုတ်ပါဘူး။ အမှားတွေကို သင်ခန်းစာယူ သတိပြုစေချင်တဲ့ မူနဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်များမှာ ၁၉၆၄ ဗိုလ်ချုပ်နေဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ ကျွန်တော်တို့က တန်းတူညီမျှမှု နဲ့ ပြည်ထောင်စု စစ်စစ်မူကို တင်ပြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်းက နိုင်ငံရေး ဆွေးနွေးခွင့် သိပ်မပြုဘူး။ လက်နက်ချရေးနဲ့ ပူးပေါင်းရေးကိုပဲ ဆွေးနွေးခဲ့တဲ့ အတွက် ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ပျက်ပြားခဲ့တယ်။ ၁၉၉၃ မှာ အမျိုးသား ညီလာခံမှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ဖို့ ကျွန်တော်တို့ အမျိုးသားညီလာခံတက်တယ်။ ဒါပေမယ့် အဓိက အရေးကြီးတဲ့ တန်းတူရေး တွေကို ဆွေးနွေးခွင့် မရခဲ့ဘူး။ ဒါကြောင့် ၁၉၉၆ မှာ ကျွန်တော်တို့ SSPP ရယ်၊ SNLD ရယ် အမျိုးသားညီလာခံရဲ့ ပြင်ပအနေနဲ့ လှုပ်ရှားတယ်။ အဲဒါကို တပ်မတော် အစိုးရက ကျွန်တော်အပါအဝင် ဦးခွန်ထွန်းဦး ပုဒ်ထီး ပုဒ်မများစွာနဲ့  ထောင်ချတယ်။ ဒါပေမယ့် ၂၀၁၁ မှာ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ သမ္မတကြီး ဦးသိန်းစိန်က ကျွန် တော်တို့ကို ထောင်ကလွှတ်တယ်။ ပြီးတော့မှ သမ္မတကြီးဦးသိန်းစိန်က ၂၀၁၁ ဩဂုတ်လမှာ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က နေ ပြည်တွင်းငြိမ်းချမ်းရေး မှန်မှန် ကန်ကန် လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ထဲက  တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဟာ အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက် ဖို့ကတော့ ကျွန်တော်တို့ ဆွေးနွေး လို့မရခဲ့ဘူး။ အဲဒီ ထာဝရငြိမ်းချမ်း ရေးတည်ဆောက်ဖို့က ကျွန်တော်တိှု့SSPP, SSA  ရဲ့ အမြင်တစ်ချို့ ကို တင်ပြလိုပါတယ်။ အဲဒါက တော့ မြန်မာပြည်မှာ လူ့အခွင့် အရေး၊ ဒီမိုကရေစီရေးနဲ့ တိုင်းရင်း သားလူမျိုးစုတို့အရေးဟာ ထပ်တူ ထပ်မျှအရေးကြီးတယ်။ ဒါကြောင့် မို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို တိုင်းရင်းသားလူမျိုးစုတစ်ရပ် လုံး လိုလားတဲ့ တန်းတူညီမျှမှုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု နဲ့ အစားထိုးဖို့လိုတယ်လို့ ထင်တယ်။ ဒီခေတ်ကြီးက တိုင်း ပြည်တစ်ပြည်လွတ်လပ်လိုတယ်။ အမျိုးသားတွေ လွတ်လပ်လိုတယ်။ ပြည်သူတွေ လိုတဲ့အချက်ဖြစ်လို့ နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြည်တွင်း စစ်ကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ နည်းဖြစ်တဲ့ စားပွဲပေါ်မှာ ငြိမ်းချမ်း စွာ ဖြေရှင်းဖို့လိုတယ်လို့ ကျွန်တော် တို့မြင်တယ်။
ပြည်သူတွေရဲ့ အနာကို ဘယ်အုပ် ချုပ်သူလူတန်းစားကမှ အစဖျောက် တဲ့နည်းနဲ့ ဖြေရှင်းလို့မရဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဆွေး နွေးပွဲဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ဆွေးနွေးရာမှာလည်းပဲ တစ်ဖွဲ့ချင်းစီနဲ့ ဆွေးနွေးမယ့်အစား ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ရယ်၊ အစိုးရရယ်၊ ပြီးတော့ ဒီမိုကရေစီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်ဆွေးနွေးမှ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးပွဲဖြစ်မယ်လို့ မြင်ပါတယ်။ အဖိနှိပ်ခံ တိုင်းရင်း သားပြည်သူများ သွေးစည်းညီညွတ် ကြပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပါစေ။
- စဝ်ဆေထင် (SSA ဒုတိယ ဗိုလ်ချုပ်ကြီးနှင့်  ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) ၏ နာယက)


“ကျွန်တော်တို့ နေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် ထိပ်ဆုံးက ကချင်မှာ အစိုးရနဲ့ ကချင် လူမျိုးတွေ စစ်ပွဲ ဆင်နွှဲနေကြပါတယ်။ အနောက်ဘက်မှာလည်း ရခိုင်ပြည် နယ်မှာ ရခိုင်တွေနဲ့ ဘင်္ဂါလီလူမျိုးတွေ ပဋိပက္ခ ဖြစ်နေတာကို ဝမ်းနည်းစွာ တွေ့နေရပါတယ်။ ရှမ်းပြည် မှာ ဆိုရင် လည်း ဒီအတိုင်းပါပဲ။ မွေးရပ်မြေကို စွန့်ခွာပြီး ထွက်ပြေး ကြတဲ့ စစ်ဘေး ဒုက္ခသည်တွေ၊  လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မငြိမ်းချမ်းခြင်းရဲ့ သားကောင်တွေ အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ဒီနေ့ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အယဉ် ကျေးဆုံးတိုင်းပြည်လို့ကြွေးကြော် နေကြပါတယ်။ ဒါဟာ လူကြီးမင်း တို့ကို ပြန်မေးရမယ့် မေးခွန်းတစ် ခုဖြစ်နေပါပြီ။ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးကို လူကြီးမင်းတို့ အားလုံး ငြိမ်းချမ်းချင်တဲ့ တိုင်းပြည် အဖြစ် မတည်ဆောက်စေချင်ဘူး လား။ မြန်မာနိုင်ငံဟာ ဘာသာရေး၊ ဓလေ့ထုံးစံ မတူကွဲပြားတဲ့ လူမျိုး စုတွေ စုပေါင်းနေထိုင်တဲ့ တိုင်းပြည် တစ်ပြည် ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ဝိသေသ လက္ခဏာတစ်ရပ်ဖြစ်နေပါတယ်။  ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်း စဉ်လာတွေကွဲပြားနေတာ၊ မတူတဲ့အလှအပတွေစုပေါင်းနေတာ ဟာ ပြည်ထောင်စုကြီးဟာ ပန်းပေါင်းစုံပွင့်တဲ့ တိုင်းပြည် ဖြစ်နေ ပါတယ်။ ပြည်ထောင်စုအတွင်းမှာ စုပေါင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ လည်း ပြည်ထောင်စုရဲ့ ပန်းတွေဖြစ် နေပါတယ်။ ပန်းတစ်ပွင့်လို့ပဲ ကျွန်တော်တို့ တင်စားပါရစေ။ အားလုံးမှာ အလှအပကိုယ်စီရှိနေ ကြပါတယ်။ ပိတောက်ပန်းဟာ ကျက်သရေရှိသလို တောင်ဇလပ်ပန်းကလည်း ကျက် သရေ ရှိပါတယ်။ ချယ်ရီပန်းက လည်း လှပါတယ်။ ဒါကြောင့်ဒီပန်းတွေ ကို ဖျက်စီးပစ်တဲ့၊ ပြည်ထောင်စုရဲ့အလှအပကို ပျက်စီးအောင် လုပ်တဲ့သူတွေကို လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ထို့အတူ အင်အားကြီးတဲ့ လူမျိုးက အင်အား နည်းတဲ့ လူမျိုးကို ဖိနှိပ်တာ၊ လူမျိုးတစ်မျိုးရဲ့ တိုင်းပြည်အခွင့် အရေးကို မပေးတာ၊ လူမျိုးတစ်မျိုး ကိုဖိနှိပ်တာ၊ ဖိနှိပ်တဲ့ အခြေအနေ မျိုးကိုလည်း အခုတိုင်းပြည်မှာ မြင် တွေ့နေပါတယ် ။ ဒါကြောင့် လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်ကြည့်၊ ဒီမိုကရေစီရှုထောင့်နဲ့ပဲ ကြည့်ကြည့် မရှိဘူးဆိုတာ မြင်နေ ရပါတယ်။ မဝေးသေးတဲ့ အတိတ်ကာလကို ပြန် ကြည့်လိုက်မယ် ဆိုရင်လည်း အာဏာကို ဆုပ်ကိုင်တဲ့လူတွေဟာ ပြည်ထောင်စုမပြိုကွဲရေး ကြွေးကြော် နေပြန်ပြီ၊ ပြည်ထောင်စုကို ပြည်ထောင်စုသားတိုင်းက အတူ ပိုင်ကြပါတယ်။  ပြည်ထောင်စုကြီး တိုးတက်ဖို့အတွက် ပြည်ထောင်စု သားတိုင်းမှာ တာဝန် ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ပြဿနာထဲမှာ တိုင်းရင်းသားပြဿနာက အဓိက ဖြစ်နေပါတယ်”
- ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဥက္ကဋ္ဌ)


"ကျွန်တော်တို့ပါတီရဲ့ အခြေခံ ဒေသဖြစ်သော ကချင်ပြည်နယ်တွင် လည်းကောင်း စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် လည်းကောင်း ရှမ်းပြည်နယ်တွင် လည်းကောင်း ကာလရှည်ကြာ ငြိမ်းချမ်းရေး မရနိုင်ဘဲ ရှိနေတာ အားလုံး သိပြီး ဖြစ်ပါတယ်။ တစ်ဦးနှင့် တစ်ဦး လူမျိုး တစ်မျိုးနဲ့ တစ်မျိုး သံသယ ပွားခြင်း တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရများ ယုံကြည်မှု အားနည်းခြင်း၊ တန်းတူမှု မရှိခဲ့ခြင်း အစရှိတဲ့ အချက်များအပေါ် အခြေခံပြီး စစ်ပွဲများ ဖြစ်ပွားကာ ငြိမ်းငြိမ်းချမ်းချမ်း  လုပ်ကိုင်နေထိုင်ခြင်း ကင်းမဲ့ခဲ့ရတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ရှမ်းနီ (တိုင်းလိုင်) အများစုနေထိုင်တဲ့ တိုင်းရင် ကချင်ပြည်နယ်မှာလဲ  တစ်ဖက်နဲ့ တစ်ဖက်၊  ယုံကြည်မှု အားနည်းခြင်းက အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ်။  ဒါကြောင့် ယခုကျင်းပမည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တစ်ဆင့် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် ပြဿနာ၏ အရင်းအမြစ်များကို နားလည်သိမြင်လာပြီး အရှည်တည်တံ့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် စစ်မှန်ုသော ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်"
ဦးစောဝင်းထွန်း (တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ  ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၏ အထွေထွေ အတွင်းရေးမှူး)

"ရှမ်းတိုင်းရင်းသား ပါတီများဟာ မူဝါဒ၊ လမ်းစဉ်တွေ အနည်းငယ် ကွဲပြားတာက လွဲပြီး ဦးတည်ချက်၊ ပန်းတိုင်ဟာဖြင့် တစ်ခုတည်းဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ တန်းတူညီမျှမှု အပြည့်အ၀ရှိတဲ့ ပြည်ထောင်စုစစ်စစ်မူ (Federal) ကို အဓိက အခြေခံမူအဖြစ် သတ်မှတ်ပြီး နိုင်ငံရေး လမ်းစဉ်မဖြစ် ခံယူကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မတူတာတွေကို ဘေးဖယ်ပြီး တူညီတဲ့ အချက်ကိုသာ ဦးတည်ကြမယ် ဆိုရင်ဖြင့် ယုံကြည်မှုကို မလွဲမသွေ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဘဲ ကျန်တဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းတွေဟာလည်း ထို့အတူ ကျင့်သုံးသွားမယ် ဆိုရင်ဖြင့် ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့  အဖွဲ့အစည်း အားလုံးဟာ လမ်းကြောင်း တစ်ခုတည်းပေါ်ကို မလွှဲမသွေ ရောက်ရှိလာမှာ ဖြစ်ပြီး ရှမ်းပြည်သူများ မျှော်လင့်တောင့်တနေတဲ့ စည်းလုံးညီညွတ်သော ရှမ်းတိုင်းရင်းသား ပါတီ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုဟာ ဧကန်မုချ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲ မတိုင်မီ သက်ဆိုင်ရာ အဖွဲ့က မြို့နယ် အသီးသီးရှိ ပြည်သူများထံ ကွင်းဆင်းပြီး ပြည်သူတွေရဲ့ ဆန္ဒကို စစ်တမ်းကောက်ယူခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူများရဲ့ သဘောထားကိုလည်း အမှန်တကယ် သိရှိပြီးပြီလို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် ပါတီများ၊ လူ့အဖွဲ့အစည်းများ၊ လက်နက်ကိုင် ရှမ်းအဖွဲ့အစည်းများဟာ ပြည်သူများရဲ့ သဘောဆန္ဒကို လျစ်လျူ မရှုဘဲ ပြည်သူတွေ ဖြစ်လိုတဲ့ ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ပေးစေလိုပါတယ်။ မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ၊ မိမိတို့မှ ခုနက ပြောခဲ့တဲ့အတိုင်း မာန်မာန တရားတွေကို ပြည်တွေရဲ့ ဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်”
- စိုင်းမောင်တင် ( ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ တွဲဖက် အတွင်းရေးမှူး နှင့် လဲချားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)


"ပြည်သူလူထုနှင့် အဖွဲ့အစည်းများ အသီးသီးမှ လွတ်လပ်စွာ အကြံပြုဆွေးနွေးနိုင်မှ သာလျှင် ဒီမိုကရေစီ နည်းလမ်းကျ၍ တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အဖြေများ ရရှိနိုင်မှာ ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်လည်း ပိုမို အဓိပ္ပါယ် ရှိလိမ့်မည် ဖြစ်သည်။ ပြည်သူလူထုမှ ပြောရဲ ဆိုရဲ နိုင်စေရန် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိစေရမည်။ ပြည်သူ လူထုမှ ပြောမှားဆိုမှား အကြံပြုချက် မှားခဲ့သည် ရှိသော်လည်း အာဏာပိုင်များမှ လိုက်လံ ဖမ်းဆီး မေးမြန်းခြင်း မပြုသင့်ဟု ယူဆပါသည်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်း များနှင့်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များအပေါ် အပြန်အလှန် လေးစာ လိုက်နာသင့်သည်။ အပြောတွင် တစ်မျိုး လက်တွေ့တွင် တဖုံ မပြုလုပ်သင့်ပါ။ ထိုကဲ့သို့သာ ဆက်လက်လုပ်ဆောင် ပြုကျင့်သွားနေမည် ဆိုလျှင် အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်နိုင်ရန် အခက်အခဲများ ကြုံတွေ့နိုင်မည် ဖြစ်ပြီး မလိုလားအပ်သည့် နှစ်ဖက်အကြားလည်း တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်နိုင်ပါ သဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုများ ပျက်ပြယ်စေနိုင်သောကြောင့် မိမိတို့အနေနှင့် စိုးရိမ်မိပါသည်။ ဤကဲ့သို့ တင်ပြရခြင်းမှာ မိမိတို့ အဖွဲ့အစည်း အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးခဲ့သည့် နောက်ပိုင်း တစ်နှစ် မပြည့်သေးခင်မှီတွင် အကြိမ်ပေါင်း (၄၀) မက တပ်မတော်၏ စစ်ကြောင်းများမှ လာရောက် တိုက်ခိုက်ခြင်းခံနေရသောကြောင့် ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တစ်ဖက်တည်းမှ တည်ဆောက်၍ မရနိုင်ပေ။ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နိုင်ငံရေး ပါတီများ၊ ပြည်သူ လူထုများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအား လွတ်လပ်စွာ ကျယ်ကျယ် ပြန့်ပြန့် ပါဝင် ဆွေးနွေး လုပ်ဆောင်ခွင့် ရှိမှသာလျှင် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလက်တွဲ၍ နိုင်ငံတော် ငြိမ်းချမ်း သာယာရေးနှင့် ဒီမိုကရေစီနိုင်ငံ အသွင်ဆောင်သော စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ထောင်နိုင်မှာ ဖြစ်ပါသည်"
စဝ်ပေါင်ခေး (ရှမ်းပြည် ပြန်လည် တည်ထောင်ရေးကောင်စီ (RCSS/ SSA) ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညှိုနှိုင်းဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်)


"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က (၁) ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းစဉ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းရှိ တိုင်းရင်းသား ကြီးငယ် မခွဲခြားဘဲ နိုင်ငံရေးတွင် တန်းတူ အခွင့်အရေး ရရှိရေးဆိုတဲ့မူကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ (၂) လူနည်းစု တိုင်းရင်းသားများ ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် ခံယူထားပါတယ်။ တိုင်းရင်းသား လူနည်းစုများ ဒေသတွင် ဒေသခံ တိုင်းရင်းသားများဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ရရှိရေးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ ဒီအချက်ဟာ နိုင်ငံရေးအရ ဖြေရှင်းရမယ့် အဓိကအချက် ဖြစ်ပါတယ်။ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ဒေသခံများဖြင့် ဒေသတွင်း ကိစ္စရပ်များကို ဒေသခံများ ကိုယ်တိုင် ကိုင်တွယ် ဆုံးဖြတ်ခွင့် ရှိခြင်းဟာ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိခြင်းဆိုတာကို ဖော်ပြပါတယ်။ မိမိဒေသတွင်း အခြေအနေများကို ဒေသခံများသာ အသိဆုံး၊ နားအလည်ဆုံးဖြစ်ပြီး ဒေသကို ပိုမို ကောင်းမွန်အောင် အုပ်ချုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုသည်မှာ နိုင်ငံတော်အား သွေးခွဲခြင်း မဟုတ်ပါ။ အထူးဒေသ(၄) ရဲ့ ၂၃ နှစ်တာ ကာလအတွင်း လက်တွေ့အခြေအနေအရ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် အုပ်ချုပ်ခြင်းဟာ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ နိုင်ငံတော်အပေါ် ပိုမို လက်ခံလာစေပါတယ်။ (၃) ဒေသခံပြည်သူများရဲ့ လူနေမှုဘ၀ကို အလေးထားပြီး လူထုတို့ရဲ့ နေထိုင်မှုဘ၀ ပိုမို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။ (၄) ဒေသတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့အင်အားနဲ့ ပတ်သက်ပြီး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းတဲ့ မူအရ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းကြောင်းတွင် အဘက်ဘက်မှ လက်ခံနိုင်တဲ့ နည်းလမ်းကို ရှာကြံရမယ်”
နန်စိုင်စံ (အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA)နှင့် ရှမ်းပြည်နယ် အထူးဒေသ (၄ ) မုံးလားမှ အထွေထွေ အတွင်းရေးမှူး)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template