By mmweather.ygn, on December 6th,
2012 ဒီဇင်ဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ဝ၅း၃ဝ နာရီတွင် ရရှိသည့် ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသ(T2K) နဲ့ NRL data များအရ တိုင်ဖွန်းမုန်တိုင်း BOPHA(26W) သည် အနောက်ဖိလစ်ပိုင်ပင်လယ်(တောင်တရုတ်ပင်လယ်)၌ ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၉ ကီလိုမီတာနှုန်းဖြင့် ချိုးကွေ့ရွေ့လျားမည်ဟု ခန်ု့မှန်းထားပါသည်။ မုန်တိုင်းဗဟိုတွင် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ ၁၂ဝ ကီလိုမီတာနှုန်း အထိ ရှိနေဆဲဖြစ်ပြီး၊ မုန်တိုင်းအရွယ်အစားမှာ အချင်း ၅၅၅ ကီလိုမီတာသို့ လျော့ကျသွားပြီ ဖြစ်ပါသည်။(ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအား ဖြတ်ကျော်တိုက်ခတ်ခဲ့စဉ် မုန်တိုင်း အရွယ်အစား အချင်း ၇၇၅ ကီလိုမီတာ ရှိခဲ့ပါသည်)
မုန်တိုင်းလက်ရှိရောက်နေသော အနောက်ဖိလစ်ပိုင်ပင်လယ်(တောင်တရုတ်ပင်လယ်)ရေမျက်နှာပြင်ပူနွေးနေမှုကြောင့် ယာယီအားဖြင့် အားပြန်ကောင်းလာနိုင်ပြီး အားကောင်းနေသည့် အရှေ့မြောက်မုတ်သုံလေစီးကြောင်း၏ အေးမြခြောက်သွေ့သော လေထု အခြေအနေကြောင့် လာမည့် ၂ ရက်အတွင်း အားပျော့သွားမည်ဟုလည်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ခန့်မှန်း ကြေငြာထားပါသည်။ အခြားကွန်ပျူတာ မော်ဒယ်များမှ ကြိုတင်ခန့်မှန်းချက်များတွင်လည်း ဒီဇင်ဘာလ ၇ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်သို့ ခေတ္တအားပြန်ကောင်းလာနိုင်ပြီး ဒီဇင်ဘာ ၉ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ပြန်လည်၍ အားပျော့သွားမည်ဟု ခန့်မှန်းထားကြောင်း တွေ့ရပါသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း BOPHA ၏ အရှိန်သည် မုတ်သုံရာသီများကဲ့သို့ ဗီယက်နန်နိုင်ငံ၊ ထိုင်းနှင့် လာအိုနိုင်ငံများမှတစ်ဆင့် မုန်တိုင်း အကြွင်းအကျန်များဝင်ရောက်ပြီး မိုးများမည့် အခြေအနေမရှိနိုင်ကြောင်း တောင်တရုတ်ပင်လယ်ပြင် မြောက်ပိုင်းတွင်သာ မိုးအနည်းငယ်များမည့်အခြေအနေရှိကြောင်း ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်း ပုံဖေါ်ချက်များကို ကိုးကားပြီး တင်ပြလိုက်ပါသည်။