Headlines News :
Home » » မြန်မာနိုင်ငံကို ပြန်လည် ထူထောင်မည် ဆိုပါက စေတနာရှိရုံနှင့်မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

မြန်မာနိုင်ငံကို ပြန်လည် ထူထောင်မည် ဆိုပါက စေတနာရှိရုံနှင့်မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

Written By လွင့်မောင်မောင် on Tuesday, October 1, 2013 | 9:43 AM


မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မည် ဆိုပါက စေတနာရှိရုံဖြင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) ၌ ရခိုင်တိုင်းရင်းသား မိသားစုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော်နာယကက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
''စေတနာရှိရုံနဲ့ မရဘူး။ စေတနာကို အကောင်အထည် ဖော်နိုင်တဲ့ အရည်အချင်းတွေ ကျွန်တော်တို့မှာ ရှိဖို့လိုတယ်။ စေတနာကတော့ ရှိကြတာပဲ။ ဒါပေမဲ့ တကယ်ကောင်းအောင် လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုတယ်။ လုပ်တဲ့အခါမှာလည်း သတ္တိရှိရှိ လုပ်ဖို့လိုတယ်။ မျှမျှတတ လုပ်ဖို့လိုတယ်။ မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်။ စနစ်တကျ လုပ်ဖို့လိုတယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယကက ဆိုသည်။
ယခု ကြားနေရသည်မှာ ဖက်ဒရယ်စနစ် ဖြစ်ကြောင်း၊ ယခင်က ကွဲထွက်သွားလိမ့်မည်၊ ခွဲထွက်သွားလိမ့်မည် ဆိုသော အယူအဆကြောင့် ဖက်ဒရယ် ဆိုသည်ကို မပြောရဲခဲ့ကြောင်း၊ ယနေ့တွင်မူ ဖက်ဒရယ် ဆိုသည်မှာ ပေါင်းစည်းပြီး မိမိနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေါင်းစုပြီး တာဝန်ယူကြခြင်းနှင့် ခွဲခြားပြီး တာဝန်ယူကြခြင်းသာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အာဏာခွဲဝေ သုံးစွဲခြင်း၊ အရင်းအမြစ် ခွဲဝေသုံးစွဲခြင်းဖြစ်ပြီး ယင်းကိစ္စကို အကောင်အထည် ဖော်မည့်သူ အနေဖြင့် ဖြစ်လာသမျှကို တာဝန်ယူရဲရမည်ဟုလည်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။
''ဒီလိုလုပ်တဲ့ နေရာမှာ မျှမျှတတ၊ မှန်မှန်ကန်ကန် ဖြစ်ဖို့က အရေးကြီးပါတယ်။ မျှမျှတတ ဖြစ်ဖို့ဆိုရင် အခုလို အမြင်တွေ၊ သဘောထားတွေ ပွင့်လင်းမြင်သာစွာ တင်ပြ။ ဆွေးနွေးဆုံးဖြတ်၊ ရတဲ့ဆုံးဖြတ်ချက်ကို တာဝန်ယူတဲ့သူက ကျွန်တော်က တာဝန်ရှိတယ်။ ကျွန်တော် တာဝန်ခံတယ်။ ဖြစ်လာလို့ရှိရင် ကျွန်တော့်မှာ တာဝန်ရှိတာနဲ့အညီ တာဝန်ရှိသလို အရေးယူပါဆိုတဲ့ တာဝန်ယူရဲတဲ့ သတ္တိလည်း ရှိရမယ်။ တာဝန်ယူပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို တာဝန်မယူရဲဘူး ဆိုရင်လည်း ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းက ဒီမှာရှိဖို့ မသင့်ဘူး'' ဟု သူရဦးရွှေမန်းက ဆိုသည်။
လွှတ်တော် အနေဖြင့် အမှန်တကယ် ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီလား ဆိုပါက မဆောင်ရွက်ပေး နိုင်သေးဘူးဟု ဆိုရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မဆောင်ရွက်ပေးနိုင်သည့် နေရာတွင် အခက်အခဲ ရှိသည့်အတွက် မျက်ကွယ်ပြုထားမည် ဆိုပါက တာဝန်ကျေရာရောက်မည် မဟုတ်ကြောင်း၊ ပြည်သူ့ ကိုယ်စားလှယ်ပီပီ ပြည်သူများ၏ မျှော်လင့်ချက်၊ ပြည်သူများ၏ ဆန္ဒ၊ လိုအပ်ချက်များကို မဖြစ်ဖြစ်အောင် ကြိုးစားဆောင်ရွက် ပေးရမည်မှာ လွှတ်တော်၏တာဝန်၊ ပြည်သူ့ ကိုယ်စားလှယ်များ၏ တာဝန်ပင် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် လွှတ်တော် ရပ်နားထားသည့် စက်တင်ဘာလအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် '၀' အဖွဲ့များနှင့် တွေ့ဆုံခြင်း၊ တောင်ကြီး၊ လားရှိုး စသည်တို့တွင် လက်နက်ကိုင် အဖွဲ့များ အပါအ၀င် ရှမ်းတိုင်းရင်းသား ဒေသခံများ၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်၊ ကော့သောင်း၊ မြိတ်စသည့် ဒေသများမှ ဒေသခံများနှင့် သွားရောက်တွေ့ဆုံ ခဲ့ပြီး ယခု ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် အတွင်း ၎င်းတို့တင်ပြခဲ့သော နယ်စပ်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ကိစ္စများသည် ဒေသတွင်းသာမက တစ်နိုင်ငံလုံး ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည့် အတွက် တစ်ချိန်တွင် မြန်မာနိုင်ငံ၏ Master Plan တစ်ခု ဖြစ်လာနိုင် ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသွားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template