Headlines News :
Home » » ဒေါ်လာ ရှစ်ဘီလျှံတန်ကျောက်စိမ်းအင်ပါယာကြီးကို မြန်မာစစ်ဗိုလ်ဟောင်းများ ဖက်တွယ်ထားဆဲ

ဒေါ်လာ ရှစ်ဘီလျှံတန်ကျောက်စိမ်းအင်ပါယာကြီးကို မြန်မာစစ်ဗိုလ်ဟောင်းများ ဖက်တွယ်ထားဆဲ

Written By လွင့်မောင်မောင် on Tuesday, October 1, 2013 | 12:50 AM



ကျောက်စကျောက်နတွေ စုပုံနေတဲ့အကြားက လက်တစ်ဖ၀ါးစာလောက်ရှိတဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကြိုးစား ပမ်းစားနဲ့ ရှာဖွေနေတဲ့ ကိုတင်ထွန်းအတွက် အခုချိန်မှာတော့ သူလိုချင်တာကိုရရှိသွားခဲ့ပါပြီ။ အဲဒီ ကျောက်စိမ်းတုံးက သူ့ရဲ့ဘ၀အတွက် ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ကိုတင်ထွန်း တစ်ယောက် မျှော်လင့်နေပါတယ်။ အရင်ကလည်း အလားတူဖြစ်ရပ်မျိုးကို တင်ထွန်းကြုံခဲ့ရပြီးပါပြီ။

“မနှစ်က ကျပ်သိန်း ၅၀၀ နီးပါးတန်တဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကျွန်တော်ရခဲ့ဖူးတယ်” လို့ ကိုတင်ထွန်းက ပြောပါ တယ်။

အဲဒီပမာဏဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုတင်ထွန်းအတွက် သူ့ရဲ့ရွာမှာ မြေကွက်ဝယ်ဖို့နဲ့ အိမ်တစ်လုံးဆောက်ဖို့ အတွက် လုံလောက်တဲ့ ပမာဏပါ။

ဒါပေမဲ့ ကိုတင်ထွန်နဲ့ ဘ၀တူတွေရဲ့ ကြုံတောင့်ကြုံခဲတွေ့ရှိမှုမျိုးဟာ မြန်မာစစ်တပ်၊ အမည်ပျက် သူဌေးတွေနဲ့ မြန်မာနိုင်ငံနဲ့ စပ်စပ်နေတဲ့ကုမ္ပဏီတွေအတွက် ထွက်ရှိလာမယ့် ကျောက်စိမ်းအများစုကို တရုတ်ပြည်ကို ရောင်းချဖို့ အတွက် စီးပွားဖြစ်ထုတ်လုပ်တဲ့ပမာဏနဲ့ နှိုင်းယှဉ်ရင်တော့ ပြောပလောက်ဖွယ်ရာ မဟုတ်ပါဘူး။

တရားမ၀င် ရောင်းဝယ်ဖောက်ကားနေခြင်းဟာ ကျောက်စိမ်းရောင်းချမှု အားလုံးနီးပါးရဲ့ တစ်ဝက်နီးပါးလောက် ရှိပါတယ်။ အရောင်းအ၀ယ်တွေက တရုတ်နယ်စပ်မှာ အခွန်အနည်းအကျဉ်း သို့မဟုတ် တရားဝင် အခွန်ပေးဆောင်ခြင်း မရှိဘဲနဲ့ ဖြစ်ပေါ်နေတာပါ။ အခုလို ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးတော့ ရှိနေပါတယ်။ ရာစုနှစ် တစ်ဝက်နီးပါးမျှ စစ်အာဏာရှင် လက်အောက်ကို ကျရောက်ပြီး ကစဥ့်ကလျား ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ဘဏ္ဍာငွေတွေလည်း ဖြစ်ပါ တယ်။

မြန်မာအစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေက ယခုလို ဘီလီယံနဲ့ချီပြီးတော့ ဆုံးရှုံးနေတာတွေကို အတည်ပြုထားပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လအထိ) မှာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း ထုတ်လုပ်မှု ဟာ ကီလိုဂရမ်ပေါင်း ၄၃ သန်း ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျောက်စိမ်းတစ်ကီလိုကို ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးနဲ့ဆိုရင်တောင် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖိုးလောက်ရှိပါတယ်။ ဒါပေမဲ့ အစိုးရက တရားဝင်စာရင်းဇယားထဲမှာ ထိုနှစ်အတွက် ကျောက်ဆုံးတင်ပို့မှ ကန်ဒေါ်လာ ၃၄ သန်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအတွင်းက ထုတ်ပြန်တဲ့တရားဝင်စာရင်းဇယားတွေကလည်း ပဟေဠိဆန်လွန်း ပါတယ်။ မြန်မာနိုင်ငံ အတွင်းကနေ ကျောက်စိမ်းဘယ်လောက်များများ တင်ပို့သလဲဆိုတာကို တရုတ်အစိုးရက လူသိရှင်ကြား ထုတ်ဖော် ပြောဆိုတာတွေ မရှိပါဘူး။ ဒါပေမဲ့ ကျောက်စိမ်းက တရားဝင်တင်သွင်းတဲ့ အဖိုးတန် ကျောက်မျက်ရတနာနဲ့ သတ္တုတွေမှာ ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကန်ဒေါ်လာ ၂၉၃ သန်းဖိုး တင်သွင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်က ထုတ်ပြန်တဲ့ စာရင်းကလည်း မြန်မာနိုင်ငံအတွင်းက ဒေါ်လာဘီလီယံများစွာတန်တဲ့ ကျောက်စိမ်းတွေ ဘယ်ရောက်သွားလဲဆိုတာ ရှင်းမပြနိုင်ပါဘူး။

အခုလို ပျောက်ခြင်းမလှ ပျောက်သွားတဲ့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပါ။ ဆင်းရဲနွမ်းပါးတဲ့ မြန်မာနိုင်ငံအတွင်းက ရေနံ၊ သစ်နဲ့ အဖိုးတန်သတ္တုတွေဟာ သြဇာအာဏာရှိတဲ့ တစ်သီးပုဂ္ဂလတွေနဲ့ လူတစ်စု အတွက် ချမ်းသာလာစေတဲ့အပြင် နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက်လည်း ဘဏ္ဍာရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ဖားကန့်က လျှို့ဝှက်တဲ့ ကျောက်စိမ်းတွင်းတွေကို သွားရောက်ဖို့ ရှား ရှားပါးပါး အခွင့်အရေးရရှိခဲ့တဲ့ ရိုက်တာရဲ့ ခရီးစဉ်အတွင်းမှာ မင်းမဲ့စရိုက်ဆန်လွန်းတဲ့ ဒေသတွင်းမှာ တပ်မတော်သားတွေနဲ့ သူပုန်တွေ တိုက်ခိုက် နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ထို့အတူပါပဲ အဲဒီနေရာမှာ တရုတ်ပြည်မကြီးက ကုန်သည်တွေကလည်း အသက်ရှင်လျက် မြှုပ်နှံခံရလေ့ရှိတဲ့ ကျောက်စိမ်းရှာဖွေသူ ဆေးသမားတွေနဲ့ တွေဆုံနေပါတယ်။ ရိုက်တာအနေနဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ စာရင်းပျောက် ဒေါ်လာသန်းပေါင်းများစွာနဲ့ လူမှုကုန်ကျစရိတ်တွေအကြောင်းကို သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်အောင်ထံကို စာနဲ့ရေးသားမေးမြန်းပေမယ့်လဲ တစ်စုံတစ်ရာ အကြောင်းပြန်လာတာမျိုးမရှိပါဘူး။

၂၀၁၁ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်တဲ့ အစိုးရတက်လာကတည်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား အထောက်အပံ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ရဲ့ စီးပွားရေးမျှော်လင့်ချက်အဖြစ် ကိုင်စွဲထားပါတယ်။ ဒါပေမဲ့ အချို့စီးပွားရေးပညာရှင်တွေက မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စည်းလုံးညီညွှတ်မှုက သယံဇာတ ကုန်ကြမ်းတွေ ကနေ ဘဏ္ဍာငွေတွေ ပိုမိုရရှိခြင်းအပေါ်မှာ မူတည်တယ်လို့ ပြောဆိုထား ကြပါတယ်။

တရားမ၀င် ကျောက်စိမ်းတင်ပို့မှုတွေ ပါဝင်တဲ့ စုစုပေါင်း ကျောက်စိမ်းရောင်းချငွေပမာဏကို ယုံယုံကြည်ကြည်နဲ့ လက်ခံလို့ရတဲ့ ခန့်မှန်းချက်တွေ နည်းလွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ အရပ်သားတစ်ပိုင်း အစိုးရကို အကြံပေးနေတဲ့ Harvard Ash စင်တာကဖော်ပြတဲ့ ကိန်းဂဏန်းပမာဏကတော့ ယုံကြည်ဖွယ်ရာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

ယခုနှစ်အတွင်းပိုင်းမှာ သုတေသနပြုလုပ်သူတွေကို ပို့ပြီးနောက် ဇူလိုင်လအတွင်းမှာ ထွက်ရှိလာတဲ့ Harvard Ash စင်တာရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရောင်းချ ရငွေဟာ ကန်ဒေါ်လာ ရှစ်ဘီလီယံလောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု က ရရှိတဲ့ ၀င်ငွေရဲ့ နှစ်ဆကျော် ဖြစ်တဲ့အပြင် ၂၀၁၁ ခုနှစ် ဂျီဒီပီ ရဲ့ ခြောက်ပုံတစ်ပုံလည်း ဖြစ်ပါတယ်။

“တကယ့် လက်တွေ့မှာတော့ အစိုးရဆီကို ရောက်လာတာဟာ ဘာမျှမရှိပါဘူး” ဟု Harvard Ash စင်တာရဲ့ အစီရင်ခံစာကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ David Dapice က ရိုက်တာကို ပြောပြပါတယ်။“သင်တို့ အနေနဲ့ လိုအပ်တာက ခေတ်သစ်ပြည်သူ့ဘဏ္ဍာငွေကြေးစနစ်ပါ။ အဲဒီစနစ်ရှိမှသာ အစိုးရအနေနဲ့ သယံဇာတ တူးဖော်ခွင့် အတွက် မြေငှားခြင်းကနေရရှိတဲ့ ဘဏ္ဍာငွေတွေကို စုနိုင်မှာပါ” လို့လည်း ၎င်းကဆိုပါ တယ်။

ပျောက်ဆုံးနေသော ကျောက်စိမ်းတုံးများ

ကျောက်စိမ်းတုံးတွေဟာ တရုတ်တွေအတွက် လှပမှုနဲ့ သန်းကြွယ်သူဌေးဖြစ်တယ်ဆိုတာကို ဖော်ပြမှု ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေက ကံကောင်းခြင်းတွေ၊ ချမ်းသာကြွယ်ဝမှုနဲ့ အသက်ရှည် ကျန်းမာခြင်းတို့ကို ယူဆောင်ပေးတယ်လို့ တရုတ်နိုင်ငံသား အများစုက ယုံကြည်ထားပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တယ်လို့လည်း ယူဆထားကြတဲ့အတွက် မြန်မာ့ကျောက်စိမ်းဟာ တရုတ်တို့အတွက် ခံတွင်းတွေ့စရာ အချက်တစ်ချက် ဖြစ်လာပါတယ်။

“ရွှေကတန်ဖိုးရှိပေမယ့် ကျောက်စိမ်းကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး” ဆိုတဲ့ ရှေးတရုတ်တို့ရဲ့ အဆိုအမိန့် တစ်ခုနဲ့ အညီပါပဲ။ကျောက်စိမ်းတုံးများတွေက တန်ဖိုးမြင့်ရုံသာမက သယ်ရတာလည်း လွယ်ကူပါတယ်။ “၀ှက်ပြီးတော့ သယ်လို့မရတဲ့ ကျောက်စိမ်းတုံးတွေသာ ကုန်စည်ပြပွဲတွေကို ရောက်ရှိသွားတာပါ” လို့ ဖားကန့်က ကျောက်စိမ်း ကုန်သည် တစ်ဦးဖြစ်တဲ့ အသက် ၅၃နှစ်အရွယ် ဦးတင်စိုးက ပြောပြပါတယ်။ အဲဒါက နေပြည်တော်မှာ ခင်ကျင်း ရောင်းချတဲ့ တရားဝင်ကုန်စည်ပြပွဲတွေက ကျောက်စိမ်းတုံးတွေကို ပြောတာပါ။

ကျန်တဲ့ ကျောက်စိမ်းတုံးတွေကိုတော့ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲသူတွေက မြန်မာစစ်တပ်ထိန်းချုပ်တဲ့ ဒေသ သို့မဟုတ် ကချင်လွတ်မြောက်ရေးစစ်တပ် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်ပြီး တရုတ်နိုင်ငံဘက်ကို ကုန်ကားတွေနဲ့ သယ်ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘေဂျင်းအခြေစိုက် တရုတ်နိုင်ငံ လုံးဆိုင်ရာ ကျောက်စိမ်း ကုန်သွယ်ရေးအဖွဲ့ကို ဆက်သွယ်အင်တာဗျူးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း ပယ်ချခြင်း ခံခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ အရည်အသွေးအားဖြင့် အရည်အတွက်အားဖြင့် ကျောက်စိမ်း ထွက်ရှိဆုံးနေရာဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက ဖာကန့်ဒေသပါပဲ။ အဲဒီဒေသက တရုတ်နှင့် အိနိ္ဒယအကြားမှာ မဟာဗျူဟာကျတဲ့ ဒေသ တစ်ခုလည်းဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဖားကန့်ရုံးခန်းတွေရဲ့ အပြင်ဘက်မှာဆိုရင် “တိုင်းပြည်ကြွယ်ဝဖို့ မြေကိုတူးဆွစို့” ဆိုတဲ့ ဆောင်ပုဒ်ကို ဖတ်ရှုနိုင်ပါတယ်။

အောင်မင်း(ဘာသာပြန်)
Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template