Headlines News :
Home » » ကျောင်းကုန်းတွင် ဆူပူအောင်လှုံ့ဆော်သူလေးဦးကို စတင်ဖမ်းဆီး

ကျောင်းကုန်းတွင် ဆူပူအောင်လှုံ့ဆော်သူလေးဦးကို စတင်ဖမ်းဆီး

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 8:56 PM


Monday, October 7, 2013
ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၆ ရက် ညနေက အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များဖျက်ဆီးရန် လှုံ့ဆော် သူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၅ ရက် ဖြစ်စဉ်တွင် လှုံ့ဆော်သူနှင့် ပါဝင်သူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လှုံ့ဆော်ရာမှပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ အေးအေးဆေးဆေးဖြစ်နေပါပြီ”ဟု အထက်ပါ တာဝန်ရှိသူက အောက်တိုဘာ ၆ ရက်ညတွင် ပြောသည်။ ယခုလောလောဆယ် အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီ ၀န်းကျင်တွင် လိုက်လံလှုံ့ဆော်သူ ဒေသခံလေးဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၅ရက်ညတွင် ကျောင်းကုန်းမြို့၌ (၁၃)နှစ်အရွယ်မိန်းကလေးတစ်ဦးကို ဘာသာခြားတစ်ဦးက သားမယားပြုကျင့်သည်ဟုဆိုကာ ဒေသခံများက ထိုဘာသာခြား နေထိုင်သောတဲအိမ်နှင့် အခြားတဲအိမ် နှစ်လုံးကို ဖျက်ဆီးလိုက်ပြီး ရုန်းရင်း ဆန်ခတ်မှုများ ထပ်မံဖြစ်ပွား မည့်အခြေအနေဖြစ်လာ၍ ရဲတပ်ဖွဲ့နှင့် သံဃာတော်များက ထိန်းသိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ကျောင်းကုန်းမြို့၊ ဗောဓိကုန်းရပ်ကွက်၊ သစ်စိမ့်ကုန်းကျေးရွာနေ နွားနို့ရောင်းဝယ်ရေးလုပ်ကိုင်သော ဘာသာခြားတစ်ဦးဖြစ် သူ (၄၃)နှစ်အရွယ် ဦးလှဝင်းသည် (၁၃)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို သားမယားပြုကျင့်ခဲ့ကြောင်းသတင်းထွက်ပေါ်ပြီးနောက် ဒေသခံလူဦးရေတစ်ရာ ၀န်းကျင်က အောက်တိုဘာ ၅ ရက် ည ၇နာရီတွင် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဖျက်ဆီးခဲ့သည်။

ဒေသခံများက တဲသုံးလုံးကိုဝိုင်းဝန်းဖြိုဖျက်ရာတွင်ထိခိုက်ဒဏ်ရာရရှိမှု၊ မီးလောင်ပျက်စီးမှုများမရှိကြောင်း၊ ည ၇ နာရီ တွင်စတင်ဖြစ်ပွားကာ ည ၁၁ နာရီတွင် ဆူပူမှုများမရှိတော့ဘဲ ပြန်လည်တည်ငြိမ်သွားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။

“မြို့ပြည်သူတွေကလည်း ဒေါသဖြစ်သွားလို့ ခဏဖြစ်တာပါ။ ပျက်စီးသွားတဲ့ လူနေအိမ်တွေကလည်း အိမ်အကြီးကြီးတွေ မဟုတ်ပါဘူး။ တဲအိမ်အဆင့်တွေပါ။ အခုအေးအေးချမ်းချမ်းပြန် ဖြစ်နေပါပြီ။ လုံခြုံရေးကိုတော့ တာဝန်အရယူထားပါတယ်” ဟု ဦးခင်မောင်လေးက ပြောသည်။

အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှုသည် အောက်တိုဘာ ၅ ရက်တွင် မဟုတ်ဘဲလွန်ခဲ့သော တစ်လ၀န်းကျင်က ဖြစ်ကြောင်း ဦးခင်မောင်လေးက ဆက်လက် ပြောကြားသည်။

အဓမ္မပြုကျင့်ခံရမှုကြောင့် ၎င်း၏ မိခင်က အောက်တိုဘာ ၅ ရက်တွင် ကျောင်းကုန်းရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့သည်။ ၎င်း အမျိုးသမီးငယ်သည် စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး၎င်းင်း၏ သူငယ်ချင်းများက ပုံမှန်မဟုတ်၍ သတိ ထားမိကာ မေးကြည့်ရာမှ အဓမ္မပြုကျင့်ခံရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုရာမှ ၎င်း၏ မိခင်ကသိရှိ၍ အောက် တိုဘာ ၅ ရက်တွင် အမှုဖွင့်ရာမှ ဒေသခံများပါ သိရှိသွားခြင်းဖြစ်သည်။

“တရားခံကိုတော့ လုံခြုံရေးအရ ပုသိမ်ထောင်ကို ချက်ချင်းပို့ထားပါတယ်။ ပြဿနာတော့ အခုဘာမှဆက်ပြီးမဖြစ်ပါဘူး။ တည်ငြိမ်ပါတယ်။ ဆက်လက်စစ် ဆေးနေပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တရားခံရဲ့အိမ်ကို ဖျက်ဆီးပြီးထွက်လာတဲ့သူတွေကို မြို့က နောက်ပြဿနာတွေဆက်မဖြစ် အောင်ဘုန်ကြီးတွေက တားတယ်။ ဘုန်းကြီးတွေတားတော့ အဲဒီသူတွေက ဘုန်းကြီးတွေကို ရှိခိုးပြီး ပြန်သွားကြပါတယ်။ ဒီနေ့မှာလည်း အေးအေးဆေးဆေးဖြစ် နေပါပြီ”ဟု ကျောင်းကုန်းမြို့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးရဲ ၀င်းငြိမ်းက အောက်တိုဘာ ၅ ရက်ညကပြောသည်။

အောက်တိုဘာ ၆ရက်တွင် ကျောင်းကုန်းမြို့၌ ပြန်လည် တည်ငြိမ်နေပြီဖြစ်သော်လည်း အစ္စလာမ်ဘာသာဝင်များဖွင့် လှစ်ရောင်းချသော ဈေးဆိုင်များမှာ ပိတ်ထားကြောင်း သတင်းရရှိသည်။

ထို့အပြင် မြို့၌လုံခြုံရေးအင် အားအပြည့်အ၀ချထားပြီး မြို့အတွင်းလုံခြုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ရဲမှူးကြီးကိုယ်တိုင် ကြီးကြပ်နေကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ပြောသည်။“ကောလာဟလတွေလည်းထွက်လာတယ်။ ဘယ်မှာဘာ လုပ်တော့မယ်ဆိုပြီး။ ဒါပေမဲ့သံဃာတွေရော၊ မြို့ခံတွေရော ပေါင်းပြီး အခြေအနေကိုထိန်းသိမ်းလိုက်နိုင်တယ်”
ဟုကျောင်းကုန်းမြို့ခံကပြောသည်။

ထို့အပြင် အောက်တိုဘာ ၆ ရက်တွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဘာသာပေါင်းစုံညီညွတ်ရေး၊ ချစ်ကြည်ရေးနှင့် ပဋိပက္ခဖြေရှင်း နိုင်ရေးကော်မတီဖွဲ့စည်းခဲ့ကြောင်းအဆိုပါဒေသခံကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာ ၆ရက်ညနေပိုင်းအထိအစိုးရဘက်မှတရားဝင် သတင်းတစ်စုံတစ်ရာထုတ်ပြန်မှု မပြုခဲ့သေးချေ။

စက်တင်ဘာ ၄ ရက်တွင် လည်း မကွေးမြို့၌ နွားနို့ရောင်းသော ဘာသာခြားတစ် ဦးက ခြောက်နှစ်အရွယ်ကလေးငယ် တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် မကွေးမြို့ပေါ်တွင် ဆူပူမှုဖြစ်ပွားခဲ့သည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template