လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း
(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
(မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)
လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်လာမည့် အချိန်နှင့် တိုင်ဖွန်းမုန်တိုင်း HAIYAN(31W) တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ တစ်ဆင့် ဗီယက်နန်ကမ်းခြေ၊ ဒါနန်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိလာမည့် နေ့ရက်နှင့်အချိန်ဖြစ်သော နိုဝင်ဘာလ ၁ဝ ရက်တွင် မြိတ်ကျွန်းစုဒေသ ကမ်းလွန်ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးတင်ပြလိုပါသည်။(ပုံတွင်ကြည့်ပါ)
မုန်တိုင်း(၂)လုံး အနက် HAIYAN(31W)မှာ အပူပိုင်းမုန်တိုင်း(TS) အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းတွင် အင်အား အကောင်းဆုံး(အဆင့်-၄) တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအား နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။
နိုဝင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီ – JTWC သတိပေး ထုတ်ပြန်ချက် အမှတ်-၈ (လေဖိအားနည်းရပ်ဝန်း 30W၏ လက်ရှိ အခြေအနေ)
By mmweather.ygn,