Headlines News :
Home » , » KNU နယ်မြေတွင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေး အဖြေရမည်လော

KNU နယ်မြေတွင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေး အဖြေရမည်လော

Written By လွင့်မောင်မောင် on Saturday, November 9, 2013 | 5:12 PM



Sat Nov 09, 4:21 pm

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့တို့ မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အတွက် တစ်စုံတစ်ရာ အဖြေထုတ်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးမူဘောင်ကို အပြီးသတ် ဆုံးဖြတ်ချက်ရယူရန် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် ကျင်းပပြီး အစိုးရနှင့် လက်နက်ကိုင်အားလုံး နောက်တစ်ကြိမ် ထပ်တွေ့ရန် သဘောတူညီမှု ရရှိခဲ့သည်။

KNU နယ်မြေတွင် ကျင်းပမည့် ယင်းဆွေးနွေးပွဲက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အဖြေ ထုတ်နိုင်မည်ဟု လက်နက်ကိုင်တပ်ဖွဲ့ အချို့က ယုံကြည်မှု ရှိနေကြသည်။
“ဒီလိုမျိုး တွေ့ဆုံကြတာ ကောင်းမွန်တဲ့ အလားအလာ တစ်ခုပါ။ ဒီတစ်ကြိမ်မှာ သဘောတူညီမှု ရသွားရင်တော့ အေးချမ်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမည့် KNU အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ၄င်း၏ မျှော်လင့်ချက်ကို ပြောပြသည်။

မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် နိုဝင်ဘာလ ၄ ရက်နေ့နှင့် ၅ရက်နေ့ တို့တွင် နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့သော အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေတွင် နောက်တစ်ကြိမ် ထပ်မံတွေ့ရန်နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ကြိုတင်ချမှတ်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် စသည့် အချက်များကို သဘောတူကြောင်း ထုတ်ပြန်ချက်တစ်ရပ် ပူးပေါင်းထုတ်ပြန် နိုင်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး မူဘောင်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ တို့ ပူးပေါင်း ရေးဆွဲထားသော အပစ်ရပ်မူဘောင် နှစ်ရပ်ကို ညှိနှိုင်းပြီး သဘော တူညီချက်တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မရေးထိုးမီ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ကို ရယူထားလိုကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား နောက်တစ်ကြိမ်တွေ့မည့် ဆွေးနွေးပွဲတွင် ယင်းသဘောတူညီချက် ရရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် သေချာမည့် နိုင်ငံရေး သဘောတူညီချက် မရရှိပါက အစိုးရနှင့် အပစ်ရပ်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း KIA တပ်ဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဆိုထားသည်။

အဆိုပါ နိုင်ငံရေး သဘောတူညီချက် မှာ KNU ဦးဆောင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် အစိုးရတို့ ဆွေးနွေးမည့် ဘားအံညီလာခံတွင် သဘော တူညီနိုင်မည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ယုံကြည်လျက်ရှိသည်။

အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ၁၇ဖွဲ့ ပထမဆုံးတွေ့ဆုံ ဆွေးနွေးခဲ့သော ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် များက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမည့် အခြေခံမူကို အစိုးရက သဘောတူပါက ဖက်ဒရယ်တပ်မတော် ကိုလည်း ဖွဲ့စည်းရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးချက်ကို ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး က ဖက်ဒရယ်တပ်မတော် ဆိုသည်မှာ မည်သည့် တပ်မတော်မျိုး ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုကာ တောင်းဆိုသင့်ပြီး ယခုလက်ရှိ တပ်မတော်ကို ဖျက်ခြင်း၊ ပြင်ခြင်း ပြုလုပ်၍မရကြောင်း ပြောဆိုကာ ယင်းအချက်ကို ငြင်းဆန်ထားသည်။
သို့သော် ယင်းအချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များ၏ နိုင်ငံရေးအခြေခံ လိုအပ်ချက် ဖြစ်မည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူအချို့က ဆိုသည် ။

အဆိုပါ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကိစ္စသည် နိုင်ငံရေးပြဿနာ များတွင် အသိမ်မွေ့ဆုံး ဖြစ်ပြီး အဓိက ညှိနှိုင်းရမည့် ပြဿနာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
အဆိုပါ ပြည်ထောင်စုတပ်မတော် ကိစ္စသည် တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ မှသာ ထည့်သွင်းဆွေးနွေး သင့်ကြောင်း မြစ်ကြီးနားဆွေးနွေးပွဲ အပြီး သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ၄င်း၏အမြင်ကို ပြောကြားသည်။
“ဒီကိစ္စက အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားလက်နက်ကိုင် တွေရယ်နဲ့တင် ဆုံးဖြတ်ဖို့မသင့်ပါဘူး၊ အခြား Stakeholder ပါမှ ဆုံးဖြတ်သင့်ပါတယ်” ဟု ၄င်းကဆိုသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် များ၏ အခြေခံ နိုင်ငံရေး လိုအပ်ချက်ဟု ဆိုထားသော ဖက်ဒရယ်တပ်မတော် ကိစ္စကို ညှိနှိုင်းနိုင်ပါက နောက်တစ်ကြိမ် ကျင်းပမည့် ဘားအံဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးခင်မောင်ဆွေ က သုံးသပ်သည်။
“အဓိက ညှိနှိုင်းနေတာကတော့ ပြည်ထောင်စုတပ်မတော် ကိစ္စ ပေါ့နော်။ အဲဒီကိစ္စက သိမ်မွေ့ပါတယ်။ ညှိနှိုင်းနိုင်မယ် လို့လည်း ထင်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၄င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုနေသော ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရန်နှင့် ဖက်ဒရယ်တပ်မတော် ကိစ္စကို တိုင်းရင်းသားများက နိုင်ငံရေး အခြေခံ လိုအပ်ချက်အဖြစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မတိုင်မီ ဆွေးနွေး လိုသော်လည်း အစိုးရကမူ အပစ်အခတ် ရပ်စဲမှုများအပြီး နိုင်ငံလုံး ဆိုင်ရာလက်မှတ် ရေးထိုးပွဲမှသာ ဆွေးနွေးရန် လိုလားနေသည်။
ယင်းသဘောထား ကွဲလွဲချက်ကို KNU နယ်မြေတွင် ဒုတိယအကြိမ် ကျင်းပမည့် ညီလာခံတွင် အဖြေထုတ်နိုင်မည်လော ဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက နောက်ထပ်ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဆွေးနွေးပွဲတွင် အဖြေတစ်ခု ထွက်လာနိုင်ရန် မြစ်ကြီးနား ဆွေးနွေးပွဲက ယုံကြည်မှု တည်ဆောက်ထားပေးပြီး ဖြစ်ကြောင်း၊ လိုင်ဇာတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို အစိုးရနှင့် လက်နက်ကိုင်များ အကြား အကောင်ထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဘားအံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်နွယ်သူ အချို့က ထိုသို့ယုံကြည်မှုများ ရှိသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အတွက် အခြားစိန်ခေါ်မှု များလည်း ရှိနေသေးသည်။

“မြစ်ကြီးနားမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ ရလာတဲ့ ဘုံ သဘောတူညီချက်က တစ်ခု၊ တိုင်းရင်းသားအားလုံး ဘုံ သဘောတူညီချက်က တစ်ခုဖြစ်နေတယ်။ နည်းနည်း ကွာနေတယ်။ တိုင်းရင်းသားတွေရတဲ့ ဘုံ သဘောတူညီချက်ကို အားလုံး ညီညွတ်ကြောင်း ပြတဲ့အနေနဲ့ “ဝ” တို့ “မိုင်းလား” တို့ ဆွဲခေါ်ရမှာပေါ့။ ပြီးမှ နေပြည်တော်နဲ့ ဆွေးနွေးရမယ်” ဟု အထွေထွေ အတွင်းရေးမှူး ဦးခွန်ဥက္ကာက ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်ရှိနေသော စိန်ခေါ်ချက်ကို ပြောပြသည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ ပူးပေါင်းကျင်းပသည့် လိုင်ဇာလက်နက်ကိုင် ညီလာခံနှင့် မြစ်ကြီးနားတွင် ပြုလုပ်သည့် အစိုးရ နှင့် လက်နက်ကိုင်များ၏ ဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် မိုင်းလားတပ်ဖွဲ့တို့ လိုင်ဇာ ဘုံသဘောတူညီချက် အတွင်း ပါဝင်နိုင်ရန် ဆွေးနွေးသွားမည်ဟု ဦးခွန်ဥက္ကာက ဆိုသည်။

မည်သို့ပင်ဖြစ်စေလာမည့် ယခု လပိုင်းအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးပွဲတွင် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် နောက်ဆုံးအဆင့် သဘောတူညီချက် ရယူရန် တိုင်းရင်းသား လက်နက်ကိုင်များက ပြင်ဆင်နေသည်။

“ကျွန်တော်တို့ တွေ့ကြုံလာတဲ့ အတွေ့အကြုံအရပေါ့ အပစ်အခတ် ရပ်စဲလိုက်ပေမယ့် နိုင်ငံရေး တွေ့ဆုံမှုတွေ လုပ်ခွင့် မရခဲ့ဘူး၊ အဲဒီအချက်က ယုံကြည်မှု ပျက်ပြားစေတယ် တိုင်းရင်းသားတွေ ဘက်ကလည်း နိုင်ငံရေးဆွေးနွေးမှု အမြန်ဆုံး လုပ်ဖို့ လိုတယ်၊ အဲဒီအတွက် ကျွန်တော်တို့ နောက်လုပ်မယ့် ညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးဖို့ အသင့်ရှိတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရုံမျှ ဆွေးနွေးရန် မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် များ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးလို၍ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့က ပြည်သူလူထုသို့ တိုက်ရိုက် ပြောကြားသော ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
“ကျွန်တော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးက အပစ်အခတ် ရပ်ရုံနဲ့မပြီးဘူး။ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ပြီး တိုင်းရင်းသားတွေ တောင်းဆိုတာ ဖြည့်ဆည်းပေးမှာပါ” ဟု သမ္မတကြီးကပြောသည်။

ယင်းကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ထို့အပြင် ဒုတိယ အကြိမ်မြောက် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယုံကြည်မှု ရှိရှိနှင့် အားသွန်ခွန်စိုက် လုပ်ဆောင်နေသည့် KNU နယ်မြေ၌ ကျင်းပမည်ဖြစ်ရာ KNU နယ်မြေတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အဖြေရမည်လောဟု စစ်ဘေးဒဏ်ခံ ဒေသမှ ပြည်သူများက မျှော်လင့်လာကြသည်။

သို့သော် Myanmar Development Research Institute မှ မြန်မာနိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ ဒေါက်တာ တင်မောင်သန်းက ငြိမ်းချမ်းရေးကိစ္စတွေ ခက်ခဲတတ်တယ်၊ သိပ်တော့ မျှော်လင့်လို့ မရဘူး၊ ဆွေးနွေးပွဲက တစ်ချီတည်းနဲ့ မပြီး လောက်ဘူး” ဟု မှတ်ချက်ပြုလေသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template