ရန်ကုန်၊ နိုဝင်ဘာ ၆
အသစ်တည်ဆောက်မည် ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ်၏ တည်နေရာကြောင့် ရန်ကုန်မြို့တွင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြဿနာ အဓိက ကြုံတွေ့လာနိုင်ကြောင်း လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများတွင် လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်သော ဟံသာဝတီ လေဆိပ်မှာ ရန်ကုန်မြို့နှင့် ကီလိုမီတာ ၈၀ အကွာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ကျေးရွာ အနီးတွင် တည်ရှိသည့်အတွက် သွား၊ ပြန် မော်တော်ယာဉ်စရိတ်များ ထပ်ဆောင်း မြင့်တက်လာနိုင်ပြီး လုပ်ငန်းများမှာလည်း အဆိုပါလေဆိပ်သို့ ပြောင်းရွေ့ရမည် ဖြစ်သဖြင့် အထွေထွေစရိတ်များလည်း မြင့်တက်လာနိုင်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
“ခုတောင် မြို့တွင်းနဲ့ မင်္ဂလာဒုံ လေဆိပ်ကို သွားရတာတောင် Traffic ကြောင့် ၁ နာရီ၊ ၁ နာရီခွဲလောက် ကြာတယ်။ ပဲခူးကို ဆက်သွားရမယ်ဆိုရင် စုစုပေါင်းက ၃ နာရီ၊ ၃ နာရီခွဲလောက် ကြာမယ်။ ခရီးသည်တွေက ကားပေါ်မှာ တော်တော်ဒုက္ခရောက်နိုင်တယ်” ဟု Ruby land ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာဦးအေးကျော်က ဆိုသည်။
အချိန်ကြာမြင့်စွာ သွားလာရပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဆက်တိုက်ကြုံတွေ့ရပါက ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်သည့်အတွက် ရထားလမ်းများ ဖန်တီးသင့်ကာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
“လေဆိပ်က ဝေးတော့ ဝန်ထမ်းတွေ သွားဖို့လာဖို့တွေ ရှိမယ်။ သွားရမယ့် အချိန်အပြင် ဖယ်ရီတွေ လိုလာပြီ။ အခြားစရိတ်တွေလည်း ရှိတဲ့အတွက် ကာမိအောင် ဆိုရင်တော့ ပုံမှန်ဈေးနှုန်းတွေပါ လိုက်တက်လာနိုင်တယ်” ဟု EVA Airline မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
ကနဦး ဟံသာဝတီလေဆိပ် အတွက် အင်ချွန်းကုမ္ပဏီနှင့် ညှိနှိုင်းစဉ်က လေဆိပ်နှစ်ခု ဆက်သွယ်ရန် သီးသန့်လမ်းကြောင်း ပါဝင်သည်ဟု သိရှိရသော်လည်း ယခု တည်ဆောက်မည့် စင်ကာပူ-ဂျပန် ကုမ္ပဏီ၏ စီမံကိန်းတွင် သီးသန့်လမ်းကြောင်း မပါရှိပါက ကားလမ်းပိတ်သည့် ပြဿနာအပြင် နံနက်ပိုင်း လေယာဉ်ဖြင့် လာရောက်မည့် ပြည်ပခရီးသွားများ အတွက် ပဲခူးတွင် ညအိပ်ကာ ကြိုရနိုင်သည့်အတွက် ကုန်ကျစရိတ် ပိုမိုကျနိုင်ကြောင်း ဧည့်လမ်းညွှန်တစ်ဦး ဖြစ်သူ ဦးညီညီက ဆိုသည်။
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တစ်နှစ်လျှင် ခရီးသည် ၂ ဒသမ ၇ သန်းကိုသာ လက်ခံနိုင်ပြီး လေဆိပ်ကို တိုးချဲ့ရန် မြေနေရာ ကန့်သတ်ချက်များ ရှိသည့်အပြင် တိုးတက်လာမည့် လေကြောင်းလိုင်းများနှင့် လေယာဉ်ကြီးများ ဆင်းတက်နိုင်ရန် ဟံသာဝတီလေဆိပ် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်သည်။