ရန်ကုန်၊ နိုဝင်ဘာ ၇
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများကို လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေအတွင်း ထည့်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။
ယခင်က ရွေးကောက်ပွဲ နည်းဥပဒေအတွင်း လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူများတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများဟု မပါရှိသော်လည်း ယခုပြင်ဆင်ပြီး နည်းဥပဒေအတွင်း တရားဝင် ထည့်သွင်းကြောင်း ၎င်းကဆိုသည်။
“အခု နည်းဥပဒေထဲမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူများ ဝင်ရောက်ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ တရားဝင် ပြဋ္ဌာန်းထားတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ ကိုယ်အင်္ဂါ မသန်စွမ်းသူများကို လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် တရားဝင် သတ်မှတ်ပေးခြင်းသည် နိုင်ငံသား တစ်ယောက်၏ အခွင့်အရေးကို တိတိကျကျ ဖော်ထုတ်ပေးခြင်း ဖြစ်သောကြောင့် ကြိုဆိုရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
“မသန်ပေမယ့် စွမ်းတဲ့လူတွေ အတွက် အခွင့်အရေးတစ်ရပ် အဖြစ် နိုင်ငံတည်ဆောက်ရေးအတွက် လမ်းဖွင့်ပေးတဲ့ သဘောပဲ” ဟု ၎င်းကဆိုသည်။
ယင်းသို့ လွှတ်တော်အတွင်းသို့ မသန်စွမ်းသူ ကိုယ်စားလှယ်များ ရောက်ရှိလာပါက နိုင်ငံသားအခွင့်အရေး ပိုမိုရရှိလာနိုင်မည် ဖြစ်သောကြောင့် ကြိုဆိုကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ရုံးချုပ် (ရန်ကုန်) ရုံးအုပ် ဦးကျော်လင်းနိုင်က ပြောဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်နှင့် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။