Headlines News :
Home » » ဒေသခံများ ကန့်ကွက်သော်လည်း ရွှေတောင်ဦး သတ္တုကုမ္ပဏီ နောက်ဆုတ်စကားမဆို

ဒေသခံများ ကန့်ကွက်သော်လည်း ရွှေတောင်ဦး သတ္တုကုမ္ပဏီ နောက်ဆုတ်စကားမဆို

Written By Live100 on Saturday, August 29, 2015 | 10:49 PM


Dawei Watch| မေတ္တာ၊ သြဂုတ် ၂၉


ထားဝယ်မြို့နယ်အတွင်းရှိ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာ အုပ်စုအတွင်း လုပ်ဆောင်မည့် ခဲမဖြူ၊ အဖြိုက်နက် သတ္တုလုပ်ကွက်ကို ဒေသခံ ကျေးရွာသူရွာသားများက ကန့်ကွက်နေသော်လည်း နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း သတ္တုတူးဖော်ခွင့်ရ ကုမ္ပဏီ ရွှေတောင်ဦးမှ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက Dawei Watch သို့ ပြောကြားသည်။


ကျောက်မဲတောင်ကျေးရွာ အုပ်စု ပျဉ်းသားတောကျေးရွာတွင် သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ကုမ္ပဏီနှင့် တွေ့ဆုံပွဲတွင် သတ္တုတူးဖော်မည့် ကိစ္စကို ဒေသခံများက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပြီး ကန့်ကွက်လက်မှတ်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဌာနဆိုင်ရင် အဆင့်ဆင့်သို့ တင်ပြရန် စီစဉ်လျက်ရှိသည်။


ကန့်ကွက်မှုကြောင့် ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရန်မှာ သတ္တုတွင်းဝန်ကြီးဌာန၏ အဆုံးအဖြတ် အပေါ်တွင်သာ မူတည်ပြီး ကုမ္ပဏီအနေနှင့် နောက်ဆုတ်ရန် မရှိကြောင်း ဦးခင်ဇော်ဦးကဆိုသည်။


“ကျွန်တော်တို့က (ဒေသခံနဲ့ ၀န်ကြီးဌာနပြီးနောက်) တတိယလူ ဖြစ်သွားပြီ”ဟု သူက ပြောသည်။ 


ဒေသခံ ၁၅၀ ၀န်းကျင်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကုမ္ပဏီမှ ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ခဲ့သော ယင်းတွေ့ဆုံပွဲတွင် ဒေသခံများက ကုမ္ပဏီနှင့် နောက်ခံအကြောင်းရင်း၊ ဒေသခံများ မနစ်နာစေရေး လုပ်ဆောင်မည့် အခြေအနေ စသည့် မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့သည်။


ကုမ္ပဏီအနေနှင့် ဥပဒေ လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်မည် ဆိုသည့်အပေါ်တွင်လည်း “ဥပဒေက စာအုပ်ထဲမှာပဲရှိတယ်”ဟု ဒေသခံ ကရင်အမျိုးသမီးတစ်ဦးက တုံ့ပြန်ပြောဆိုခဲ့သည်။


၂ နာရီခွဲကျော်အကြာ ဆွေးနွေးပြီးနောက် ကျောက်မဲတောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံများအနေနှင့် စီမံကိန်းအပေါ် ကန့်ကွက်၊ ထောက်ခံ တစ်ခုခု ဖြေကြားရန် မေးမြန်းရာ ကန့်ကွက်ကြောင်း ဒေသခံများက တညီတစ်ညွတ်တည်း ဖြေကြားခဲ့သည်။


ယင်းကြောင့် ဒေသခံများအနေနှင့် စီမံကိန်း အပေါ် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး တင်ပြရန် နှင့် ၎င်းအနေနှင့် ဌာနဆိုင်ရာ အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။


ထိုသို့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး အစီရင်ခံတင်ပြရန် ယင်းဒေသ တစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတစ်ထောင်ကျော်၏ လက်မှတ် ရရှိထားပြီး ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။


ရွှေတောင်ဦး ကုမ္ပဏီကို စမ်းသပ်ကာလ ၃ နှစ်ပြီးနောက် ကျောက်မဲတောင် ကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၄၉.၅ တွင် သတ္တုတူးဖော်ခွင့်ပြုရန် သတ္တုတွင်း ၀န်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


ကုမ္ပဏီသည် စမ်းသပ်ကာလနှင့် သတ္တုတူးဖော်ခွင့်ရပြီးနောက်ပိုင်းအထိ ဒေသခံများနှင့် တစ်ကြိမ်မျှတွေ့ဆုံခြင်း မရှိခဲ့ဘဲ ယခုတွေ့ဆုံမှု သည် ပထမဆုံးဖြစ်သည်။


မေတ္တာမြို့နှင့် တစ်ဝိုက်တွင် လုပ်ကိုင်နေသော ဟိန္ဒားသတ္တုတွင်း၊ ဘ၀ပင် သတ္တုတွင်းတို့မှ စွန့်ပစ်မြေဇာများကို စနစ်တကျမစီမံနိုင်ခြင်း တို့ကြောင့် ကျေးရွာများအတွင်း မြေစာများဝင်ရောက်လာခြင်း၊ ဒေသခံများ မှီခိုအားထားနေရသော မြစ်ချောင်းများ ပျက်စီးခြင်းတို့ ကြုံတွေ့လျက်ရှိသည်။


Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template