ချင်းပြည်နယ်၊ ဟားခါးမြို့ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီ အရေးပေါ် အထူးလိုအပ်နေပြီလို့ အဲ့ဒီမြို့ကို သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။
ကလေးမြို့နဲ့ ဟားခါးမြို့ကြား လမ်းပိုင်းပြတ်နေပြီး လမ်းလွှဲတွေက သွားလာနေရတာလည်း အင်မတန်အန္တရာယ်များနေတယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ ပြောင်းရွှေ့ရေးနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အထူးသတိထား ကိုယ်တွယ်လုပ်ဆောင်နေကြပြီး မြို့လူထုဟာ မြို့ပြောင်းရမယ့်အရေး ရတက်မအေးဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။=
ကလေးမြို့နဲ့ ဟားခါးမြို့တို့ကို ကူညီရေး ခရီးသွားရောက်ခဲ့တဲ့ ၈၈ အဖွဲ့က ဦးဂျင်မီကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကလေးနဲ့ ဟားခါး ခရီးမှာ ဘာတွေ တွေ့ကြုံခဲ့ရလဲဗျာ။
“ကလေး ပတ်ဝန်းကျင်တ၀ိုက်မှာတော့ လယ်တွေက ပျက်သွားတယ်၊ အရင် ချောင်းဟောင်း မြစ်ဟောင်းတွေ ပျက်သွားပြီးတော့ ချောင်းသစ်မြစ်သစ်တွေ ပေါ်လာတယ်။ လယ်ကွက်တွေအပေါ်မှာ ရွှံ့နွံ့တွေက ၈ ပေလောက်ထိ ဖုံးသွားတယ်။ ၁၀ ပေ အမြင့်လောက်ရှိတဲ့ တံတားဆိုရင် ကျနော်တို့က အခု ၁ ပေလောက်နဲ့ တက်လို့ရတယ်။ အပြောင်းအလဲတွေ အများကြီး ဖြစ်ကုန်တယ်။ ရွာတွေလည်း နစ်မြုပ်ပျက်စီးကုန်တယ်၊ ကလေးတ၀ိုက်မှာ အပျက်အစီး တော်တော်များတယ်။”
ကလေးတ၀ိုက် ချောင်းတွေမြစ်တွေ ပျောက်ဆုံးကုန်ပြီး အသစ်တွေ ပေါ်လာတယ်ဆိုတာ ဘာကြောင့်တဲ့လဲဗျ။
“တောင်ပေါ်က စီးလာတဲ့ရေတွေပေါ့၊ အဓိကကတော့ သစ်တောပြုန်းတယ်၊ သစ်တော မထိန်းနိုင်ဘူး။ မိုးများတဲ့အခါကျတော့ အဲ့ဒီက မြေတွေပါ ရေက သယ်ချလာတယ်၊ သယ်ချလာပြီး အကုန်လုံးကို ဖုံးပစ်လိုက်တယ်။ ချောင်းတွေကိုပါ ဖုံးပစ်လိုက်တယ်၊ ဖုံးပစ်လိုက်ပြီးတော့ ရေစီးအားများတဲ့ နေရာတွေမှာ ချောင်းအသစ်တွေ ပြန်ဖြစ်သွားတယ်၊ အဲ့ဒီလို တွေ့ရတယ်ဗျ။”
ဆက်ပြောပါဦးဗျ၊ ချင်းဘက်။
“အဲ့ဒီတော့ ကျနော်တို့ ဟားခါးဘက်ကို ဆက်တဲ့အခါကျတော့ ပြဿနာက ဘာလဲဆိုတော့ မူလလမ်းဟောင်းတွေက တောင်ပြိုပြီး ပျက်သွားတယ်။ တချို့နေရာတွေဆို အချပ်လိုက်ပြိုပြီး ဆင်သွားတာ။ လမ်းအချပ်လိုက်ကြီးကို ပြိုပြီး ဆင်းသွားတာ။ ဆင်းသွားပြီးတော့ လမ်းကြီးကို ပျောက်ထွက်သွားတာ။ ပျောက်ထွက်သွားတော့ လမ်းလွှဲတွေကနေ သွားရတယ်၊ ဟိုး အရင်ကတည်းက အရေးပေါ်သုံးတဲ့ လမ်းလွှဲတွေဆိုတော့ ကားမောင်းရတာကိုက တော်တော်လေးကို သဲထိတ်ရင်ဖို၊ အမှားမခံဘူး၊ အတိမ်းအစောင်းမခံဘူး၊ နည်းနည်းလေး ရွေ့စောင်းသွားတာနဲ့ အဲ့ဒါ တောင်အောက်ကို ထိုးဆင်းသွားမယ့် အခြေအနေပဲ။ မိုးစပ်စပ်လေးရွာလိုက်ရင် ပိုဆိုးတယ်ဗျ။ ကားတွေက ဘာဖြစ်လဲဆိုတော့ ဘီးတွေက ဂီယာနဲ့ထိန်းရတဲ့အခါမှာ ဂီယာနဲ့ မထိန်းနိုင်ဘူးဆိုရင် လျှောကနဲဆင်းလာပြီးတော့ ဂဏန်းသွားသလို ဘေးတိုက်ကြီးပါသွားရတယ်၊ လမ်းအခြေအနေ တော်တော်ဆိုးတယ်။”
ဟားခါးအခြေအနေ ဆက်ပါဦး။
“ဟားခါးမြို့အခြေအနေကတော့ ဟားခါးမြို့ဟောင်းတခုလုံးက ပြိုကျပျက်စီးသွားပြီ၊ လူအသေအပျောက် မရှိတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ အဲ့ဒီနေရာကို ပြန်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့တဖွဲ့လုံးနဲ့ ကျနော်တို့ တွေ့တယ်၊ တွေ့တဲ့အချိန်မှာ သူတို့ရဲ့ စိတ်ပူပန်မှုကို ကျနော်တို့ သတိထားမိတာက သူတို့ အရွှေ့အပြောင်းတွေ လုပ်ကြရတော့မယ်၊ လုပ်တဲ့အချိန်မှာ သူတို့ ထပ်ပြီး ရွှေ့မယ့်နေရာကရော နောက်တကြိမ် မြေပြိုတာတို့ ရေကြီးတာတို့ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်နေရာက ဘယ်လိုဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတချို့ ရှိနေတာ တွေ့ရတယ်။ ခြုံပြောရရင်တော့ အင်မတန်မှ သာယာလှပတဲ့ ဟားခါမြို့မှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေကြတယ်။ ပြည်ထောင်စုအစိုးရက သေချာ ဂရုတစိုက်နဲ့ လုပ်ပေးပြီးတော့ ဘူမိဗေဒပညာရှင်တွေနဲ့ တိုင်ပင်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့ လိုမယ်။ အခုကတော့ ကောလာဟလတွေ အမျိုးမျိုးထွက်နေတယ်၊ အထူးသဖြင့် သူတို့ရဲ့ အယူအဆတခု ရှိတယ်ဗျ။ အဲ့ဒါက တောင်တတောင် ရှိတယ်၊ သူတို့ ရိုးရာတောင်ဗျ၊ ဗမာလိုဆိုရင်တော့ နတ်ဦးတောင်ပေါ့ဗျာ၊ နတ်ဦးတောင်မှာ မြေပြိုမှုတွေ ဖြစ်တယ်ဆိုတော့ ချင်းလူမျိုးတွေ အစွဲအလမ်းတခုနဲ့ တော်တော်စိတ်မကောင်းဖြစ်နေကြတယ်။ ဒီတော့ ဒါကို ကျနော်တို့ နှစ်သိမ့်ပေးဖို့ လိုတယ်၊ အထူးသဖြင့် ပြည်နယ်အစိုးရနဲ့ မလုံလောက်ဘူး၊ ပြည်ထောင်စုအစိုးရအနေနဲ့ အထူးဂရုစိုက်ဖို့ လိုတယ်။ နောက်ပြီးတော့ နိုင်ငံတကာရဲ့ အကူအညီ လိုအပ်နေပြီ၊ ဒါကတော့ သေချာတယ်၊ ကျနော်တို့ ငြင်းလို့ မရဘူး၊ ရိုးရိုးသားသားဝန်ခံပြီးတော့ နိုင်ငံတကာအကူအညီတောင်းခံဖို့လိုတယ်။”
မြို့က တမြို့လုံး ပြောင်းရမယ့်ကိန်း ဆိုက်နေလားဗျ။
“ဂျပန်က ဘူမိဗေဒပညာရှင်တချို့ ကျနော်တို့ တွေ့တယ်၊ ဂျာမနီက ပထ၀ီပညာရှင်တချို့ ရောက်နေတာတွေ့တယ်။ ဒီလို ပညာရှင်တွေနဲ့ သေချာတိုင်းထွာ လေ့လာလို့ပြီးရင် မြို့လူထုကို စိတ်တခုခုချမ်းသာအောင်လို့ နှစ်သိမ့်မှုပေးနိုင်မယ့် အဖြေတခုခု ထုတ်ပေးရလိမ့်မယ်။ မြေပြိုတဲ့ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်တော့ တောင်ကြီးတခုလုံးက ၀ုန်းဝုန်းဆို ပြိုပြီး ဆင်းသွားတာ မဟုတ်ဘဲနဲ့ တထစ်ချင်းတထစ်ချင်း ဆင့်ကဲဆင့်ကဲ ပြိုပြီး ဆင်းသွားတာကို တွေ့ရတယ်။ တချို့အိမ်တွေဆို အိမ်အလုံးမပျက်ဘူးဗျာ၊ ပြုပြီးဆင်းသွားတယ်၊ တထပ် ရောက်သွားတယ်၊ နောက်အိမ်တလုံးက ထပ်ဆင်းလာတယ်၊ အိမ်အလုံးမပျက်ဘူး တထပ်၊ အဲ့ဒီလိုအဲ့ဒီလို အထပ်လိုက်ပြိုပြိုပြီး ဆင်းသွားတာ တွေ့ရတယ်။ တအိအိနဲ့ ပြိုဆင်းတဲ့ အဓိပ္ပာယ်ပေါ့၊ ချင်းပြည်နယ်မှာ ရေဝေရေလဲဒေသ အတော်လေးပြုန်းတီးနေပြီဆိုတဲ့ အဓိပ္ပာယ်လို့ ပြောလို့ရတာပေါ့။”
အဲ့ဒီတော့ ဘူမိဗေဒပညာရှင်တချို့က ဟားခါးမြေစမ်းသပ်မှုဟာ အနည်းဆုံး အချိန် ၁ လယူပြီး စမ်းသပ်လေ့လာရမယ်လို့ ပြောတာ ကြားတယ်၊ ဘယ်လို ကြားခဲ့ရလဲဗျ။
“သူတို့ရဲ့ အကဲဖြတ်ချက်တွေကိုတော့ ကျနော်တို့က ပညာရှင်တွေ မဟုတ်တော့ သိပ်တော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် သေချာတာကတော့ အင်မတန်လှပတဲ့ ဟားခါးမြို့ကို မြို့သူမြို့သားတွေက အင်မတန် သံယောဇဉ်ကြီးနေကြတယ်။ ဒီအခြေအနေမှာ အဖြေမှန်တခုထုတ်ဖို့ တွန်းအားပေးချင်တယ်၊ အခု အရေးပေါ်ဖြစ်နေတဲ့အချိန်ကစပြီး အထူးအာရုံစိုက်လုပ်ပေးဖို့ ပိုအရေးကြီးတယ်။”
ဟားခါးမြို့မှာ စုစုပေါင်း ရပ်ကွက် ၆ ခု မှ အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၄၇၀၀ ကျော် သဘာဝဘေးဒဏ်ခံခဲ့ကြရတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
DVB