စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့မရဲစခန်း အချုပ်ခန်းအတွင်းမှာ မူးယစ်ဆေး ရောင်းချတယ်ဆိုပြီး သတင်းထွက်ပေါ်တာကြောင့် ၀င်ရောက်စစ်ဆေးရာ ဘိန်းဖြူပင်နယ်စလင် တပုလင်း ဖမ်းဆီးမိခဲ့ပါတယ်။
ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှစိန်ဦးစီးတဲ့ အဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ အချုပ်ခန်းအတွင်း မူးယစ်ဆေး ရောင်းချတယ်လို့ ယူဆရတဲ့ ဝန်းသိုမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်လင်းထွန်း ဝတ်ဆင်လာတဲ့ အနွေးထည် အင်္ကျီအိပ်အတွင်းမှ ဘိန်းဖြူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဝန်းသိုမြို့မရဲစခန်း အချုပ်ခန်းအတွင်းမှာ အချုပ်သားတွေ မူးယစ်ဆေးဝါး သုံးစွဲနေတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ ပြီးနောက် ကသာခရိုင်ရဲတပ်ဖွဲ့မှူးက စစ်ဆေးခဲ့ရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ဖို့အတွက် ခုံရုံးဖွဲ့ စစ်ဆေးနေပြီး အချုပ်ခန်းအတွင်း မူးယစ်ဆေးရောင်းချခဲ့သူလို့ ယူဆရတဲ့ ရဲအုပ်ဇော်လင်းဦးနဲ့အတူ တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
ဓာတ်ပုံ – သီဟဆွေ (ကသာ)
DVB