အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆက်ခရာမင်တိုမြို့မှာ ၁ လသားအရွယ် သမီးငယ်ကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲ ထည့်သတ်ခဲ့တဲ့ မိခင်တဦးဟာ ထောင်ဒဏ် အနည်းဆုံး ၂၆ နှစ် ကျခံရမယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးစတားသတင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၃၄ နှစ်အရွယ် ကာရန်အမည်ရ အဲဒီအမျိုးသမီးဟာ သမီးဖြစ်သူ မိုင်ယာ ဘဲလ်သာအိုလိုကို မိုက်ခရိုဝေ့ဗ်ထဲမှာ ၅ မိနစ်ကြာ ထည့်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ ကိုယ်ခန္ဓာပြင်ပနဲ့ အတွင်းပိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ၈၀ ရာခိုင်နှုန်းလောက် လောင်ကျွမ်းခဲ့တာပါ။
မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်ရဲ့ ကိုယ်တွင်း အစာအိမ်နဲ့ အူတွေဟာ ကျက်လုနီးပါး ဖြစ်သွားခဲ့ပြီး ဆိုးဝါးတဲ့ဝေဒနာ ခံစားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ဗိသုကာကုမ္ပဏီတခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး ကလေးက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ဒေါသထွက် အသိစိတ်လွတ်ကာ ခုလိုလုပ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
သူ့မှာ တခြားကလေး ၃ ဦးလည်းရှိနေပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာမို့ ထောင်ဒဏ် အနည်းဆုံး ၂၆ နှစ်ကျခံရမှာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
DVB