မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ သေမင်းတမန်မီးရထားလမ်းပြတိုက်ကို လာမယ့် ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
အဲဒီရထားလမ်းဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်က မြန်မာနိုင်ငံဒေသအသီးသီးက ချွေးတပ်သား ထောင်ပေါင်းများစွာရဲ့ အသက်ပေါင်းများစွာ စတေးပြီး လုပ်အားတွေကို အသုံးပြု ဖောက်လုပ်ထားခဲ့တာဖြစ်ကာ မူလက ဧပြီလမှာ ဖွင့်လှစ်မယ်လို့ စီစဉ်ထားခဲ့တာပါ။
ပြတိုက်တွင်းမှာ ရထားလမ်းဖောက်လုပ်မှုနဲ့ဆိုင်တဲ့ သမိုင်းဝင်ဓာတ်ပုံတွေ၊ ပန်းချီတွေ၊ ပန်းပုတွေနဲ့ သုံးဖက်မြင်သရီးဒီပုံရိပ်တွေ ပြသထားမှာ ဖြစ်ပြီး ကျောက်မီးသွေး လောင်စာသုံး စီ-၂၂ စက်ခေါင်းကိုလည်း အထူးပြုပြသထားမယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
စစ်အတွင်းမှာ ဂျပန်စစ်တပ်ဟာ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့မှ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ထိ ဖောက်လုပ်မယ့် အဲဒီရထားလမ်းဆောင်လုပ်ရေးမှာ အရှေ့တောင်အာရှနိုင်ငံတွေက ချွေးတပ်သား ၁၂၀၀၀၀ ကျော်ကို ဖိအားပေးခိုင်းစေခဲ့တာလို့ တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
အဲဒီရထားခလမ်းဖောက်လုပ်မှုစီမံကိန်းမှာ ဖျားနာပြီး အစာရေစာပြတ်လပ်ပြီး ဆိုးဝါးတဲ့အခြေအနေတွေနဲ့ အကျဉ်းသား ၁၆၀၀၀ ကျော်သေဆုံးခဲ့ရပြီး အများစုဟာ သံ ဖြူဇရပ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့ကြရတယ်လို့ ဆိုပါတယ်။
အခုဖွင့်လှစ်မယ့် ပြတိုက်ဖွင့်ပွဲနဲ့အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ မြန်မာ့မီးရထားဌာနနဲ့ တလမွန်ကုမ္ပဏီပူးပေါင်းပြီး လာရောက်လေ့လာကြမယ့် ပြည်တွင်းပြည်ပခရီးသွားတွေအတွက် ရထားစီးခရီးတိုတခုလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီခရီးစဉ်ကို မြန်မာ-ထိုင်းမီးရထားလမ်းအစပြုရာ မီးရထားပြတိုက်ဘေး မူလမီး ရထားလမ်းဟောင်းနေရာမှစတင်ကာ ဂျပန်တို့ ဆုတ်ခွဲခဲ့ချိန်တည်ထားခဲ့တဲ့ ဂျပန်ဘုရား (ရန်ပြေမာန်ပြေဘုရား) ထိ မိုင်ဝက်ခရီးကို ခုတ်မောင်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။
D VB