နေပြည်တော် ဇန်န၀ါရီ ၃
မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက် A – 6 ရေနက်ပိုင်းတွင် MPRL E & P
ရေနံကုမ္ပဏီက ရွှေရည်ထွန်း တွင်းအမှတ် - ၁ ၌ သဘာဝဓာတ်ငွေ့
ရှာဖွေတွေ့ရှိခဲ့ကြောင်း MPRL ၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် ပင်လယ်ရေအနက် ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်တွင်
တွင်းအနက် ၁၇၄၀၈ ပေ ( ၅၃၀၆ မီတာ) အထိ တူးဖော် ခဲ့သည့်
ရွှေရည်ထွန်းတွင်းအမှတ် - ၁ တွင် သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ)
ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို
ရှာဖွေတွေ့ရှိခဲ့ကြောင်း ပါရှိသည်။
ထို့ပြင် နောက်ဆုံးတိုင်းတာရရှိထားသော အချက်အလက်များအရ အဆိုပါ ၄၂၃ ပေ
ရှိသော သဘာဝ ဓာတ်ငွေ့ ကော်လံတွင် သဲကြော ၃ ကြော ပါဝင်ပြီး ၎င်း၏ Net Pay မှာ
အနည်းဆုံး ပေ ၅၀ ( ၁၅ မီတာ) ခန့် ရှိကြောင်း၊ ယခုရှာဖွေတွေ့ရှိမှုသည်
မြန်မာ့ကမ်းလွန်ရေနက်ပိုင်း သမိုင်း တစ်လျှောက်တွင် ပထမဆုံး ကြီးမားသည့်
ရှာဖွေတွေ့ရှိမှု ဖြစ်ကြောင်း၊ ဤအချက်အလက်များမှာ ကနဦး ရှာဖွေတွေ့ရှိသည့်
အချက် အလက် များဖြစ်ပြီး အကဲဖြတ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက်
ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါတွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့သည်။ MPRL E
& P သည် မြန်မာ အမျိုးသားများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး
လုပ်ကွက်အမှတ် A – 6 ၏ Operator အဖြစ် ၂၀၀၇ ခုနှစ် တွင်
လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး
လုပ်ငန်းများကို တစ်ဖွဲ့တည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခြင်းဖြင့်
စတင်ခဲ့သည်ဟု ဆိုသည်။
MPRL E & P ၏ အမှုဆောင်အရာရှိချုပ် ဦးမိုးမြင့်က “ ကျွန်တော့်အနေနဲ့
အခု အောင်မြင်မှုအတွက် များစွာ ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်။ မြန်မာ
အမျိုးသားများ ဦးဆောင်တဲ့ ရေနံကုမ္ပဏီဖြစ်တဲ့ MPRL E & P အနေနဲ့
နည်းပညာ၊ ငွေကြေး အခက်အခဲများစွာကနေ ရခိုင်ကမ်းလွန်တောင်ဘက် ပိုင်းမှာ
ရေနံနဲ့ သဘာဝဓာတ်ငွေ့ တည်ရှိနိုင်မှု (Petroleum Play) ကို ပထမဆုံး
ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီကြီးတွေ စိတ်ဝင်စားမှုကို
ရရှိစေခဲ့ပါတယ်။
“ အခု ရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို
ရှာဖွေတွေ့ရှိမှုအစ ဖြစ်နိုင်ပြီး MPRL E & P အနေနဲ့
အခုရှာဖွေတွေ့ရှိမှုကို အဆင့်မြှင့်တင်သွားဖို့အတွက် Woodside Total E &
P တို့နဲ့အတူ ဆက်လက် ရှာဖွေတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီရှာဖွေ တွေ့ရှိ မှုဟာ အဲဒီလုပ်ကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ အစည်းတွေ
အားလုံး အထူးသဖြင့် မြေအောက်သယံဇာတများရဲ့ အဓိက ပိုင်ရှင်ဖြစ်တဲ့
နိုင်ငံတော်နဲ့ ပြည်သူပြည်သားအားလုံးကို အကျိုးဖြစ်ထွန်းစေ မယ့်
အောင်မြင်မှု ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ပြောကြား ခဲ့သည်။
ဓာတ်ပုံ - စွမ်းအင်
MOI Webportal Myanmar