တရုတ် - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် မူစယ် - မန္တလေးလမ်း ပြေးဆွဲနေသော ယာဉ်လိုင်း များတွင် တရား မ၀င်ကုန်များ သယ်ယူခြင်းမပြုရန် ယခုလ ၂၆ ရက်နေ့က အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
၎င်းနေ့က မူစယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဟန်မှ ယာဉ်လှိုင်းများ ၊ ကုန်သည်များနှင့် ကုန်ဂိတ်လုပ်ငန်းရှင်များအား အစည်းအဝေး ခေါ် ယူကာ အဆိုပါ ကိစ္စပြောကြားခဲ့ခြင်းဖြစ်ပြီး တရားဝင်အမိန့်စာလည်း ထုတ်ပြန်ထားကြောင်း မူစယ်အုပ်ချုပ်ရေးရုံးအသိုင်းအ၀ိုင်းက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
“ပထမစမ်းသပ်ကာလတစ်ခုအနေနဲ့ တရားမ၀င် (ကယ်ရီ) ကုန်တွေ မသယ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးမှာ ခေါ်ပြောတယ် ဒီနောက်ပိုင်းမှာတော့ အရေးယူမှာပေါ့နော် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်အမိန့်စာလည်းထုတ်ထားတယ်” ဟု သူက ဆိုသည်။
အဆိုပါ အမိန့်ကြောင့် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း ပိတ်ပြီဆိုသော သတင်းများ ပြင်ပ၌ ထွက်ပေါ်နေရာ ၄င်းကိစ္စမှန်ကန်မှု မရှိကြောင်း သူကဆက်ပြောသည်။
“ဒီကိစ္စက အစည်းအဝေးမှာတင်ကိုမှ ကားလိုင်းတချို့က မကျေမနပ်ပြောဆိုတာတွေရှိတယ် ကယ်ရီကုန်မတင်ရဆိုတော့ မကိုက်ဘူးပေါ့ဗျာ ဒီနေ့ဆိုရင် ယာဉ်လှိုင်းတချို့လှိုင်းမပြေးဘူး မန္တလေးက ကားပိုင်ရှင်တွေလည်း မန္တလေးဘက်ပြန်သွား တာရှိတယ် ဒီနေ့လည်း ပုံမှန်သွားလာ နေတာပဲ” ဟု သူက ဆိုသည်။
ယနေ့ မူစယ် - မန္တလေးလမ်း ယာဉ်အသွားအလာများ နေ့ခင်းပိုင်းပုံမှန်ရှိနေပြီး ခရီးသည်တင် ယာဉ်လှိုင်းတချို့ ပြေးဆွဲခြင်းမရှိသဖြင့် လက်မှတ်ရောင်းချခြင်းမရှိကြောင်း ကုန်သည်တစ်ဦးက ဆိုသည်။
ထိုသို့ ကယ်ရီကုန်များ မသယ်ယူရန် အမိန့်ကြောင့် လတ်တလော ခရီးသည်တင်ယာဉ်များ ထိခိုက်နစ်နာနေပြီး ကယ်ရီကုန်များတခြားလမ်း ကြောင်းမှတဆင့် သယ်ယူမှုများရှိနေကြောင်း ယာဉ်မောင်းတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
ရန်ကုန်တိုင်းမ်က - ကေအိုင်အေဟုဆိုကာ ကားဂိတ်များအား ခြိမ်းခြောက်ပြောဆိုထားမှုကြောင့် မူစယ် - လားရှိုးလမ်းမကြီးတွင် အဝေးပြေး ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ သွားလာမှုမရှိသလောက်နည်းပါးနေပြီဖြစ်ကြောင်း - ရေးသားသည်။