ဦးသူရ (ဇာဂနာ)သည် ထောင်မှ လွတ်မြောက် လာပြီးနောက် ငါးကြိမ်မြောက် ပြည်ပ ခရီးစဉ် အဖြစ် မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ ယခု ခရီးစဉ်သည် ထိုင်းနိုင်ငံ မှတစ်ဆင့် ယူကေနှင့် ဥရောပ နိုင်ငံ အချို့သို့ သွားရောက်မည် ဟုသိရပြီး ခရီးစဉ် ကာလမှာ တစ်လခန့် ကြာမြင့် နိုင်ကြောင်းလည်း သိရသည်။
ဦးသူရ (ဇာဂနာ)သည် ထောင်မှ လွတ်မြောက် လာပြီးနောက် ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ သွားရောက် ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် မတ်လတွင် အမေရိကန်နှင့် ဂျာမနီ နိုင်ငံများ သို့လည်း ထပ်မံ သွားရောက်ခဲ့သည်။
'မြန်မာသင်္ကြန် အငြိမ့်ပွဲ' ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် စင်ကာပူ နိုင်ငံသို့ မေတ္တာ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ အရိုင်း၊ ဗေဒါ၊ မင်းသမီး ချောအိငြိမ်း တို့နှင့်အတူ သွားရောက် ဖျော်ဖြေခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၀ နေ့တွင် မြန်မာ ရွေ့ပြောင်း လုပ်သားများ အကြောင်း မှတ်တမ်း ရိုက်ကူးရန် အတွက် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်င ကျေးရွာသို့ ၄င်း၏ စတုတ္ထမြောက် ပြည်ပ ခရီးစဉ် အဖြစ် သွားရောက် ထားသည်။
၎င်းနည်းတူလွတ်ငြိမ်းချမ်း သာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက် လာကြသည့် ၈၈ မျိုးဆက် ကျောင်းသားများ အားလုံးသည်လည်း နိုင်ငံကူး လက်မှတ် လျှောက်ထား ရာတွင် လက်ရှိ အချိန်အထိ မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ပတ်စ်ပို့ ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ အတွင်းက စတင် လျှောက်ထား ခဲ့ခြင်းဖြစ်ပြီး ယခု နှစ်လကျော် ကြာမြင့်ချိန် အထိ နိုင်ငံကူး လက်မှတ် မရရှိသေးခြင်း ဖြစ်သည်။
''ကျွန်တော်တို့ စလျှောက်တုန်းက ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် တို့ပါတယ်။ မတ်လ ၁၄ ရက်နေ့က စလျှောက်တာ။ အခုဆိုရင် နှစ်လ ကျော်ပြီ။ မရသေးဘူး။ နိုင်ငံသားတိုင်းကို ၂၁ ရက်ကြာရင် ထုတ်ပေးမယ် ဆိုပြီး ပြည်ထဲရေး ကထုတ်တဲ့ ဂျာနယ် တစ်ခုမှာ ရေးထားတာ ရှိတယ်။ ကျွန်တော်တို့လည်း နိုင်ငံသားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေး အတိုင်း လျှောက်တာပဲ။ ကျွန်တော် လိုက်လုပ်ပေးတာ အယောက် ၃၀ လောက်ရှိပြီ။ တစ်ယောက်မှ မရသေးဘူး။ ကျွန်တော်တို့ လုပ်တော့ ထောင်လွှတ် ၀ရမ်း မိတ္ထူ ပေးရတယ်။ ပြစ်ဒဏ် ကျခံရခြင်းနှင့် ပတ်သက်၍ တင်ပြခြင်းကိုလည်း ပြည်ထဲရေးနဲ့ မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ အတွင်းရေးမှူး တို့ဆီကို တင်ရတယ်။ အဲဒီအထိတော့ ပြဿနာ မရှိဘူး။ အဲဒီနေ့ မှာကတည်းက စလစ်ထွက်တယ်။ ဒါပေမယ့် ၂ လကျော် တဲ့အထိ ပတ်စ်ပို့က မကျသေးဘူး။ ကျွန်တော်တို့ကို နိုင်ငံခြားက ဖိတ်ထားတာ တွေရှိတယ်။ ပတ်စ်ပို့ မရှိတော့ မသွားရဘူး။ ဘယ်လို မူတွေနဲ့ မပေးလဲ မသိဘူး။ တစ်ယောက်က သွားမေးတော့ သူတို့က စိစစ်ရှာ ဌာနကို ညွှန်းတယ်။ BlackList တွေအတွက် သီးသန့် လုပ်တယ် ထင်တယ်။ အဲဒီမှာ စလစ်တစ်ခု ထပ်ထုတ် ပေးတယ်။ ပြည်ထောင်စု ၀န်ကြီးဆီကို တင်ပါလို့ ပြောတယ်။ ဘယ်လို မူတွေနဲ့ ဘယ်လို တုံ့ပြန်မလဲတော့ မသိသေးဘူး'' ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါသည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အား ကနေဒါ နိုင်ငံမှ ဖိတ်ကြားခဲ့ပြီး အခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များကိုလည်း အင်္ဂလန်၊ ပြင်သစ်၊ နော်ဝေ၊ စင်ကာပူ၊ သြစတေးလျနှင့် ထိုင်းနိုင်ငံများမှ ဖိတ်ခေါ်မှုများ ပြုလုပ် ခဲ့သော်လည်း ပတ်စ်ပို့ မရရှိ သေးသောကြောင့် သွားရောက်ရခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ နိုင်ငံရေး ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သော ကိုဇော်သက်ထွေးမှာ ပတ်စ်ပို့ လျှောက်ထားမှု အတွက် စလစ်ရရှိ ထားသော်လည်း တစ်လကျော် ကြာသည်အထိ ပတ်စပို့ မရရှိသေးကြောင်း သိရသည်။