ပြန်ကြားရေးဝန်ကြီးဌာနမှ တင်ပြလာသော မီဒီယာဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးမှ စိစစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ဥပဒေကြမ်း ကို စာနယ်ဇင်းအဖွဲ့များထံ ရှင်းလင်း ချပြရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဇူလိုင်လ ၁၃ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က “ဒုတိယအကြိမ် လွှတ်တော်ကတည်းက ပြုစုသင့်တယ်လို့ တင်ပြတဲ့ မီဒီယာဥပဒေကြမ်းဆိုရင် ရှေ့နေချုပ်ရုံးကို ပေးပို့ထားပါတယ်လို့ပဲ အဖြေရခဲ့ကြပါတယ်။ ဒါ့ကြောင့် မီဒီယာဥပဒေဟာ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှာပဲရှိပါ သလား(သို့) ရှေ့နေချုပ်ရုံးကနေ ပြည်ထောင်စုဝန်ကြီးဌာနသို့ ပေးပို့ထားသလားဆိုတာကို ဖြေကြားပေးဖို့ တင်ပြ လိုပါတယ်”ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။ “မီဒီယာ ဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနကို စိစစ်ပြီးတော့ ပြန်ပို့ထားပြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုကျွန်တော် နောက်ဆုံးအခြေအနေကို သိရတာက သက်ဆိုင်ရာဝန်ကြီး ဌာနကနေပြီးတော့ စာနယ်ဇင်းတွေ ကို ဖိတ်ကြားပြီး ဒီ Law နဲ့ ပတ်သက်လို့ ရှင်းလင်းဖို့သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ဆောင်ရွက် နေတယ်လို့သိရပါတယ်။ ကျွန်တော်တို့ရုံးကိုလည်း စာနယ်ဇင်းအဖွဲ့တွေ နဲ့ရှင်းလင်းတဲ့အခါမှာ ကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားထားတာ ရှိပါတယ်”ဟု ပြည်ထောင်စုဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဖြေကြားခဲ့ပါသည်။
ထိုစဉ်အချိန်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပင် သတင်းမီဒီယာများ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေတစ်ရပ် ပြဌာန်းပေးရန် အဆိုတစ်ခု တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို ဆွေးနွေးမှုမပြုလုပ်ခဲ့ဘဲ မှတ်တမ်းတင်မှုသာ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ရရှိရေးနှင့် ပတ်သက်ပြီး မေးခွန်းတစ်ရပ် မေးမြန်းခဲ့ပါသည်။ အဆိုပါမေးခွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြန်လည် ဖြေကြားခဲ့ကာ ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ဖြည့်စွက် အတည်ပြု ပြဌာန်း ပြီးမှသာ ပုဂ္ဂလိက သတင်းစာများ ရရှိလာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထိုဥပဒေများ ရေးဆွဲနေမှု အခြေအနေ နှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ ပါသည်။ ထိုအချိန်မှစတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲသည့် သတင်းမီဒီယာနှင့် သက်ဆိုင်သော ဥပဒေအပေါ် ဝေဖန်မှုများ စတင်ထွက်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် သတင်းမီဒီယာ သမားများ၏ သဘောထားအမြင် မပါဝင်ဘဲ ရေးဆွဲလာမည့် မီဒီယာဆိုင်ရာ ဥပဒေမှာ မီဒီယာသမားများအပေါ် ၀န်ထုပ် ၀န်ပိုးရှိလာနိုင်စေသည် ဟူသော အမြင်များ ထွက်ပေါ်ခဲ့သလို မီဒီယာသမားများကို ၀န်ထုပ်ဝန်ပိုး ဖြစ်လာမည်ဆိုပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကြိုတင်ပြောဆိုခဲ့ကြသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော် မတီမှ စာပေ၊ စာနယ်ဇင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂီတနှင့် သဘင်နယ်ပယ်မှ ပုဂ္ဂိုလ်အသီးသီးနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် မီဒီယာ ဥပဒေနှင့် ပတ်သက်သော အချက်ကို အဓိက အချက်တစ်ချက် အဖြစ် ပြောဆိုခဲ့ပြီး အားကောင်းခိုင်မာ တောင့်တင်းသည့် စတုထ္ထမဏ္ဍိုင်ဆိုသည်မှာ လွတ်လပ်စွာပြောရေးဆိုခွင့်ပင် ဖြစ်ပြီး စာနယ်ဇင်းများ အရည်အသွေးပြည့်ဝရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ရရှိရေးတို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့ပါ သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ နှင့် ၃၁ ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများ ပါဝင်သည့် Workshop on Media Development in Democratic Society အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် သိရိလင်္ကာနိုင်ငံများမှ သတင်းသမားလည်း တက်ရောက်ခဲ့ပြီး ပြည်ပရောက် မြန်မာ exile media များလည်း တက်ရောက်ခဲ့ကြသည်။ ၂၀၁၂ခုနှစ် မတ်လ ၁၉နှင့် ၂၀ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင်ယဉ်ကျေးမှုအဖွဲ့( UNESCO) နှင့် နိုင်ငံတကာမီဒီယာ ထောက်ပံ့ရေးအဖွဲ့ (IMF) တို့ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ချာထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲ ကို ပြည်တွင်း၊ ပြည်ပမှ ပညာရှင် အများအပြား တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၌ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ သို့သော် ဆွေးနွေးပွဲ မှ ရရှိလာသော အကြံပြုချက်များကို ပုံနှိပ်မီဒီယာ ဥပဒေ ဒုတိယမူကြမ်း ရေးဆွဲရာတွင် ထည့်သွင်း အသုံးပြု မည်ဟု ပြောဆိုခဲ့သဖြင့် ဆွေးနွေးပွဲ ခေါင်းစဉ်နှင့် ဆွေးနွေးပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်မှာ လွဲချော်နေသည်ဟူ သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မကြာခင်က ကွယ်လွန်ခဲ့သော ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။ အထူးသဖြင့် မီဒီယာဥပဒေပြဌာန်းရန် ကြိုးပမ်းခြင်းသည် ထိန်းချုပ်မှုသာဖြစ်ပြီး သတင်းသမား စစ်စစ်များ အနေဖြင့် ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မည့် ကြိုးကို ၀င် ကျစ်ပေးမည် မဟုတ်ကြောင်း ဆရာလူထုစိန်ဝင်းက ပြောကြားခဲ့သည်။ ၂၀၁၂ခုနှစ် ဧပြီလ ၂၅ ရက်နေ့ တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ မီဒီယာထောက်ပံ့ရေး အဖွဲ့( IMF) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ပုံနှိပ်မီဒီယာအတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ချာထရီယမ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ဇွန်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် မီဒီယာသမားများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ ပေးပို့လာသည့် ဥပဒေအပေါ်တွင် လိုအပ်သည်များ ကို ပြင်ဆင်ဖြည့်စွက်မည်ဖြစ်သကဲ့သို့ မလိုသည်များကိုလည်း ဖြုတ်ထားခဲ့မည် ဖြစ်ကြောင်း၊ အကယ်၍အားလုံးရဲ့ ဆန္ဒမဟုတ်သေးဘဲ ပြန်လည်ဆွေးနွေးသင့်ပါက ကော်မတီအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပြီး အချိန်ဆိုင်းထား၍ ရကြောင်း သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မီဒီယာသမားများကလည်း မီဒီယာဥပဒေထဲတွင် ထည့်သွင်းရေးဆွဲသင့်သည် များကို အကြံပြုပြောကြားခဲ့ရာ မီဒီယာသမားများကို ပိုမိုချုပ်ချယ်သည့် ဥပဒေမျိုး မဖြစ်စေရန် မီဒီယာလွတ်လပ်ခွင့်ကို ပိုမိုရရှိစေရန် မီဒီယာသမားများကို အကာအကွယ်ဖြစ်စေမည့် ဥပဒေမျိုးသာ ဖြစ်စေရန် စာပေစိစစ်ရေးအား မထားတော့ရန်တို့ကို အကြံပြုပြောကြားပါသည်။ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ(ယာယီ)မှ ကိုဇော်သက်ထွေးက “ပြန်ကြားရေးဝန်ကြီးက ဇွန်လမှာ စာပေစိစစ်ရေး ဖြုတ်သိမ်းတော့မယ်လို့ ပြောခဲ့ပေမယ့် အခုဒီအချိန် ရောက်တဲ့အထိ ပြောင်းလဲလာတာ မတွေ့ရပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက် ဂျာနယ်တွေဟာလည်း လွန်ခဲ့တဲ့သုံးလအတွင်းမှာ တရားစွဲတာတွေ ခံလာရပါတယ်။ The Voice ဂျာနယ်ကို တရားစွဲမှုမှာဆိုရင် လွှတ်တော်ကတင်ပြတဲ့ အချက်တွေကို ရေးတာကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲတယ်။ အဲလိုရင်ဆိုင်နေရဆဲမှာပဲ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ် ပုဒ်မ ၅၀၅ (ခ၊ဂ)နဲ့ တရားစွဲခံရတယ်။ ဒီပုဒ်မ ဟာ ဂျာနယ်တစ်ခုအတွက်တော့ အင်မတန်ပြင်းထန်တဲ့ ပုဒ်မပါ။ ဒီလိုမျိုး တရားစွဲခံရတာတွေက မီဒီယာသမားတွေရဲ့တန်ဖိုးကို ကျဆင်းစေပါတယ်။ ဒီလိုပြုမူဆက်ဆံတာဟာ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ အစိုးရ တစ်ရပ်ရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် စတုတ္ထမဏ္ဍိုင်ကို အလေးထားပါတယ်လို့ ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္ထမဏ္ဍိုင် ဆိုတာကလည်း ဒီမိုကရေစီလမ်းကြောင်းမှာ လက်ရှိအစိုးရကိုရော၊ တရားစီရင်ရေး လမ်းကြောင်းကိုရော ထိန်းညှိပေးနိုင်တဲ့ မဏ္ဍိုင်ကြီးဖြစ်ပါတယ်။ အဲဒါကြောင့် တကယ့်ကိုလွတ်လပ်ပြီး အစိုးရရဲ့ သြဇာအာဏာကင်းဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ စာပေလွတ်လပ်ခွင့်ဆိုတာကို ကျွန်တော်တို့ တစာစာတောင်းနေရခြင်း ဖြစ်ပါတယ်။ အခုတော့ အဲဒီအဆင့်ကို ကျွန်တော်တို့ မတက်လှမ်းနိုင်သေးဘဲနဲ့ ကျွန်တော်တို့နဲ့ စာပေစိစစ်ရေး၊ ကျွန်တော် တို့နဲ့ တရားရုံးဆိုတဲ့ သံသရာထဲမှာပဲ ရုန်းကန်နေရပါတယ်”ဟု စသည်ဖြင့် ပြည်သူ့ခေတ်ဂျာနယ် နှစ်နှစ်ပြည့် အခမ်းအနားနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးမှုတွင် ထည့်သွင်း ဆွေးနွေးသွားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လပထမပတ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး၊ ပြန်ဆက်ညွှန်ချုပ်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် လ ၈ ရက်မှ ၂၃ ရက်ထိ ဥရောပနိုင်ငံများသို့ DVB သတင်းဌာန၏ ဖိတ်ကြားချက်ဖြင့် လေ့လာရေးခရီး သွားရောက်ခဲ့ကြသလို IMF ၏ ငွေ ကြေးအကုန်ကျခံ စီစဉ်ပေးမှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ Myanmar Journalist Association ၊ Myanmar Journalist Network နှင့်မဇ္ဈိမတို့မှ ကိုယ်စားလှယ်များ ပါဝင်သော မီဒီယာလေ့လာရေးအဖွဲ့သည် အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံများသို့ ဇွန်လ ၂၄ ရက်နေ့မှစကာ ၈ ရက်ကြာသွား ရောက်ခဲ့ကြကြောင်း သိရသည်။ “မီဒီယာဥပဒေက တစ်နှစ်လောက်ရှိပြီ ဘာမှ အကောင်အထည် မပေါ်ဘူး။ ဒါကို အကြောင်းပြပြီး ပုဂ္ဂလိက သတင်းစာတွေ၊ ပုဂ္ဂလိက အသံလွှင့်ဌာနတွေ ဘာမှပေါ်မလာ ဘူး။ ဒီကြားထဲမှာ ဂျာနယ်တွေ အများအပြား ချပေးထားပြီးတော့ သေသေချာချာလည်း လုပ်ကိုင်ပေးနိုင်တာ မရှိတဲ့အတွက် ဒီလိုပြဿနာမျိုးတွေ အများကြီး ပေါ်ပေါက်လာရပြီ။ အစိုးရကို အမြဲတမ်းဝေဖန်နေတဲ့ Exile မီဒီယာတွေက ပိုပြီးအခွင့်အရေး ရလာတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရတဲ့ ပြည်တွင်း မီဒီယာတွေက ကျတော့ တရားစွဲခံရတယ်။ ပိုပြီးအဖိနှိပ်ခံရတယ်။ ပိုပြီး ချုပ်ချယ်ခံရတယ်။ အဲဒါတွေအားလုံးကိုလည်း စုံစမ်းစစ်ဆေး ပေးစေချင်ပါတယ်။ အခုလောလောဆယ် မှာ ဒီမီယာဥပဒေနဲ့ ပုံနှိပ်မီဒီယာတွေရဲ့ သွားရာလမ်းကြောင်းက တစ်ယောက် နဲ့တစ်ယောက် ကြားထဲမှာ သံသယ ဖြစ်စရာတွေ၊ ပဋိပက္ခဖြစ်စရာတွေ ဖြစ်နေတယ်။ အစိုးရနဲ့သတင်းမီဒီယာတွေကြားမှာ မယုံသင်္ကာဖြစ်စရာ တွေ ဖြစ်နေတယ်။ သတင်းမီဒီယာ တွေ မယုံသင်္ကာဖြစ်ပြီဆိုရင် ပြည်သူတွေကလည်း အစိုးရအပေါ် မယုံသင်္ကာဖြစ်နေတဲ့ သဘောမျိုးပဲ ဖြစ်နေတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ ကြားထဲမှာ လွတ်လပ်တဲ့ သတင်းဌာန ဆိုတာ ဂုဏ်ယူစရာဖြစ်တယ်။ လွတ်လပ်တဲ့ သတင်းဌာနကိုပဲ သတင်းမီဒီ ယာအများစုက တန်းတူရည်တူ ဆက်ဆံတယ်။ လွတ်လပ်တဲ့သတင်း ဌာနဆိုတာ အစိုးရဆီကပဲဖြစ်ဖြစ်၊ အင်န်ဂျီအိုဆီကပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဆီကပဲ ဖြစ်ဖြစ်၊ အစိုးရနဲ့ဖက်စပ်ပဲဖြစ်ဖြစ် မလုပ်ကိုင်ဘဲ ပရိသတ်ဆီကနဲ့ ကြော်ငြာလုပ်ငန်းကရတဲ့ ၀င်ငွေနဲ့ပဲ ရပ်တည်ပြီး ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို လွတ်လွတ်လပ်လပ် ဖော်ပြတဲ့ သူတွေကို လွတ်လွတ်လပ်လပ် သတင်းမီဒီယာ လို့ခေါ်တယ်။ မြန်မာပြည်မှာရှိတဲ့ သတင်းမီဒီယာတွေဟာ ဒီလွတ်လပ် တဲ့ မီဒီယာအဖြစ်ကိုပဲ သွားနေကြတာ။ ဒါပေမယ့် ဂုဏ်သိက္ခာရှိတဲ့ လွတ်လပ်တဲ့မီဒီယာကို အားပေးရမယ့်အစား ပြန်ကြားရေး ၀န်ကြီးဌာနက အစိုးရ မီဒီယာတွေ၊ အစိုးရနဲ့ဖက်စပ်လုပ်တဲ့ မီဒီယာတွေ Exile မီဒီယာတွေ ဖွံ့ဖြိုးဖို့ကိုပဲ အဓိကအားပေးတာကို တွေ့ ရတယ်။ ဒါပေမယ့် လူထုက တကယ် ယုံကြည်နေတာ ပြည်တွင်းသတင်း မီဒီယာတွေပါ။ အထူးသဖြင့် ပြည်တွင်းက သတင်းမီဒီယာ အုပ်စုကြီးတွေကိုပါ။ ပြန်ကြားရေးဝန်ကြီးဌာနက သွားနေတဲ့ မီဒီယာဥပဒေနဲ့ မီဒီယာလမ်းကြောင်းက သမ္မတကြီးဖြစ်စေ ချင်တဲ့၊ အစိုးရကသွားချင်တဲ့ လမ်းကြောင်းနဲ့လွဲချော်နေပြီ။ အဲလိုဖြစ်ရတာကဌာနရဲ့ မူဝါဒကို နောက်ကွယ်ကနေ ကိုင်ပေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိကြီး တစ်ဦးနှစ်ဦးကြောင့် ဖြစ်နေရတာပါ။” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်မှ ပြောပါသည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago