Headlines News :
Home » » ဇေကမ္ဘာ တာလမ်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်နေကြ

ဇေကမ္ဘာ တာလမ်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်နေကြ

Written By လွင့်မောင်မောင် on Wednesday, July 18, 2012 | 8:04 PM

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံရွာ အနီးတွင် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက် လျက် ရှိသည့် ဘိလပ်မြေစက်ရုံ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ၁၅ ပေမြင့် နိတုံ-အတ္တရံ မော်တော်ကားလမ်း
ဖောက်မှုကြောင့် ရွာ ၉ ရွာ ရေမြုပ်နိုင်သည့်အတွက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နိတုံတောင် (စပယ်ဂူ) အနီးရှိ စက်ရုံမှ ကျိုက်မရောမြို့သို့ တိုက်ရိုက်ဆက်သွယ်မည့် အဆိုပါ တာလမ်းကို ဧပြီလက စတင်ဖောက်လုပ်လျက်ရှိပြီး ပြီးစီးပါက တောင်ကျရေများ အတ္ထရံမြစ်အတွင်းသို့ စီးဝင်နိုင်ခြင်း မရှိတော့ဘဲ ရေလှောင် တမံကဲ့သို့ ဖြစ်ကာ ရေကြီးနိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီရွာတွေက နှစ်တိုင်း ဝါခေါင်လလောက်မှာ ရေကြီးတယ်။ ဒူးလောက် ရင်လောက်ထိ ရှိတယ်။ ရေတခါကြီး ဆယ့်ငါးရက် ရက်နှစ်ဆယ်လောက် ကြာတယ်။ တခါတလေနှစ်တွေမှာ နှစ်ကြိမ်လောက် ရေကြီးတယ်။ အခုလို ၁၅ ပေအမြင့်လမ်းကို ဖောက်လိုက်ရင်တော့ အိမ်တွေပါ မြုပ်သွားနိုင်တယ်” ဟု နိတုံရွာခံ ဘုန်းတော်ကြီးတပါးက မိန့်ဆိုသည်။

ဒေသခံများအနေနှင့် တာလမ်း ဖောက်လုပ်ခြင်းကို မကန့်ကွက်သော်လည်း ရေနုတ်မြောင်းများ ရှိသည့် အမြင့် ၃ ပေရှိ လမ်းကိုသာ ဖောက်လုပ်စေချင်ကြသည်ဟု ဆိုသည်။

တာလမ်းကြောင့် နိတုံ၊ ကွမ်ငန်း၊ မယ်ကသာ၊ ဦးလေး၊ ငါးပြည်မ စသည့် မြေနိမ့်ပိုင်းရှိ ရွာ ၉ ရွာမှာ တနှစ်လျှင် ၄ လခန့် ရေမြုပ်သွားနိုင်ပြီး လူဦးရေ ၁၃,၀၀၀ ကျော် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။

အတ္ထရံမြစ်ကွေ့အနီးတွင် တည်ရှိသည့် ၎င်းရွာများသည် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့် တောင်ကျရေများကြောင့် မိုးရာသီတွင် နှစ်စဉ် တလခန့် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ရလေ့ ရှိပြီး စာသင်ကျောင်းများကို ပိတ်ထားရလေ့ ရှိသည်။

၁၅ ပေအမြင့် လမ်းဖောက်လုပ်ခြင်းကို ရပ်တန့်ပေးရန် ဇူလိုင်လ ၅ ရက်နေ့က ရွာ ၉ ရွာမှ ဒေသခံ ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

လမ်းဖောက်လုပ်ခြင်းကြောင့် ကြုံတွေ့လာရမည့် နစ်နာဆုံးရှုံးမှုအတွက် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာဌာနများသို့ စုပေါင်းလက်မှတ်ထိုးကာ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာများကို မှတ်တမ်းကောက်ယူနေသည့် ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း HURFOM မှ တာဝန်ခံ ကိုဦးမွန်က အဆိုပါလမ်း ဖောက်လုပ်ခြင်း စီမံကိန်းသည် ဒေသခံများ၏ လယ်မြေများကို ကုမ္ပဏီက နည်းပရိယာယ်ဖြင့် သိမ်းယူနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီတာလမ်း ဖောက်လိုက်ရင် လယ်တွေလည်း ရေမြုပ်သွားမယ်။ ရေနက်ကွင်း ဖြစ်သွားရင် တန်ဖိုး မရှိတော့ဘူး။ လယ်သမားတွေလည်း ဒီမြေကို မလုပ်ချင်တော့ဘူး။ ဒီတော့ ဇေကမ္ဘာအနေနဲ့ လယ်သမားတွေဆီက ဈေးပေါပေါနဲ့ ယူလို့ ရသွားမယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

လမ်းဖောက်လုပ်ခြင်းကြောင့် လယ်သမားများက လယ်မြေများ ထုတ်ရောင်းမည်ကို ရွာခံဘုန်းတော်ကြီးများက စိုးရိမ်ပြီး ထုတ်မရောင်းကြရန် သစ္စာရေတိုက်ကာ ကတိသစ္စာ တောင်းဆိုထားကြောင်းလည်း သိရသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီက ဘိလပ်မြေစက်ရုံ ဆောက်ရန် အတွက် ၂၀၁၀ ခုနှစ်တွင် နိတုံရွာမှ လယ်မြေဧက ၈၃ဝ ကို တဧက ၃၅၀,၀၀၀ ကျပ်နှုန်းဖြင့် လျော်ကြေးပေးကာ သိမ်းယူခဲ့သည်။

၂ဝ၁၁ ခု နှစ်ဆန်းမှ စ၍ ဇေကမ္ဘာကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကုန်ကျမည့် သုံးနှစ် စီမံကိန်း စက်ရုံ အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီး စက်ရုံမှ တနေ့လျှင် ဘိလပ်မြေ အိတ်ပေါင်း ၆၆,၀၀၀ (တန်ချိန် ၃,၃၀၀) ကို ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီသတင်းရပ်ကွက်မှတဆင့် သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template