အဆိုနှင့်ပတ်သတ်၍ မဲခွဲဆုံးဖြတ်နေစဉ်
ယင်းအဆိုကို သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုကိုဆွေးနွေးခဲ့သော ကိုယ်စားလှယ် ၁၆ဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၆ ဦးပါဝင်ခဲ့ပြီး ယင်းကိုယ်စားလှယ်များမှလွဲ၍ ကျန်ကိုယ်စားလှယ်များက အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ ပုဒ်မ ၃၃၄ (၂)နဲ့ စွပ်စွဲ ထားပါတယ်။ တာဝန်ကို ကျေပွန် စွာ မထမ်းဆောင်ခြင်းဆိုပြီး စွပ်စွဲ ထားတာဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ ပြည်သူတို့ရဲ့ အသံ၊ ဆန္ဒ ကိုထုတ်ဖော်တဲ့နေရာဖြစ်ပါတယ်။ လွှတ်တော်ရဲ့အခန်းကဏ္ဍ ရှင်သန်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့အတိုင်း ခုံရုံးကို တောင်းဆိုခဲ့တာပါ။ အချုပ်အခြာ အာဏာဟာ ပြည်သူတွေက ပိုင်ပါ တယ်။ ပြည်သူတွေဆီက ဆင်းသက်လာတာပါ။ အုပ်ချုပ်မှု အာဏာနဲ့ ဥပဒေပြုအာဏာဟာ တရားစီရင်ရေးအာဏာကို အတတ် နိုင်ဆုံး ထိန်းကျောင်းပြုပြင်သွားရမယ်။ အာဏာသုံးရပ်ဟာ အင်မတန် အရေးကြီးပါတယ်။ အာဏာသုံးရပ်ကို မျှဝေထားအောင် ဖွဲ့စည်းပုံကပေးထားပါတယ်။ လွှတ်တော်တွေက တည်ဆောက် ထားတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ဖွဲ့စည်းပုံမှာ ပါတဲ့အတွက် ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်လို့ရပါတယ်။ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သတ်မှတ်တာဟာ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ဆန့်ကျင်နေတယ်လို့ ယူဆပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆွေးနွေးခဲ့သည်။
“ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြသွားတဲ့ ခုံရုံးဥက္ကဌရဲ့စကား မှာ ကော်မတီ၊ ကော်မရှင်များနဲ့ ပြည်ထောင်စုဝန်ကြီးများ မည်သူက အဆင့်နိမ့်သည်၊ မည်သူက အဆင့်မြင့်တယ်ဆိုတာ သတ်မှတ် ထားတာမရှိပါဘူးဆိုတဲ့ အပြောဟာ လွယ်ကူသလောက် လက်တွေ့မှာ ပြည်ထောင်စုဝန်ကြီးနဲ့ ကော်မတီများကြား ဖြေရှင်းနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ အခြေခံဥပဒေအရ လုပ်နေတာဖြစ်ပါတယ်။ ခုံရုံးရဲ့ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်တယ် လို့ ပြောနေကြပါတယ်။ အဲဒါဆိုရင် ကျွန်တော်တို့က ခုံရုံးကိုပဲ အားကိုးဖွယ်ရာဖြစ်နေပါတယ်။ ခုံရုံးကလည်း ဥပဒေအရပဲ လုပ်ရ ပါမယ်။ ဥပဒေကို ကျော်လွန်ပြီး လုပ်လို့မရပါဘူး” ဟု ချင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက အဆို ကို ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါစွပ်စွဲပြစ်တင်မှုအဆို ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး က ပြန်လည်ရှင်းလင်းခဲ့ရာတွင် “ ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုးစွက်ဖက်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှား ပေါ်လွင်နေပါတယ်။ ဒါဟာ နိုင်ငံကို ပျက်စီးစေခြင်း အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေပြု အမတ်များက အမှန်အမှား မဲခွဲ ဆုံးဖြတ်ခြင်းဟာ ကမ္ဘာမှာ အစဉ်အလာမရှိပါဘူး။ တရားရုံးရဲ့ စီရင်ခွင့်ကို ပြင်ပမှာ မဲခွဲဆုံးဖြတ်တာ ဟာ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို မျက်ကွယ်ပြုခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ဆုံးဖြတ်ချက်ကို မလိုက် နာဘဲ အတိအလင်း စွက်ဖက်ခြင်း ဖြစ်တယ်ဆိုတာ အထင်အရှားဖြစ် လာပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်ဆီးခြင်းလည်း ဖြစ် ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပစ်ပယ်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ လိုအင်ဆန္ဒကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ယခုလွှတ်တော်ရဲ့ ဆောင်ရွက်ချက်များဟာ သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက် ညီတဲ့ အဆိုရှင်ရဲ့ အဆိုကို ကန့်ကွက်ကြောင်း တင်ပြအပ်ပါ တယ်” ဟု ပြောကြားခဲ့သည်။
အဆိုကို အတည်ပြုရန်မဲခွဲ ဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှလွဲ၍ ကျန်ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့ကြပြီး ထောက်ခံသူ ဦးရေမှာ ၁၆၃ ဦး ဖြစ်သည့်အတွက် လိုအပ်သည့် ထောက်ခံမဲ သုံးပုံ နှစ်ပုံဖြစ်သည့် ၁၄၉ မဲကို ကျော် လွန်သည့်အတွက် အဆိုကို အတည်ပြုကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ကြေညာခဲ့သည်။
Eleven Media Group