တရုတ်ပြည်ရှိ ကချင်ဒုက္ခသည်များ သြဂုတ်လ၂၀ရက်နေ့က ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ် Photo - WPN
တရုတ်ပြည်ရှိ ကချင်ဒုက္ခသည်များနေထိုင်ရာ ဒုက္ခသည်စခန်းအား တွေ့ရစဉ် Photo - WPN
''လက်ရှိ တရုတ်ဘက်ကနေ ကချင်ပြည်နယ်ထဲကို ပြောင်းဖို့ အကြောင်းကြားထားတဲ့သူ အားလုံးနီးပါး ပြောင်းနေကြပြီ။ နာကောင်းကောင်(Na Kawng Kawng) စခန်းတစ်ခုပဲ ကျန်ခဲ့တာပါ။ အမှန်က အဲဒီမှာရှိတဲ့ စခန်းလေးခုကလည်း မိုးရာသီကုန်မှ ပြောင်းဖို့ လုပ်ထားပြီးသား။ ဒါပေမယ့် ပြောင်းခိုင်းတာပဲ။ အခုကျတော့ တရုတ်ဘက်က အလျင်အမြန် ပြောင်းခိုင်းနေတာတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့သူတွေ၊ မီဒီယာတွေ၊ နိုင်ငံတကာကသူတွေကကော ၀ိုင်းပြောကြတော့ သူတို့ဘက်က ခဏရပ်ထားတဲ့သဘောပါ။ ဘယ်တော့ ပြန်ပြောင်းခိုင်းမလဲဆိုတာတော့ အတိအကျ မသိသေးပါဘူး''ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက ပြောပြခဲ့သည်။
ကချင်ပြည်နယ်အတွင်းသို့ ပြောင်းရွှေ့လာသည့် ဒုက္ခသည် ၅၄၀၀ ကျော်အနက် တရုတ်ပြည် လားရင်းစခန်းမှ အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၁၀၀၀ ကျော်မှာ ယခင် ၄င်းတို့နေထိုင်ရာ ရွာများသို့ သွားရောက်နေကြကြောင်း သိရသည်။
''အခု လားရင်းက ပြောင်းလာတဲ့သူတွေကို ထားပေးတဲ့စခန်းက သူတို့ အရင်ကနေခဲ့တဲ့ ရွာနဲ့အရမ်းဝေးတဲ့အတွက် သူတို့မနေချင်ဘူး။ ဒါကြောင့် အရင်နေခဲ့တဲ့ရွာဟောင်းကို ပြန်ကြတယ်။ ရွာဟောင်းကို ပြန်နေတဲ့အခါ အဲဒီဒေသကို စစ်ကြောင်း ပြန်ထိုးရင် သူတို့ ပြန်ခံရနိုင်တယ်။ မြေမြုပ်မိုင်းအန္တရာယ်တွေ ရှိတယ်။ အဲဒီအခါ သူတို့ ဘယ်ကိုပြန်ပြေးမလဲဆိုတာ မပြောတတ်ဘူး။ နောက်အဲဒီရွာဟောင်းမှာ စားစရာ လုံးဝမရှိဘူး''ဟု ၄င်းက ဆက်လက်ပြောပြခဲ့ သည်။လက်ရှိ ပြောင်းရွှေ့ရန် ရွှေ့ ဆိုင်းထားသည့် နာကောင်းကောင် (Na Kawng Kawang)စခန်းတွင် လူဦးရေ ၄၀၀ကျော်ရှိကြောင်း သိရသည်။
Eleven Media Group